နှစ်သစ်ကူးကာလတွင် မန္တလေးမြို့ပေါ်ရှိ အပြစ်မဲ့ပြည်သူများစုဝေးသည့် နေရာများ၌ ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် Mandalay Young Force (MYF) နှင့် ဝက်လက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား အချိန်မီကြိုတင်သ

နှစ်သစ်ကူးကာလတွင် မန္တလေးမြို့ပေါ်ရှိ အပြစ်မဲ့ပြည်သူများစုဝေးသည့် နေရာများ၌ ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် Mandalay Young Force (MYF) နှင့် ဝက်လက် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား အချိန်မီကြိုတင်သတင်းလက်ဦးမှုရယူ ဖမ်းဆီးရမိ

 
နေပြည်တော်၊ ဇန်နဝါရီ ၁

 
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် PDF အမည်ခံအဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ ထို့အပြင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နှစ်သစ်ကူးကာလအတွင်း အပြစ်မဲ့ပြည်သူ များအား ထိတ်လန့်ကြောက်ရွံ့စေရန် မန္တလေးမြို့အတွင်း၌ အများပြည်သူများ စုဝေး လျက်ရှိသည့် နေရာများတွင် ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းတွင် ချမ်းမြသာစည် မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၈ x ၄၉ လမ်းကြား၊ ၁၀၆ x ၁၀၇ လမ်းကြား၌ Mandalay Young Force (MYF) အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော ကျော်မင်းခန့်၊ ဟိန်းထက်အောင်(ခ)ကိုဟိန်း တို့ ၂ ဦးအား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် ရီမုမိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ကျော်မင်းခန့် ၏ ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်း၌ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ အာရှဘဏ်လမ်းနှင့် သံလမ်းဆုံအနီးတွင် ယမင်းကို အား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ အနှိိပ်တော်ရပ်ကွက်၊ ၂၃ x ၆၂ လမ်းဆုံ အနီးတွင် ဝက်လက် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော အောင်ထက်ကျော် (ခ)တိုက်ဂါး နှင့် ရဲသူစံ တို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဖမ်းဆီးရမိတရားခံ အောင်ထက်ကျော်(ခ)တိုက်ဂါး၏ ထွက်ဆိုချက် အရ ယင်းနေ့ညပိုင်း၌ လက်လုပ်မိုင်းများထည့်ထားသော သင်္ကန်းခြင်း ၁ ခြင်း အား စစ်ကိုင်းတိုင်းဒေသကြီးဘက်မှတစ်ဆင့် ချမ်းအေးသာဇံမြို့နယ်၊ ၂၉ x ၉၀ လမ်း ထောင့်ရှိ မလွန်ကျောင်းတိုက်သို့ ပို့ဆောင်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အဆိုပါကျောင်းတိုက်သို့ သွားရောက်ရှာဖွေခဲ့ရာ ကျောင်းထိုင် ဆရာတော် ဥူးအိန္ဒြာစက္က(ခ)အေးကို အား သင်္ကန်းခြင်းအတွင်း၌ ထည့်ထားသော PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၆ လုံး၊ အချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၄ လုံး တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ထို့အပြင် ဖမ်းဆီးရမိတရားခံ အောင်ထက်ကျော်(ခ)တိုက်ဂါး နှင့် ကျော်မင်းခန့် တို့၏ ထွက်ဆိုချက်များအရ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ရပ်ကွက်၌ Mandalay Young Force (MYF) အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ထက်အောင်လင်း၊ လင်းလင်း(ခ)ဖက်တီး ၊ မိုးမြင့်သူ၊ နေသူရိန်(ခ)အောင်ပြည့်ဖြိုး၊ လှိုင်မျိုးဝင်း၊ ရန်ပိုင်ထွန်း (ခ)စော်ဘွား၊ အံ့ဖုန်းခန့် နှင့် အာကာဖြိုး(ခ)စောကာကာ တို့အား တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၂ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ဖမ်းဆီးစဉ် တရားခံ လှိုင်မျိုးဝင်း နှင့် အာကာဖြိုး(ခ)စောကာကာ တို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့် လက်နက်ကို လုယူထွက်ပြေးရန် ကြိုးပမ်းသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ လှိုင်မျိုးဝင်း အား ဘယ်ပေါင်ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ဖြင့် လည်းကောင်း၊ အာကာဖြိုး (ခ)စောကာကာ အား ဝဲရင်ဘတ်ကျည်ရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ)ဖြင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အလားတူ ဖမ်းဆီးရမိတရားခံ အောင်ထက်ကျော်(ခ)တိုက်ဂါး နှင့် ကျော်မင်းခန့် တို့၏ ထွက်ဆိုချက်များအရ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက် ခဲ့ရာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်ရှိ APP ဖုန်းပြုပြင်ရေးဆိုင်၌ သာထက်ခန့် အား လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅)ရပ်ကွက်၌ မျိုးသူအောင် အားလည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၁၄ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၆ ဦးတို့အား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ရီမုမိုင်း ၁၁ လုံး၊ အချိုရည်ဘူးဖြင့် ပြုလုပ် ထားသည့် လက်လုပ်မိုင်း ၄ လုံး၊ တရုတ်ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Mandalay Young Force (MYF) နှင့် ဝက်လက် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များသည် မန္တလေးတိုင်း ဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ စည်ပင်သာရပ်ကွက်၊ ၂၂ x ၈၇ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ၈၀ x ၉ လမ်းထောင့်ရှိ အမှတ်(၄)ရဲစခန်းတို့အား လည်းကောင်း၊ အမရပူရမြို့နယ်ရှိ ကပ်ကျော်ဘုရားနှင့် တောင်သမန်အင်းတို့အား လည်းကောင်း၊ အောင်မြေသာစံမြို့နယ်၊ “ရတနာပုံ”တိရစ္ဆာန်ဥယျာဉ်နှင့် ကျုံးပတ်လည်ရှိ လူစည်ကားရာနေရာများအား လည်းကောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ Ocean Center နှင့် နှစ်သစ်ကူးကာလ ပျော်ပွဲရွှင်ပွဲပြုလုပ်မည့် ချမ်းအေးသာဇံမြို့နယ်၊ “မန္တလာသီရိ” ဘောလုံးကွင်းတို့အား လည်းကောင်း ယုတ်မာရက်စက်သောအကြံဖြင့် အပြစ်မဲ့ ပြည်သူများ သေကြေပျက်စီးစေရန် ရည်ရွယ်လျက် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေမှုအား အကြမ်းဖက်မှုကို မလိုလားသော တာဝန်သိပြည်သူ များ၏ သတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကွက်ပြည့်နင်းရှာဖွေစစ်ဆေး ဖော်ထုတ်မှုတို့ကြောင့် အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးရေးမဆောင်ရွက်နိုင်မီ အချိန်မီကြိုတင်သတင်းလက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အကြမ်းဖက်သမားများအနေဖြင့် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများကို ဆောင်ရွက်ရာ တွင် ကိုဗစ်-၁၉ ရောဂါကာလ၌ အောက်ဆီဂျင်အိုးများအတွင်း လက်နက်၊ ခဲယမ်းများ သိုဝှက်သယ်ဆောင်ခဲ့သည်။ ယခုဖြစ်စဉ်၌လည်း ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ တန်ဖိုး ထားသည့် သင်္ကန်းခြင်းအတွင်း ဖောက်ခွဲရေးပစ္စည်းများ သိုဝှက်၍ ယုတ်မာရက်စက် သောစိတ်ဓာတ်များဖြင့် အဖျက်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတိပြုဖွယ် တွေ့ရှိရသည်။
သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။