တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်သူများ၏ ရင်တွင်းစကားသံများ

နေပြည်တော် ဇန်နဝါရီ ၃

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား တက်ရောက်သူများ၏ ရင်တွင်းစကားသံများ

နိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးစားခဲ့သည့်မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကိုမဆုံးရှုံးရအောင် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့်တပ်မတော်လည်းဖြစ်သည်။ ယနေ့တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ပြုလုပ် သည့် နိုင်ငံ့အချုပ်အခြာအာဏာကို စွမ်းစွမ်းတမံ ထိန်းသိမ်းစောင့်ရှောက်ကြသော တပ်မတော်သားများအား တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့်လက်မှတ်များ ချီးမြှင့်အပ်နှင်းရာ ဘွဲ့တံဆိပ်နှင့် လက်မှတ်ရရှိသူတို့၏ ရင်တွင်းစကားသံများအား တင်ပြလိုက်ပါသည်-

ဗိုလ်မှူးဝင်းကျော်

(သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်)

ကျွန်တော်က ဗိုလ်မှူးဝင်းကျော်ပါ။ ကျွန်တော်တာဝန်ထမ်းဆောင်ရတာကတော့ ဒုတိယတပ်ရင်းမှူးဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားမှာ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ချီးမြှင့်ခြင်းခံရတာပါ။ တပ်ရင်းသုံးရင်းပေါင်းပြီးတော့မှ ခံစစ်လုပ်ရတဲ့ အနေအထားမှာ ဥကရစ်ထတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ သူရဲကောင်းမှတ်တမ်းဝင်တစ်ယောက်၊ သူရဲကောင်း လက်မှတ်လေးယောက်၊ ဂုဏ်ထူးဆောင်လက်မှတ်ခြောက်ယောက် စုစုပေါင်း ၁၁ ယောက်ရရှိခဲ့ ပါတယ်။ အဓိကဒီတိုက်ပွဲက ကေအင်န်ယူ၊ ကေအင်န်အယ်လ်အေ ပြီးရင်ကေအင်န်ဒီအို နောက်ပီဒီအက်ဖ် လေးဖွဲ့ပေါင်းပြီးတော့မှ သူတို့ကျွန်တော်တို့ရဲ့ဥကရစ်ထစခန်းကို ဝင်သိမ်းတဲ့အချိန်မှာ ကျွန်တော်တို့ ခြောက်ည အိပ်ခုနစ်ရက် ခံစစ်စခန်း လုံးဝမကျအောင်ပြန်ပြီးတော့ ခုခံနိုင်ခဲ့တဲ့အတွက်ကို အခုလိုချီးမြှင့်တယ်လို့ ကျွန်တော့် အနေနဲ့ယူဆပါတယ်။ ကျွန်တော်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ကာလမှာ တော်တော်ကို ပင်ပန်းဆင်းရဲကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာရန်သူတွေ ပြန်ဆုတ်သွားတဲ့အထိ ပြန်ပြီးတိုက်ထုတ်နိုင်ခဲ့တယ်။ ဘာပဲပြောပြော ကျွန်တော် တို့ ဒီလိုတိုက် ထုတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုတာကို တော်တော်ကိုဝမ်းသာပါတယ်။ နောက်တစ်ခုက ကျွန်တော့်အနေနဲ့  ဒီကိုဆုယူဖို့လာရတဲ့ မြဝတီဘက်ကနေလာရတဲ့ အနေအထားမှာ  အထက်ကအကြီးအကဲတွေ အနေနဲ့ကျွန်တော့်ကို   သင်္ဃန်းညီနောင်ကနေ ရဟတ်ယာဉ်နဲ့ မော်လမြိုင်ကိုစီစဉ်ပြီးတော့ လိုက်ပို့ပေးတယ်။ ဒီအခမ်းအနားကို တက်ဖြစ်အောင်လို့  အခုလိုဆောင်ရွက်ပေးတဲ့ အကြီးအကဲတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်နောင်မှာလည်း ကျွန်တော်အခုလို  အခက်အခဲတွေနဲ့ကြုံရလို့ရှိရင်လည်း တပ်မတော်အတွက်  နိုင်ငံတော် အတွက် အသက်စွန့်ပြီး တိုက်ခိုက်သွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ ရှေ့တန်းကျကျ တိုက်ခိုက်နေတဲ့ ခြေလျင် ခြေမြန်က အရာရှိ စစ်သည်တွေအနေနဲ့အခုလိုကျွန်တော်တို့လိုရွပ်ရွပ်ချွံချွံနဲ့ မဆုတ်မနစ်တိုက်ခိုက်ပြီးတော့ ဆောင် ရွက်သွားမယ်ဆိုရင် နိုင်ငံ တော်နဲ့တပ်မတော်ရဲ့ အကြီးအကဲတွေကလည်း ကြည့်မနေပါဘူး။ ချီးမြှင့်သင့်တဲ့သူကို ချီးမြှင့်တယ်ဆိုတာလေးကို လက်ဆင့်ကမ်းစကားပြောကြားချင်ပါတယ်။

ဒေါ်တင်တင်ခိုင်

(သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရ ဒုတပ်ကြပ်ဖြိုးထက်အောင်၏အဒေါ် (ကိုယ်စားယူ))

ကျွန်မကဒေါ်တင်တင်ခိုင်ပါရှင့်။ ဒီအခမ်းအနားကို တက်ရောက်ရတာကတော့ ကျွန်မတူလေးအတွက် ဂုဏ်ထူးဆောင်ဘွဲ့ ကိုယ်စားတက်ရောက်ယူခဲ့တာပါ။ တူလေးက ဒုတပ်ကြပ်ဖြိုးထက်အောင်ပါ။  တူလေးက သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်ရတာပါရှင့်။  တူလေးက  မိုးမိတ်နဲ့နမ့်စန်ကြား ရှမ်းပြည်နယ်မှာ တိုက်ပွဲဖြစ်ရင်း ကျဆုံးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၁၂ လပိုင်းဝန်းကျင်က အဲဒီမှာတိုက်ပွဲဖြစ်တာပါ။ အဲ့တိုက်ပွဲမှာ သူ့လုပ်ဖော် ကိုင်ဖက်တွေ၊ အရာရှိ၊ စစ်သည်တွေနဲ့အတူတူ ရွပ်ရွပ်ချွံချွံတိုက်ရင်းနဲ့ တိုင်းပြည်အတွက်  အသက်ပေးသွားခဲ့ တာဖြစ်ပါတယ်ရှင့်။   ရန်သူတွေက  စခန်းကိုလာတိုက်တာကို ခုခံကာကွယ်ရင်းကျဆုံးခဲ့တာပါ။ ဒီနေ့အခမ်းအနား လာတက်ရတာ ကျွန်မတူလေးအတွက် အရမ်းပဲဂုဏ်ယူပါတယ်ရှင့်။ နိုင်ငံအတွက်အသက်ပေးလှူသွားရပေမယ့် တူလေးအတွက် တကယ်ပဲဂုဏ်ယူပါတယ်ရှင်။

တပ်သားဖြိုးဖြိုးအောင်

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်)

ကျွန်တော်ကတပ်သားဖြိုးဖြိုးအောင်ပါ။ ဒီနေ့မှာတော့ ဗန်းမော်တိုက်ပွဲဖြစ်စဉ်မှာ ရခဲ့တာပါ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုလက်မှတ်ဖြစ်ပါတယ်။ မြစ်ကြီးနား ဗန်းမော်တိုက်ပွဲပါ။ ကျွန်တော်တို့ တပ်ရင်းက  ရန်သူ့စခန်းကို သွားတိုက်တာပါ။ အဲဒီဖြစ်စဉ်မှာ ကျွန်တော်တို့ဘက်က ထိခိုက်ဒဏ်ရာရတာတို့  သေဆုံးတာတို့ မရှိဘဲနဲ့ အောင်မြင်မှုရခဲ့ပါတယ်။ တာဝါတိုင်ကုန်းရဲ့ အောက်ဘက်မှာရှိတဲ့ ကာကင်းကုန်းဖြစ်ပါတယ်။ သူတို့ အင်အားကအရင်က ၄၀၀ လောက်ရှိတယ် ကြားတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ အဲ့လောက်မရှိပါဘူး။  ကျွန်တော်တို့ဘက်ကလည်း ပိတ်ဆို့ရေးတပ်တွေ ချေမှုန်းရေးတပ်တွေပါပါတယ်။ ဘေးတပ်တွေက ကာပစ် ပစ်ပေးချိန်မှာ ကျွန်တော်တို့တပ်ရင်းက ရန်သူ့စခန်းကို ဝင်သိမ်းခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ပင်ပန်းဆင်းရဲစွာနဲ့ တိုက်ပွဲဝင်ခဲ့ရပေမယ့် ဒီနေ့အခမ်းအနားတက်ရောက်ပြီး ဂုဏ်ပြုလက်မှတ်ယူရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါ တယ်။  တကယ်ပဲပျော်ပါတယ်။  ဂုဏ်လည်းယူပါတယ်။    ။

ဝန်းရံခ၊ လင်းကြည်လင်း