နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

     ယနေ့ကျရောက်တဲ့ ၂၀၂၃ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပြီး ဘေးဘယာများ ဝေးကွာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သလိုက်ရပါတယ်။

     ၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အခက်အခဲ များစွာနဲ့ စိန်ခေါ်မှုပေါင်းစုံကြားကနေ ကျွန်တော်တို့အားလုံးရဲ့ စည်းလုံးညီညွတ်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ သဘောထားပြည့်ဝမှုတွေနဲ့ပဲ အကောင်းဆုံး ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများ အားလုံးရဲ့ စုစည်း ညီညွတ်အားနဲ့ စိန်ရတုပြည်ထောင်စုနေ့ အခါသမယကိုလည်း ခမ်းနားထည်ဝါစွာဖြင့် ဂုဏ်ယူဖွယ်ကျော်ဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။

    ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ဒီကာလအတွင်း လွတ်လပ်ရေးရဲ့ အရသာကို ကျွန်တော်တို့ ညီအစ်ကိုတွေ အပြည့်အဝ မခံစားရသေးပါဘူး။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေေကို တတ်နိုင်သမျှချုပ်ငြိမ်းအောင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးကို ကျွန်တော်ကိုယ်တိုင် ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပြီးသမျှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများအပေါ်မှာ အလားအလာကောင်းတဲ့ သဘောတူညီမှုများ ရရှိခဲ့ပါတယ်။ မိမိဒေသ၊ မိမိလူမျိုးရဲ့ကောင်းကျိုးကို တကယ့်ရင်ထဲက စစ်မှန်တဲ့စေတနာ၊ မေတ္တာ အမှန်တရားနဲ့ လိုလားဖို့ပဲအရေးကြီးပါတယ်။ ကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခ တွေ ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသား ဒေသတွေရဲ့ အခွင့်အရေး ပိုမို ဆောင်ရွက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ဒီမိုကရေစီ အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ တိုင်းရင်းသား ဒေသတွေအပါအဝင် တစ်နိုင်ငံလုံး နေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ တိုင်းပြည်ကို မူလအခြေအနေအတိုင်း အေးချမ်းစေဖို့ ဆောင်ရွက် နေပါတယ်။

    ၂၀၂၃ ခုနှစ်ဟာ ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရတာ ၇၅ နှစ်ပြည့် စိန်ရတုတိုင်ခဲ့ပြီဖြစ်သလို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားဖို့ အစပျိုးတဲ့ နှစ်တစ်နှစ်ပဲဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အချိုးအကွေ့တစ်ခုမှာ သမိုင်းကောင်းတစ်ခုကို ဖန်တီးနိုင်မယ့် အခွင့်အရေးကောင်း တစ်ခုကို တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်ခွင့်ရတဲ့ နှစ်တစ်နှစ် ဖြစ်တာကြောင့် ဒီအခွင့်အရေးကို အရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အားလုံး အတူတကွ လျှောက်လှမ်းချင်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ် ခိုင်မာ စေရန်နဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ယခုရှိပြီးသားထက်ပိုမိုတဲ့ ပေါင်းစည်းညီညွတ်မှုများနဲ့ ရှေ့ကိုခရီးဆက်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီလိုခရီးဆက်နိုင်အောင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အနေနဲ့ ဘက်ပေါင်းစုံကနေ ရှိသမျှ တံခါးများအားလုံး ဖွင့်လျက် လက်ကမ်းကြိုလျက် ရှိနေပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာလမှာ ကမ္ဘာမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတဲ့ နိုင်ငံတကာ အရေးအခင်းအချို့ကို ကျွန်တော်တို့ ကြည့်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုအားလုံး ပိုမိုသတိရှိရမယ်။ ပိုမိုအသိရှိရမှာ ဖြစ်ပါတယ်။ ဒါတွေကိုကျော်လွှားနိုင်ဖို့ဆိုရင် ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသလို ကျွန်တော်တို့အားလုံး စည်းလုံးစွာနဲ့ ကျော်ဖြတ်ဖို့ပဲလိုပါမယ်။

     ကုန်လွန်ခဲ့ပြီဖြစ်တဲ့ ၇၅ နှစ်တာ ကာလအတွင်း နိုင်ငံနဲ့လူမျိုးအတွက် အကျိုးမပြုစေခဲ့တဲ့ အတွေးအခေါ်များနဲ့ လုပ်ဆောင်ချက်များကို ချန်ရစ်ခဲ့ပြီး နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမယ့် အပြုသဘောဆောင်ရွက်ချက်များကို “မြန်မာစိတ်” မွေးပြီးတော့ စည်းစည်းလုံးလုံး လုပ်ကိုင်သွားကြမယ်ဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ “ပန်းတိုင်”ကို မလွဲမသွေရောက်ရှိမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထု အကျိုးကိုရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်ရဲ့ လူမှုစီးပွားဘဝတွေကို မျိုးဆက်သစ် လူငယ်တွေအတွက် တည်ဆောက် ပေးသွားကြပါမယ်။ မျိုးဆက်သစ် လူငယ်တွေဆီကနေ တိုင်းပြည်အတွက် အဖိုးတန်တဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချနိုင်စေဖို့ ကျွန်တော်တို့ တာဝန်ရှိသူများ အားလုံး ညီညွတ်စွာ ဆောင်ရွက်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။                        

    တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများအားလုံး ယနေ့ကျရောက်တဲ့ နှစ်သစ်အခါသမယမှသည် နောင်နှစ်ပေါင်းများစွာတိုင် မိမိတို့တစ်ဦးတစ်ယောက်ချင်း အတွက်သာမက နိုင်ငံတော်အတွက်ပါ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာနဲ့ ကောင်းကျိုး လိုရာအဖြာဖြာ ဖန်တီးနိုင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်း လိုက်ရပါတယ်ခင်ဗျာ။

အားလုံးကိုကျေးဇူးတင်ပါတယ်။