နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲများကို MRTV ရုပ်သံလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့်မည်

နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲများကို MRTV ရုပ်သံလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့်မည်

နေပြည်တော် ဒီဇင်ဘာ ၃၀

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင် စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် နိုင်ငံတကာ နှစ်သစ်ကိုကြိုဆိုသည့် ဂီတဖျော်ဖြေပွဲ (New Year Countdown Music Show)များကို ဒီဇင်ဘာ ၃၁ ရက်ညတွင် နေပြည်တော် ရေပန်းဥယျာဉ်၌ လည်းကောင်း၊ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ လည်းကောင်း၊ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်း၌ လည်းကောင်း ကျင်းပ ကြမည်ဖြစ်သည်။

အဆိုပါဖျော်ဖြေပွဲတွင် နိုင်ငံကျော်အဆိုတော်များ ပါဝင်တင်ဆက်ခြင်း၊ နှစ်သစ်ကူး ချိန်ဖြစ်သည့် ည ၁၂ နာရီတွင် နှစ်သစ်ကူးပြောင်းရန် အချိန်ရေတွက်ကြေညာ၍ Countdown ပြုလုပ်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်သည့် ပုံရိပ်များအား LED ဖြင့် အစားထိုး ဖွင့်လှစ်ပြသခြင်းတို့အပြင် Night Market  ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ ခြင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြ မည်ဖြစ်သည်။

ထိုကဲ့သို့ နေပြည်တော် ရေပန်းဥယျာဉ်၌ ကျင်းပမည့် နှစ်သစ်ကိုကြိုဆိုသည့် ပျော်ပွဲရွှင်ပွဲ အစီအစဉ်တွင် Unplugged တီးဝိုင်း များဖြင့် နိုင်ငံကျော် အဆိုတော်များဖြစ်သည့် မြန်မာပြည်သိန်းတန်၊  D ဖြိုး၊ ဂျေမိုင်းမိုင်တို့ ၏ ဖျော်ဖြေမှုများကို  MRTV ၏ Farmer's Channel တွင် လည်းကောင်း၊ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ကျင်းပမည့် ပျော်ပွဲရွှင်ပွဲအစီ အစဉ်တွင် GREAT  NINE  MUSIC  BAND ၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် အဆိုတော်များဖြစ်သည့် အကယ်ဒမီများရှင်  ရန်အောင်၊ အကယ်ဒမီများရှင် ရဲအောင်၊ အကယ်ဒမီများရှင် မေသန်းနု၊ စတူဒီယိုတေး သံရှင် ဂျက်မြသောင်း၊ ပြည်မိုး၊ စိန်လင်း၊ ရုပ်ရှင်သရုပ်ဆောင် ဘုန်းလျှံ၊ လှမျိုးသဉ္စာနွယ်၊ ပွင့်နဒီမောင်၊ သဉ္စာမြင့်မိုရ်၊ စိုးသီဟ၊  ရုပ်ရှင်သရုပ်ဆောင်/တေးသံရှင် ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊ တူယှဉ်နွှဲပျော်ဂီတပွဲတော်မှ စိုးထက်အောင်၊ ထွန်းပပအောင်၊ ပူတူးနှင့် ပြုံး အသင်္ချေ၊ ယွန်းသီရိကျော်၊ မျိုးဆက်သစ် တေးသံရှင်များစွာ ပါဝင်တင်ဆက်သွားမည့် ဖျော်ဖြေမှုများကို MRTV ၏ Sports Channel တွင်လည်းကောင်း၊ မန္တလေး မန္တလာသီရိ အားကစားကွင်း၌ နိုင်ငံကျော် အဆိုတော်များ ပါဝင်တင်ဆက်မည့် ဖျော်ဖြေတင်ဆက်မှုများကို MRTV ၏ Parliament Channelတွင် လည်းကောင်း၊ ဖျော်ဖြေပွဲ  စတင်ချိန် ည ၆ နာရီမှ အစီအစဉ်ပြီးစီးသည်အထိ တိုက်ရိုက်(Live) ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း၊ MRTV HD Channel တွင် ည ၈ နာရီ သတင်းများအပြီးမှ စတင်၍ အစီအစဉ်ပြီးစီးချိန်အထိ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပသည့် ဂီတဖျော်ဖြေပွဲ Live Show အစီအစဉ်များကို ပေါင်းစပ်၍ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရသည်။