စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၈)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၈)

အမှတ်စဉ်(၈)

    ၂၀၁၄ ခုနှစ်ကစပြီး ရတနာဓာတ်ငွေ့မြေ လုပ်ကွက် M 5 နဲ့ M 6မှာ ပတ္တမြား (Badamyar) လို့ အမည်ပေးထားတဲ့ တွင်းကိုဆက်ပြီး ဆောင်ရွက်ရန် စီမံခဲ့ပါတယ်။ ဒီတွင်းကနေ ၂၀၂၁ ခုနှစ်လောက်မှာ ဓာတ်ငွေ့ထွက်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒီအလုပ်ကိုလည်း TOTAL ကုမ္ပဏီကပဲ ဦးဆောင်လာတာ ဖြစ်ပါတယ်။ ပတ္တမြားဓာတ်ငွေ့တွင်းရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုတွေကတော့ -

TOTAL (ပြင်သစ်)             ၃၁.၂၄ ရာခိုင်နှုန်း

Cheuron-Unoca             ၂၈.   ၃ ရာခိုင်နှုန်း

(အမေရိကန်)

PTTEP (ထိုင်း)                ၂၅.၃၅ ရာခိုင်နှုန်း

MOGE (မြန်မာ)              ၁၅.  ၀ ရာခိုင်နှုန်း

အသီးသီးဖြစ်ပါတယ်။

ပတ္တမြားကတော့ ဒီနေ့ထိ ဓာတ်ငွေ့ ထွက်ရှိခြင်း မရှိသေးသလို ၂၀၂၁ မှာ ထွက်ရှိပါမယ်ဆိုတာကလည်း ခန့်မှန်းတာသာ ဖြစ်ပါတယ်။ ဒါကိုမျှော်မှန်းနေတဲ့ ထိုင်းဟာလည်း လည်ပင်းတော်တော်ရှည်နေပါပြီ။ ရှေ့မှာ ဖော်ပြခဲ့သလို စီးပွားရေးကို ပညာသားပါပါ လုပ်နေကြတဲ့ ရေနံကုမ္ပဏီတွေရဲ့ လှည့်ကွက်တွေကို သိဖို့ခက်မှာပါ။

(ခ) ရဲတံခွန် သဘာဝဓာတ်ငွေ့မြေ

ရဲတံခွန် သဘာဝဓာတ်ငွေ့မြေဟာ မြန်မာနိုင်ငံအတွက်  ဒုတိယမြောက် တူးဖော်တွေ့ရှိခဲ့တဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။      တည်နေရာကတော့    ကပ္ပလီ ပင်လယ်ပြင် (Adaman Sea) တနင်္သာရီ ကမ်းလွန်မှာ ဖြစ်ပါတယ်။ နိုင်ငံက သတ်မှတ်ထားတဲ့ ရေနံ/သဘာဝဓာတ်ငွေ့ လုပ်ကွက်နဲ့ ပြောရင်တော့ M 12, M 13, M 14  လုပ်ကွက်များထဲမှာ ရှိပါတယ်။ မြေပုံညွှန်းနဲ့ ပြောရင်တော့ မြောက်လတ္တီတွဒ်၁၃ ဒသမ ၀၇၂ ဒီဂရီနဲ့ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၈၇၃ ဒီဂရီမှာ ရှိပါတယ်။

ဒီဓာတ်ငွေ့သိုက်ကို ထုတ်လုပ်သူကတော့ မလေးရှားနိုင်ငံ အခြေစိုက် Petronas ကုမ္ပဏီဖြစ်ပါတယ်။ ဖက်စပ် (Share) ပါဝင်နေတဲ့ ကုမ္ပဏီတွေကတော့ -

Petronas (မလေးရှား)     ၄၀.၉၁ ရာခိုင်နှုန်း

PTTEP (ထိုင်း)                ၁၉.၃၂ ရာခိုင်နှုန်း

Nippon Oil  (ဂျပန်)        ၁၉.၃၂ ရာခိုင်နှုန်း

MOGE (မြန်မာ)              ၂၀.၄၅ ရာခိုင်နှုန်း

အသီးသီး ဖြစ်ပါတယ်။

မူလက Tazaco (အမေရိကန်) က ၅၀ ရာခိုင်နှုန်းနဲ့ Premier Oil (ဗြိတိသျှ) ၃၀ ရာခိုင်နှုန်း၊ Nippon Oil ၂၀ ရာခိုင်နှုန်းနဲ့ စခဲ့တာဖြစ်ပေမယ့် ၁၉၇၇ ခုနှစ်မှာ Tazacoနုတ်ထွက်သွားပြီး ၂၀၀၂ ခုနှစ်မှာ Premier  နုတ်ထွက်သွားခဲ့တဲ့အတွက် Petronas  ဟာ အဓိက ထုတ်လုပ်သူ (Operator) ဖြစ်လာခြင်းဖြစ်ပါတယ်။ ဒီဓာတ်ငွေ့သိုက်ကို   စတင်တွေ့ရှိခဲ့တာဟာ ၁၉၉၂ ခုနှစ်က ဖြစ်ပါတယ်။ အကောင်အထည်ဖော်ခြင်း (Development) ကိုတော့ ၁၉၉၆၊ ၁၉၉၇ ခုနှစ်မှာ စတင် ဆောင်ရွက်နိုင်ခဲ့ပြီး ဓာတ်ငွေ့ထုတ်လုပ်ခြင်း (Production) ကိုတော့ ၂၀၀၀ ပြည့်နှစ်ရောက်မှ ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ Development လုပ်တဲ့အချိန်ကစပြီး ၁၃ နှစ်ကြာမှ Production  လုပ်နိုင်တာဖြစ်ပါတယ်။ ဓာတ်ငွေ့သိုက် ပမာဏဟာ ကုဗမီတာဘီလျံ ၉၁ (၃၂၀၀ ဘီလျံ ကုဗပေ) ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ရဲတံခွန်ဓာတ်ငွေ့မြေကနေ ထိုင်းနိုင်ငံကို ကန်ပေါက် (ထားဝယ်) ဆိပ်ကမ်းကနေ တစ်ဆင့် နေ့စဉ်ဓာတ်ငွေ့ ကုဗပေသန်း ၄၀၀ ပေးပို့ဖို့ သီးခြားဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် ၁၅ နှစ်အကြာ ၂၀၁၇ ခုနှစ် မတိုင်မီမှာ နေ့စဉ် ကုဗပေသန်း ၂၅၀ သာ ပို့လွှတ်နိုင်တော့ရာ ကနေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ နေ့စဉ်ကုဗပေ သန်း ၂၀၀ သာ ထုတ်လုပ်ပေးနိုင်တော့တဲ့ အတွက် နှစ် ၂၅/၃၀ ခံပါမယ်လို့ တွက်ချက်ထားခဲ့တဲ့ ဓာတ်ငွေ့သိုက်ဟာ ၁၆ နှစ်အတွင်းမှာ  ခေါက်ချိုးကျဆင်း သွားခဲ့တာကြောင့် ပညာရှင်ဆိုသူများနဲ့ အစုရှယ်ယာ စိုက်ထုတ် ကျခံထားသူများ ခေါင်းချင်း ရိုက်ကုန်ပါပြီ။

ထိုင်းဘက်ကလည်း   ဓာတ်ငွေ့နဲ့လည်ပတ်နေတဲ့ မဂ္ဂါဝပ်ထောင်ကျော် ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံပိုင်ရှင်တွေ  မျက်ဖြူဆိုက်လာကြပါပြီ။  ဒီကိစ္စ ဒီလိုသာသွားရင် နောက်သုံးနှစ်မှာ ဓာတ်ငွေ့ နေ့စဉ် ကုဗပေ သန်း ၁၀၀ တောင် ထွက်ပါတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ထိုင်းနိုင်ငံဘက်မှာ ဖြစ်လာနေပါပြီ။

ဒီကိစ္စ ဘယ်လိုဖြေရှင်းမလဲ။ ဓာတ်ငွေ့ပိုက်လိုင်းကြီးကလည်း ရင်းထားရသေးတယ်။ နောက်ထပ်ကမ်းလွန်က ရေနံတွင်း ဓာတ်ငွေ့တွင်းတွေဖြစ်တဲ့ M 5 နဲ့ M 6 မှ ပတ္တမြားတွင်းကလည်း နောက် ငါးနှစ်ကနေ ခုနစ် နှစ်ထိသုံးလို့ရတဲ့ အဆင့်မရောက်နိုင်သေးပါဘူး။

ဒါဆိုရင် လုပ်လို့ရတာက ထိုင်းရဲ့အစီအစဉ်နဲ့ ထားဝယ်မှာ LNG Regasification Plant တစ်လုံး အမြန်တည်ပြီး ထိုင်းကို  သဘာဝဓာတ်ငွေ့  အချိန်မီပေးနိုင်တဲ့ ထွက်ပေါက် တစ်ခုတော့ ရှိပါတယ်။

ဇောတိကသဘာဝ ဓာတ်ငွေ့မြေ

ဇောတိကသဘာဝဓာတ်ငွေ့မြေဟာ  မုတ္တမပင်လယ်ကွေ့မှာ တည်ရှိပါတယ်။ ဇောတိကဓာတ်ငွေ့မြေဟာ ရန်ကုန်ရဲ့တောင်ဘက် ကီလိုမီတာ ၃၀၀ ခန့်နဲ့ ထားဝယ်ရဲ့ အနောက်ဘက် ၂၉၀ ကီလိုမီတာခန့်မှာ တည်ရှိပါတယ်။ တူးတဲ့နေရာမှာ ရေအနက် မီတာ ၁၅၀ ဝန်းကျင်ရှိပါတယ်။ ကမ်းလွန်လုပ်ကွက်M 9 ထဲမှာ အဓိကရှိပြီး အနည်းငယ်ကတော့ M 11 ထဲမှာ ကျရောက်နေပါတယ်။ ဓာတ်ငွေ့မြေက ဇောတိက၊ ကာကိုနနဲ့ ဂေါသိက အားလုံးပေါင်းစုနေပါတယ်။

ရှာဖွေမှု (Development) သဘောတူစာချုပ်ကိုတော့ ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ရောက်မှ ထုတ်လုပ်မှု (Production)စပြီး   လုပ်နိုင်တာပါ။  ရှာဖွေမှု လုပ်ငန်းစဉ်ဟာ ၁၁ နှစ်တောင် ကြာခဲ့ပါတယ်။

အဓိက ထုတ်လုပ်သူ (Operator) က PTTEP (ထိုင်း) ဖြစ်ပြီး အစုစပ် ပါဝင်မှုကတော့ PTTEP  က ၈၀ ရာခိုင်နှုန်းနဲ့ MOGE (Myanmar) က ၂၀ ရာခိုင်နှုန်းပါပါတယ်။

၂၀၁၄ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံကို နေ့စဉ်ကုဗပေသန်း ၆၀ နှုန်း စတင် ပို့လွှတ်ပြီး သြဂုတ်လကစပြီး  ထိုင်းနိုင်ငံကို  နေ့စဉ်ကုဗပေသန်း ၂၄၀ ပို့လွှတ်ပါတယ်။ ဒါကဇောတိကပါ။

ဂေါသိက-၁ (Gawthika) ကတော့ အနက်ပေ ၃၈၀၀ မီတာကနေ နေ့စဉ် ကုဗပေသန်း ၉ ဒသမ ၄ သန်း ထွက်နေပါတယ်။

ကာကိုန-၁ (Kakona) တွင်းကတော့ စမ်းသပ်မှု နှစ်ခုမှာ နေ့စဉ် ကုဗပေ ၂၀ ဒသမ ၂ သန်းနဲ့ ၈ ဒသမ ၆ သန်း ထွက်မယ်လို့ ပြောကြပါတယ်။

ဒီလိုပဲ ဇောတိက ၂၊ ၃၊ ၄၊ ၅ ဆိုတဲ့ တွင်းတွေကလည်း မြေတွင်းအနက်မီတာ ၂၃၀၀ ကနေ ၃၅၀၀ ဝန်းကျင် တူးထားပြီး နေ့စဉ်ကုဗပေသန်း ၁၀၉ ဒသမ ၅၊ ၂၆ ဒသမ ၇ နဲ့ ၃၈ ဒသမ ၃၆ အသီးသီး ထွက်မယ်လို့ အစမ်းတွင်းတွေကနေ သိရတယ်လို့ ဆိုပါတယ်။ ဒါတွေဟာ သေချာတဲ့ ဂဏန်းတွေတော့ မဟုတ်ပါဘူး။

ဇောတိကရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကလည်း ထိုင်းကိုပို့တာဖြစ်ပြီး ယနေ့ဆိုလျှင်   နေ့စဉ်ထိုင်းကို ကုဗပေသန်း ၂၂၀ နဲ့ ပြည်တွင်းသုံး ၇၀ ပို့နေပါတယ်။ ၂၈ လက်မအချင်း ဓာတ်ငွေ့ပိုက်လိုင်းနဲ့ ရေထဲမှာ ကီလိုမီတာ ၂၃၀ နဲ့ ကုန်းပေါ်မှာ ၇၀ ကီလိုမီတာဆွဲပြီး ထိုင်းကိုပို့ပါတယ်။

ထိုင်းကိုတင်ပို့တဲ့ ဓာတ်ငွေ့ဈေးနှုန်းဟာ 14.5 US Dollar/mmbtu ဖြစ်တဲ့အတွက်   အခြားဓာတ်ငွေ့တွင်းများရဲ့ ဈေးနှုန်းထက်ပိုရသလို ဖြစ်နေပါတယ်။ ဒီဓာတ်ငွေ့မြေ တစ်ခုလုံးမှာရှိတဲ့ ဓာတ်ငွေ့သိုက်ပမာဏဟာ ဘီလျံ ကုဗပေ ၁၄၀၀၊ (၃၉ ဘီလျံ ကုဗမီတာ) ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

ရွှေသဘာဝဓာတ်ငွေ့မြေ (Shwe Gas Field)

    ရွှေသဘာဝဓာတ်ငွေ့မြေဟာ    မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန်ဘင်္ဂလား ပင်လယ်အော်မှာ တည်ရှိပါတယ်။ ကမ်းလွန်လုပ်ကွက်အမှတ် A 1, A 3 မှာ ရှိပါတယ်။ ၂၀၀၄ ခုနှစ်ကစပြီး တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဓာတ်ငွေ့သိုက် တစ်ခုလုံးမှာ ခန့်မှန်းဓာတ်ငွေ့ ၉၁၀၀ ဘီလျံ ကုဗပေ (၂၆၀ ဘီလျံကုဗမီတာ) ရှိမယ်လို့ ခန့်မှန်းပါတယ်။ ၂၀၁၃ ခုနှစ်မှာ  ဓာတ်ငွေ့စတင် ထုတ်လုပ်ခဲ့ပါတယ်။ ဒီဓာတ်ငွေ့သိုက်က  နေ့စဉ် ကုဗပေသန်း ၆၅၀ ထွက်ရှိနေရာမှ တရုတ်ပြည်ကို ကုဗပေသန်း ၅၅၀ ပို့ပြီး ပြည်တွင်းအတွက် ကုဗပေ သန်း ၁၀၀ သုံးဖို့ စီစဉ်ထားတာပါ။

၂၀၀၀ ပြည့်နှစ် သြဂုတ်လနဲ့ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွေမှာ A 1 နဲ့ A 3 အတွက် ဒေဝူးအပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ (Daewoo Internationalူ) နဲ့ အကျိုးအမြတ်ခွဲဝေရေး   သဘောတူ လက်မှတ်တွေ ရေးထိုးခဲ့ကြပါတယ်။

ဆက်လက်ဖော်ပြပါမည်။