ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ                         

                 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး                                         

                   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်                                                    

   (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်)                 

၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၃၁ ရက်

၁။      တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်အထိ  ၄ နှစ်ကျော်ကာလတိုင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် ထုတ်ပြန်ချက် ပေါင်း(၂၁)ကြိမ် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ် များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်စဲပေးခဲ့သည်။

၂။      တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့်အညီ နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းထမ်းဆောင်ခဲ့ရသည်မှာ တစ်နှစ်နှင့် ၁၁ လကာလသို့ ရောက်ရှိခဲ့ ပြီဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ဆောင်ရွက် လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ်၏ စတုတ္ထအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်”ဟူသော လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက်  ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိသည်။

၃။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့သမိုင်းတွင် ထူးခြား လေးနက် သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကြီးကို ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးနှင့် အတူတကွ ခမ်းနားစွာကျင်းပနိုင်ခဲ့ပြီး ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် အရေးအကြီးဆုံးဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကို တိုင်းရင်းသားပြည်သူအားလုံး၏ စိတ်တွင်း၌ ကိန်းဝပ်ရှင်သန်နေစေရေး ဆောင်ရွက်နိုင်ခဲ့သည်။ 

၄။      ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည်လည်း နိုင်ငံ့သမိုင်းတွင် လေးနက်သည့် အဓိပ္ပါယ်များနှင့် ပြည့်စုံနေသည့် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီး ချိန်မှစ၍ သဘောထား ကွဲလွဲမှုများအပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်ခဲ့ သည့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့်  ၇၅ နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ် သည့် လွတ်လပ်ရေး၏ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝ မခံစား ရသေးသည်ကိုလည်း တွေ့မြင်နိုင်မည် ဖြစ်သည်။ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ကို ဖြေရှင်းနိုင်မှသာလျှင် ဒီမိုကရေစီ ၏ အနှစ်သာရ၊ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်မည်ဖြစ်သည်။

၅။      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများနှင့် မိဘပြည်သူများသို့ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ရပ် ကို ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးကိစ္စရပ်များကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် ကိုယ်တိုင်တွေ့ဆုံ၍ ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ခဲ့ သည်။ ထိုသို့ ဖိတ်ခေါ်ခဲ့ရာ ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် DKBA၊ KNU-KNLA/PC၊ PNLO၊ NMSP၊ ALP၊ RCSS(SSA)၊ LDU စသည့် အဖွဲ့ ခုနှစ်ဖွဲ့နှင့် လက်မှတ် ရေးထိုးခြင်း မပြုရသေးသည့် UWSA၊ NDAA၊ SSPP(SSA) စသည့် အဖွဲ့ သုံးဖွဲ့၊ စုစုပေါင်း အဖွဲ့ ၁၀ တို့မှ ကိုယ်စားလှယ်အဖွဲ့များနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

၆။      ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် စစ်မှန်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့နှင့် ပတ်သက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များ၊ ဒေသ နှင့် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်ပြီး ဖြစ်နိုင်သည်များနှင့် ဖြစ်သင့်ဖြစ်ထိုက် သည်များကို ပွင့်လင်းစွာဖြင့် အကြေအလည် ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုအကျိုးကို ရှေးရှု၍ အမြင်ကျယ်ကျယ်ဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့ကြကာ အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလာဒ်များကို ဖော်ဆောင်နိုင်ခဲ့သည်။ ဆက်လက်၍လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို  ဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့ကို အခြေခံသည့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်ဖော်ဆောင် သွားမည်ဖြစ်သည်။

၇။      သို့ဖြစ်ပါ၍ လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး လိုလား တောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေး နှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော် အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်အပ်ပါသည်။

၈။      တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ပန်းတိုင် ကို ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဟူသည့် ဒီမိုကရေစီကျင့်စဉ်နှင့် အညီ လျှောက်လှမ်းကြ ရမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေကြသည့် အဖွဲ့ အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်တွေ့ ကျကျ တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် တပ်မတော်မှ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုများကို ရပ်စဲပေးထားသည့်ကာလအတွင်း ပြည်ထောင်စုအကျိုးကို ရှေးရှု ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။  

 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး