စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-(၁၁)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်(၁၁)

အခုဒီနည်းကို ဒေဝူးအင်တာနေရှင်နယ် (DI) ရေနံတူးဖော်ရေးကုမ္ပဏီက ရွှေသဘာဝဓာတ်ငွေ့မြေ A 1 လုပ်ကွက်မှာ သုံးလိုက်ပါတယ်။ ဒီနည်းကိုသုံးလိုက်တဲ့ တူးဖော်ရေးပညာရှင်ဟာ ဒေါက်တာဆုယောင်ယန် (Dr. Su Yeong Yeng) ပါ။ သူဟာ ကိုရီးယားနိုင်ငံသား၊ ကိုရီးယားမှာဘွဲ့ရ၊ ကိုရီးယားမှာ ဘွဲ့လွန်မဟာသင်တန်း အောင်ခဲ့ပြီး အမေရိကန်မှာ Geophysics နဲ့ ပါရဂူဘွဲ့ယူခဲ့သူပါ။ ၁၉၉၁ ခုနှစ်မှာ နိုင်ငံပိုင်ကိုရီးယားရေနံကုမ္ပဏီမှာ အလုပ်လုပ်ခဲ့စဉ်မှာ ဗီယက်နမ်ရေနံတွင်းတွေမှာ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရာက အမေရိကန် နည်းပညာ အကြံပေးတွေနဲ့တွေ့ပြီး ဒီနည်းကိုလေ့လာခဲ့တာပါ။ ဗီယက်နမ်မှာ အလုပ်လုပ်နေစဉ် ငလျင်လှိုင်းတုနည်းပညာကို အမေရိကန်မှာ စာတွေ့ လက်တွေ့သင်ယူခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကိုရီးယားနိုင်ငံပိုင် ရေနံကုမ္ပဏီနဲ့ သဘောထားချင်း မတိုက်ဆိုင်ရာကနေ ဒေဝူး (DI) ရေနံကုမ္ပဏီသို့ ပြောင်းရွှေ့ခဲ့တယ်။ ယခု ရွှေသဘာဝ ဓာတ်ငွေ့သိုက်ကို နာမည်ကြီး အမေရိကန်နဲ့ ဥရောပကုမ္ပဏီတွေက ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ရေနံသဘာဝ ဓာတ်ငွေ့သိုက် စီးပွားဖြစ်မရှိနိုင်လို့ နောက်ဆုတ်သွားခဲ့ပေမယ့်  ဒေါက်တာဆုယောင်ယန်က နည်းပညာသုံးပြီး ချေဖျက်ပြခဲ့သလို ဖြစ်သွားတယ်။

သဘာဝဓာတ်ငွေ့နှင့် LNG ကိစ္စသုံးသပ်ချက်

သဘာဝဓာတ်ငွေ့နှင့်ပတ်သက်ပြီး သုံးသပ်ကြည့်တဲ့အခါ အတည်ပြုနိုင်တဲ့ ကမ္ဘာ့သဘာဝဓာတ်ငွေ့သိုက်ဟာ ၂၁၆ တြီလျံကုဗမီတာ(၂၁၆_၁၀၁၂ ကုဗမီတာ) ရှိနေတယ်လို့ဆိုပါတယ်။ ၂၀၄၀ ပြည့်နှစ်နောက်ပိုင်းအထိ တစ်နှစ်ပျမ်းမျှ ၄၃၅၀ ဘီလျံကုဗမီတာသုံးမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှုန်းအတိုင်းသာသုံးရင် ၂၀၁၃ ခုနှစ်မှာ အတည်ပြု (Proven) ထားတဲ့ ကမ္ဘာ့ဓာတ်ငွေ့သိုက်ဟာ နှစ် ၄၀ အတွင်း ကုန်ခန်းမယ့်သဘောရှိပါတယ်။

ဒါပေမဲ့ အတည်ပြုထားရခြင်းမရှိသေးတဲ့ အခြားခက်ခဲသော၊ ဝေးလံသော ကမ်းဝေးရေနက်ဒေသနဲ့ ဝင်ရိုးစွန်း နေရာတွေမှာ ဓာတ်ငွေ့က ရှိနေဦးမှာပါ။ ဒါကိုထုတ်လုပ်မယ်ဆိုရင်တော့ စရိတ်ပိုကြီးမှာပေါ့။ ပိုက်လိုင်းခတို့ တူးဖော်စရိတ်ပိုကြီးလာရင် ဓာတ်ငွေ့ထွက်တယ်ဆိုရင်တောင် သိသိသာသာဈေးကြီးမှာပါ။

ဒါဆိုရင် နောက်နှစ် ၄၀ ကျော်မှ ဈေးကြီးမှာလားလို့မေးရင် ဒီလိုပြောလို့မရပါဘူး။ အခုအတည်ပြုထားပါတယ်ဆိုတဲ့ ဓာတ်ငွေ့ပမာဏကို တဖြည်းဖြည်းသုံးရင်း လက်ကျန်နည်းလာတာနဲ့အမျှ ဈေးကြီးလာမှာပါ။ အရောင်းအဝယ် သဘောအရ ပစ္စည်းရှားပြီး အသုံးမလျှော့ရင်ဈေးကြီးမှာပါ။ ဒါက သဘာဝကပေးတဲ့ အခြေအနေကိုပြောတာပါ။

နောက်တစ်မျိုးက ဖော်ပြခဲ့တဲ့ ဓာတ်ငွေ့သိုက်တွေပိုင်တဲ့ နိုင်ငံစာရင်းကိုကြည့်ရင် ရုရှား၊ အမေရိကန်၊ အာရပ်နိုင်ငံ တွေနဲ့ အစ္စလာမ်မစ်နိုင်ငံတွေက ဦးဆောင်ပိုင်ဆိုင်နေတာကို တွေ့ရမှာပါ။ ဒီပိုင်ဆိုင်မှုတွေကြောင့် ကမ္ဘာ့သမိုင်းမှာ  စွမ်းအင်အကျပ်အတည်းဖြစ်အောင် ခြိမ်းခြောက်နိုင်သူတွေဟာ ဘယ်သူတွေဖြစ်နိုင်သလဲဆိုတာ တွေ့ရမှာပါ။ ဒါ့အပြင် အရှေ့အနောက်အုပ်စုနှစ်ခုဟာ တင်းမာမှုတစ်ခုခုဖြစ်ရင် စွမ်းအင်အရင်းအမြစ်နဲ့ အကျပ်ကိုင်တာတွေ၊ ကုန်သွယ်မှုနဲ့အကျပ်ကိုင်တာတွေဟာ လုပ်နေကျအလုပ်ပါပဲ။ အင်အားကြီးတွေ တစ်ခုခုအချေအတင်ဖြစ်ပြီဆိုရင် ကြားနိုင်ငံငယ်တွေ ဘဝပျက်ကြရတာလည်း ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေခဲ့တာပါ။

နောက်တစ်ချက်က တွင်းထွက်လောင်စာကို အစားထိုးဖို့ ကမ္ဘာကြီးက ဘယ်လိုပင်ဆန္ဒရှိပေမယ့် ဒီကိစ္စဖြေရှင်း ရာမှာ ပြန်လည်ပြည့်ဖြိုးမြဲတွေမှာ အားနည်းချက်တွေရှိနေလို့ လွယ်လွယ်နဲ့တော့ ရှင်းနိုင်ဖို့ မလွယ်ပါဘူး။  လေ၊ နေ၊ ဇီဝလောင်စာ စတာ တွေသုံးရင်လည်း သူ့အကြောင်းနဲ့သူ ဈေးနှုန်းကြီးမြင့်နေပါတယ်။ အတိုင်းအတာ တစ်ခုထက် ပိုပြီး တွင်းထွက်လောင်စာ (Fossil Fuel) ကို လျှော့ချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒီနေရာမှာ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့ကို မဖြစ်မနေ နှစ်ပေါင်းများစွာ အခြားအကျပ်အတည်းတစ်ခုခု ရင်ဆိုင်မတွေ့မချင်း ရာခိုင်နှုန်း ၅၀ အထက် စွမ်းအင်ရဖို့ သုံးနေကြရမှာပါ။ ဒီလိုသုံးတဲ့အခါ သဘာဝဓာတ်ငွေ့က ပတ်ဝန်းကျင် ထိခိုက်မှုနည်းပါတယ်လို့ ပြောသူများအတွက် တစ်ခုအသိပေးလိုတာ မိမိတို့ဟာ တဖြည်းဖြည်း မြင့်မားလာမယ့် ဓာတ်ငွေ့ဈေးအတွက် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနိုင်ပြီလားဆိုတာ ဦးစွာစဉ်းစားရပါမယ်။ ဥရောပ၊ အမေရိက အစရှိတဲ့ နိုင်ငံတွေရဲ့  လူတစ်ဦးတစ်နှစ်ဝင်ငွေ  ဒေါ်လာသောင်းသိန်းချီရှိနေတဲ့ နိုင်ငံတွေနဲ့ မိမိတို့လို တစ်နှစ် လူတစ်ဦးဝင်ငွေ ဒေါ်လာ ၂၀၀၀ တောင် မပြည့်သေးတဲ့ နိုင်ငံမျိုးယှဉ်တဲ့အခါ မိမိတို့က သူတို့လို စွမ်းအင်အတွက် ဈေးကြီးကြီး မပေးနိုင်သေးတာကိုလည်း သိရပါမယ်။

စွမ်းအင်ဈေးကြီးလာတာနဲ့အမျှ လူတိုင်းရဲ့ဝင်ငွေဟာ စွမ်းအင်ပေါ်မှာ ပိုပြီးအကုန်အကျခံရတော့မှာဖြစ်လို့ စီးပွားရေးကို သိသိသာသာ ထိခိုက်လာမယ်ဆိုတာလည်း သိထားရမှာပါ။ စွမ်းအင်လုံလောက်ရင် နိုင်ငံဖွံ့ဖြိုး မယ်ဆိုတဲ့နောက်မှာ လုံလောက်အောင် ထုတ်လုပ်မယ့် စွမ်းအင်ရဲ့ဈေးနှုန်းကို ထည့်ပြောဖို့ လိုပါလိမ့်မယ်။ အခု ဈေးသက်သာသလိုဖြစ်နေပြီး နောက်ပိုင်းမှာတော့ သူ့သဘောသူဆောင်မယ့် စွမ်းအင်မျိုးကို တိုးချဲ့နေရင်လည်း  မိုက်မဲရာကျပါလိမ့်မယ်။ ဒီအကြောင်း နောက်ပိုင်းသီးခြား အခန်းတစ်ခုမှာ ရေးပါ့မယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ စွမ်းအင်ပိုင်ဆိုင်မှုထဲမှာ ရေနံပိုင်မှုဟာ ကမ္ဘာနဲ့ယှဉ်ရင် မပြောပလောက်တဲ့ အဆင့်ဆိုတာလည်း ရှေ့မှာကိန်းဂဏန်းနဲ့ ဖော်ပြပြီးပါပြီ။ ဓာတ်ငွေ့ကရောလို့ မေးရင်လည်း ဒီလိုပဲပြောရမှာပါပဲ။ ဒီတော့ မိမိနိုင်ငံထဲက တွင်းထွက်လောင်စာစွမ်းအင်ကို လက်ရှိအကျပ်အတည်းဖြေရှင်းဖို့ ဇွတ်အတင်း ရသမျှထုတ်သုံးဖို့ပဲ ကြံစည်နေရင် နောင်လာနောက်သားတွေက ယနေ့ခေတ်လူသားတွေကို ဘယ်လိုသဘောထား ကြမလဲဆိုတာလည်း စဉ်းစားရမှာပါ။

ဒါဆိုရင် ကိုယ့်နိုင်ငံက ထွက်တာမသုံးဘူး၊ သူများတွင်းထွက်ပစ္စည်းတို့ လောလောဆယ် ဝယ်သုံးမယ်ဆိုရင်ရော၊ ဘယ်လိုအရင်းအမြစ်ကို ဝယ်သုံးမယ်ဆိုတာ စဉ်းစားရမှာပါပဲ။

လက်ရှိမြန်မာနိုင်ငံမှာ အတည်ပြုထားတဲ့ ဓာတ်ငွေ့သိုက်ပမာဏ ဘီလျံကုဗမီတာ ၃၈၅ ပဲ ရှိပါတယ်။ တစ်ကမ္ဘာလုံး နဲ့ဆိုရင် အဆင့် ၄၀ လောက်မှာ ရှိနေတဲ့အတွက် ဓာတ်ငွေ့ချမ်းသာတယ်လို့ ပြောရမယ့် အဆင့်မရှိပါဘူး။ ရှိတဲ့ ဓာတ်ငွေ့သိုက် အားလုံးလိုလိုဟာလည်း ကမ်းလွန်တွေမှာသာရှိပါတယ်။ ဓာတ်ငွေ့ရှာဖွေတဲ့လုပ်ငန်းဟာ အရင်း အနှီးကြီးပြီး နည်းပညာအလွန်မြင့်တဲ့အတွက်  ကိုယ်တိုင်ဆောင်ရွက်နိုင်မှုမရှိသလောက်ပါပဲ။

ဆက်လက်ဖော်ပြပါမည်။