နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ နှစ်သစ်ကူးသြဝါဒကထာ
ဘုန်းဘုန်းအနေဖြင့် နှစ်သစ်ကူးမင်္ဂလာရှိ၍ ရောဂါတို့မှ ပျောက်ကင်းစေရန်အလို့ငှာ သိဒ္ဓိပေါက် ဘုရားဂုဏ်တော် ၁၃ ပါး ဂါထာတော်ကို သြဝါဒကထာအဖြစ် မိန့်ကြားလိုပါသည်-
သိဒ္ဓိပေါက် ဘုရားဂုဏ်တော် ၁၃ ပါး အရဟံ ဗဟိအန္တဇယံ သုဂတံ အမိတံ ဝိရဇံ လလိတံ အတုလံ။ စရဏံ တိဘဝူပသမံ ယမကံ၊ သုခဒံ သရဏံ ပဏမာမိ ဇိနံ။
(၁) အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို၊ အဟံ-တပည့်တော်သည်၊
ပဏမာမိ-ရှိခိုးပါ၏
(၂) ဗဟိအန္တဇယံ - အတွင်းအပရန်ကို အောင်မြင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၃) သုဂတံ - ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၄) အမိတံ - မနှိုင်းယှဉ်နိုင်သော တန်ခိုးရှိတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၅) ဝိရဇံ - ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၆) လလိတံ - တင့်တယ် သပ္ပာယ်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊
(၇) အတုလံ - အတုမရှိသော မြတ်စွာဘုရားကို၊ ပဏာမာမိ-ရှိခိုးပါ၏၊
(၈) စရဏံ - အကျင့် စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏာမာမိ-ရှိခိုးပါ၏၊
(၉) တိဘဝူပသမံ - ဘုံသုံးပါး၌ ကိလေသာမြူငြိမ်း အေးတော်မူသော မြတ်စွာဘုရားကို၊ ပဏာမာမိ- ရှိခိုးပါ၏၊
(၁၀) ယမကံ - ရေမီးအစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏာမာမိ-ရှိခိုးပါ၏၊
(၁၁) သုခဒံ - ချမ်းသာအ၀၀ကို ပေးစွားနိုင်သော မြတ်စွာဘုရားကို၊ ပဏာမာမိ-ရှိခိုးပါ၏၊
(၁၂) သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို၊ ပဏာမာမိ-ရှိခိုးပါ၏၊
(၁၃) ဇိနံ - မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၊ ပဏာမာမိ-ရှိခိုးပါ၏၊
ဘုရားဂုဏ်တော်ပွားများသောသူသည် အစစဆောင်ရွက်သမျှ ကိစ္စတွေပြီးမြောက်သည်။ သိဒ္ဓိပေါက် တန်ခိုး ရရှိပေသည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံး နီးပါး ဘုရားရှင်၏တန်ဖိုးတော်ကြောင့် (ကိုဗစ်-၁၉) ရောဂါ ကမ္ဘာမှာ အနည်းဆုံး လောက် ကင်းရှင်းကြပေသည်။ လူတိုင်းရွတ်ဖတ်ပွားများကြလျှင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ လုံးဝပျောက်ကွယ်သွားမည်ဟု ယုံကြည်ပါသည်။ သို့အတွက် နှစ်သစ်ကူးမင်္ဂလာရှိ၍ ရောဂါဆိုးတို့မှ ပျောက်ကင်းသွားအောင် လူတိုင်းလူတိုင်း ဤသိဒ္ဓိပေါက်ဂါထားကို ရွတ်ဖတ်ကြပါဟု ဘုန်းဘုန်း တိုက်တွန်း နှိုးဆော်လိုက်ပါသည်။
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
အဘိဓဇမဟာရဋ္ဌဂုရု
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက