စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၇)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၇)

အမှတ်စဉ်(၇)

    မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ မြန်မာ့ရေနံနဲ့  သဘာဝဓာတ်ငွေ့သိုက်တွေကို လေ့လာရင် ကုန်းတွင်းနဲ့ကမ်းလွန်ဆိုပြီး နှစ်မျိုးတွေ့ရမှာပါ။ ကုန်းတွင်းမှာ ဘူမိချိုင့်ဝှမ်း(Basin) ၁၄ ခုရှိပြီး ကမ်းလွန်မှာ သုံးခုရှိပါတယ်။

ကုန်းတွင်းချိုင့်ဝှမ်းကြီး ၁၄ ခုဟာ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်တို့မှာ   အများစုလွှမ်းခြုံနေကြပါတယ်။  ကမ်းလွန်ချိုင့်ဝှမ်းကြီး သုံးခုကိုတော့ တနင်္သာရီကမ်းလွန်၊ ဧရာဝတီ-ရန်ကုန်ကမ်းလွန်၊ ရခိုင်ကမ်းလွန်ဆိုပြီး ပိုင်းခြားထားပါတယ်။

ဒီလုပ်ကွက်တွေမှာ ကုန်းတွင်းက  အကွက်တွေကိုတော့ ထုတ်လုပ်မှုအပေါ် ခွဲဝေစာချုပ် (Production Sharing Contract-PSC) အခြေခံပြီး   ကမ်းလွန်လုပ်ကွက်တွေကိုတော့  တူးဖော်ရှာဖွေခြင်း စာချုပ် (Improved Petroleum Recovery -IPR)  နဲ့ PSC  နှစ်မျိုးစလုံး သုံးပြီး  ဆောင်ရွက်ပါတယ်။ စာချုပ်အမျိုးအစားအလိုက် လုပ်ကွက်တွေကတော့ (၂၀၁၈၊ မတ်လ) အောက်ပါအတိုင်းတွေ့ရမှာပါ။

PSC စာချုပ်

- ကုန်းတွင်း    ၂၆ ကွက်    ကုမ္ပဏီ  ၁၇ ခု

- ကမ်းလွန်     ၁၈ ကွက်  ကုမ္ပဏီ  ၁၉ ခု

IPR စာချုပ်

- ကုန်းတွင်း    ၅ ကွက်    ကုမ္ပဏီ   ၃ ခု ဒီလုပ်ကွက်တွေ စာချုပ်ချုပ်ထားတဲ့ အထဲက လက်ရှိထုတ်လုပ်မှုလုပ်နေတဲ့ ကမ်းလွန်စီမံကိန်းများကို ဦးစားပေး ဖော်ပြပါမယ်။

ကမ်းလွန်စီမံကိန်းများ

ကမ်းလွန်လုပ်ကွက်တွေထဲမှာ လက်ရှိထုတ်လုပ်မှု လုပ်နေတဲ့ စီမံကိန်း လုပ်ကွက်ကြီးတွေကတော့ ၄ ခု ရှိပါတယ်။ အခြေအနေကို ဖော်ပြရရင်-

(က) ရတနာသဘာဝဓာတ်ငွေ့

ရတနာသဘာဝဓာတ်ငွေ့မြေဟာ မြန်မာ့ကမ်းလွန် ကပ္ပလီပင်လယ်ပြင် (Andaman Sea) မှာ တည်ရှိပါတယ်။ မြေပုံညွှန်းကတော့ မြောက်လတ္တီကျူ့ ၁၅ ဒသမ ၁၂၃ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျူ့ ၉၄ ဒသမ ၇၃၈ (15.123 N,94. 783 E) မှာ တည်ရှိပါတယ်။ အနီးဆုံးမြန်မာ့ကမ်းခြေနဲ့ ၃၇ မိုင် ကွာဝေးပါတယ်။

ထုတ်လုပ်သူ (Operator) ဟာ ပြင်သစ်အခြေစိုက် TOTAL S.A ကုမ္ပဏီဖြစ်ပြီး ဖက်စပ် (Share) ပိုင်ဆိုင်မှုတွေကတော့ -

TOTAL (ပြင်သစ်)   ၃၁.၂၄ ရာခိုင်နှုန်း

Cheuron-Unoca    ၂၈.၂၆ ရာခိုင်နှုန်း

(အမေရိကန်)

PTTEP (ထိုင်း)                ၂၅.၅၀ ရာခိုင်နှုန်း

MOGE (မြန်မာ)              ၁၅.၀၀ ရာခိုင်နှုန်း

အသီးသီးပိုင်ဆိုင်ကြပါတယ်။  ဓာတ်ငွေ့သိုက်ကို ၁၉၈၀ ပြည့်နှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ်။  ဒါပေမဲ့ ဖော်ထုတ်မှု (Development) ကို ၁၉၉၅ ခုနှစ်ကျမှ ဆောင်ရွက်နိုင်ခဲ့ပြီး ထုတ်လုပ်မှု (Production) ကိုတော့ ၁၉၉၈ ခုနှစ်ကျမှ  ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဓာတ်ငွေ့တွေ့ရှိမှုနဲ့  ထုတ်လုပ်နိုင်မှုမှာ ၁၈ နှစ်ထိ အချိန်ယူသွားတာကို သတိပြုမိကြမှာပါ။

ဓာတ်ငွေ့သိုက်ရဲ့ ပမာဏဟာ  ကုဗမီတာဘီလျံ ၁၅၀ (၅၃၀၀ ဘီလျံကုဗပေ) ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီထဲကနေ နေ့စဉ်ကုဗမီတာ သန်း ၂၀ (၇၀၀ ကုဗပေသန်း) ထုတ်လုပ်မယ်လို့ မျှော်မှန်းခဲ့တဲ့ ဓာတ်ငွေ့မြေတစ်ခုဖြစ်ပါတယ်။  ဓာတ်ငွေ့သိုက်ကို ဒီနှုန်းအတိုင်း ထုတ်သုံးရင် ၂၂ နှစ်ခန့် ထုတ်လုပ်ရရှိနေမယ်လို့ ခန့်မှန်းခဲ့တယ်။

ဒီဓာတ်ငွေ့တွင်း တည်ရှိနေရာဟာ  ပင်လယ်ရေအနက် ပျမ်းမျှ ၄၀ မီတာ (၁၃၀ ပေခန့်) ရှိပြီးတော့ ပင်လယ်ကြမ်းပြင်အောက် အနက်မီတာ ၁၃၀၀ (၄၃၀၀ ပေ) ခန့်ထိ တူးဖော်ထားရတဲ့ တွင်းဖြစ်တယ်။ ဒီတွင်းကနေ ရေအောက်ကြမ်းပြင်အတိုင်း ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုနဲ့ သွယ်တန်းယူသွားပါတယ်။ တစ်ခုကိုတော့ တနင်္သာရီဒေသ ကန်ပေါက်(ထားဝယ်) ဆိပ်ကမ်းအထိ သွယ်ထားပြီး ကုန်းပေါ်ကတစ်ဆင့်   ထိုင်းနိုင်ငံထိ

ဓာတ်ငွေ့ပို့လွှတ်နေပါတယ်။ ပိုက်လိုင်းဟာ ရေထဲမှာ ၃၄၆ ကီလိုမီတာ (၂၁၅ မိုင်) ရှည်ပါတယ်။  ကုန်းပေါ်မှာ ၆၃ ကီလိုမီတာ (၃၉ မိုင်) အရှည်ရှိတဲ့ ပိုက်လိုင်းကို ဆက်ဆွဲပြီး ထိုင်းနိုင်ငံနယ်စပ် (နတ်အိမ်ထောင်)အထိ  ပို့လွှတ်ထားပါတယ်။    ထိုင်းနယ်စပ်အထိ ပိုက်လိုင်း စုစုပေါင်းအရှည်ဟာ  ၄၀၉  ကီလိုမီတာ (၂၅၄ မိုင်) ရှည်ပါတယ်။ ပိုက်ရဲ့အချင်းဟာ ၃၆ လက်မ ရှိပါတယ်။ ပိုက်လိုင်းသွယ်တန်းမှု ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကုန်ကျခဲ့ပြီး နေ့စဉ်ကုဗပေသန်း ၅၀၀ နှုန်းထိ ပို့လွှတ်နိုင်ပါတယ်။

ဒုတိယပိုက်လိုင်းကတော့  ဓာတ်ငွေ့တွင်းကနေ ရန်ကုန်မြို့ထိ သွယ်ထားတဲ့  ပိုက်လိုင်းဖြစ်ပါတယ်။ ဒီပိုက်လိုင်းမှာ နှစ်ပိုင်းပါပါတယ်။ ရေအောက်ကြမ်းပြင်မှာ ၁၅၁ ကီလိုမီတာ (၉၄ မိုင်) အလျားရှိပြီး ကုန်းပေါ်မှာ နောက်ထပ် ၁၃၆ ကီလိုမီတာ (၈၅ မိုင်) အလျားရှိပါတယ်။ ဒီအပိုင်းမှာ သယ်နိုင်တဲ့ ဓာတ်ငွေ့ပမာဏဟာ နေ့စဉ်ကုဗပေသန်း ၁၅၀ ရှိပါတယ်။ ဒီပိုက်လိုင်းကို ၂၀၁၀ ခုနှစ် ဇွန်လ ၁၂ ရက်နေ့မှာ ဓာတ်ငွေ့စတင်ပို့လွှတ်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ပိုက်လုံးအချင်းက ၂၄ လက်မရှိပါတယ်။

ဆက်လက်ဖော်ပြပါမည်။