စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-(၁၂)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၂)

 အမှတ်စဉ် (၁၂)

ကိုယ့်သဘာဝအရင်းအမြစ်ကို သူများခေါ်ရှာခိုင်းရ၊ သူများခေါ်တူး ခိုင်းရ၊ သူများခေါ် ပိုက်လိုင်းဆွဲခိုင်းရ၊ သူများ အရင်းအနှီးအပေါ် မှီခိုနေရတာပါ။             

ဒီတော့ ဘာဖြစ်လာသလဲ။ ရှာဖွေရေး၊ တူးဖော်ရေး လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ ကုန်ကျသွားတဲ့ စရိတ် အားလုံးထဲကနေ မိမိနိုင်ငံသားတွေအတွက် ပြန်ရလိုက်တာဘာရှိမလဲ။ စာချုပ်အရ အနည်းငယ်သော မိမိနိုင်ငံသား တွေသာ  အလုပ်အကိုင်ရကြတာပါ။ နမူနာကြည့်ပါ။ တရုတ်ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း (ကီလိုမီတာ ၇၇၁) အရှည်ကြီးကို မြန်မာပြည်ထဲဖြတ်ပြီး မြေမြှုပ်ပိုက်ဆင် လုပ်သွားတာတောင် တရုတ်ကုမ္ပဏီက Sub-Contract ပေးတာတွေမှာ အခြားနိုင်ငံခြားသား ကုမ္ပဏီတွေကို အဓိကခေါ်ပေးသွားတာပါ။ ကမ်းလွန်ပိုက် လိုင်းကတော့ ပိုဆိုးတာပေါ့။ မြန်မာတွေဘယ်နေရာမှာ အလုပ်ဝင်လုပ်ကြမလဲ။ ရေနံတွင်းတူးစင်ပေါ်မှာရော ပြန်ကြည့်ပါ။ အထိုက်အလျောက် လေ့ကျင့်ပေးခံထားရသူအချို့ ဝင်ရောက်လုပ်ဆောင်နေကြပေမယ့် လူနည်းစုပါ။

ရွှေသဘာဝဓာတ်ငွေ့မှာ ရင်းနှီးမြှုပ်နှံငွေက ဒေါ်လာ ၅ ဘီလျံလို့ ဆိုပေမယ့် ဒီရင်းနှီးမြှုပ်နှံမှုထဲမှာ ဘာပစ္စည်း မိမိတို့နိုင်ငံကလုပ်တာ သုံးထားတာပါ ပါသလဲ။ မိမိတို့နိုင်ငံက ထုတ်တဲ့ပစ္စည်းထဲက ဘာရောင်းလိုက်ရပါသလဲ၊  အလုပ်အကိုင် အခွင့်အလမ်းရော ဘယ်နှယောက်ရသွားပါသလဲ။ အဲဒီတန်ဖိုးတွေပေါင်းရင် ရင်းနှီးမြှုပ်နှံလိုက်တဲ့  ပမာဏထဲမှာ မိမိတို့ပစ္စည်း၊  မိမိတို့လုပ်အားနဲ့ ရလိုက်တဲ့တန်ဖိုးဟာ ၁ ရာခိုင်နှုန်းတောင် ရှိပါ့မလား။ ဒါဆိုရင် သဘာဝဓာတ်ငွေ့တွင်းတွေ ရင်းနှီးမြှုပ်နှံမှုပေါ်ကနေ မြန်မာတွေ အလုပ်အကိုင်အခွင့်အလမ်း များများစားစား ရနိုင်ခြေမရှိတာ ပေါ်လွင်ပါတယ်။

ရှာဖွေတွေ့ရှိလို့ ထုတ်လုပ်ရောင်းချတဲ့ ကာလရောက်လို့ ပြည်ပပို့ရင် ပို့ကုန်ပေါ်က အခွန်အခရပါတယ်။ ဖက်စပ်ကုမ္ပဏီအမြတ်ပေါ်လာရင်  အမြတ်ခွန်ရပါတယ်။ နှစ်စဉ်အမြတ်ငွေ ပြန်ခွဲတဲ့အခါ အခမဲ့ရှယ်ယာ ၁၅-၂၀ ရာခိုင်နှုန်းရပါတယ်။ ဒီလိုရတဲ့ငွေတွေက ဘယ်လောက်များသလဲ။ ကမ်းလွန်ဓာတ်ငွေ့မြေ လေးခုပေါင်းက ရောင်းလို့ရတဲ့ သဘာဝဓာတ်ငွေ့အပါအဝင် ကျောက်သံပတ္တမြား ရောင်းလို့ရတဲ့ ဝင်ငွေဟာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာသန်း ၂၅၁၄ သာ ရခဲ့ တဲ့အတွက် မိမိနိုင်ငံရဲ့ ပြည်ပပို့ကုန်အားလုံးက ဝင်တဲ့ငွေပမာဏ အမေရိကန်ဒေါ်လာ ၁၁၁၃၇ သန်းနဲ့ နှိုင်းယှဉ်ရင် ၂၃ ရာခိုင်နှုန်းလောက် ဖြစ်နေတာကို တွေ့ရမှာပါ။ အမေရိကန်ဟာ LNG ရောင်းတာတောင် တစ်နှစ်ထဲ ဒေါ်လာ သန်း ၆၇၀၀၀ ဝင်ငွေ ရှိတယ်ဆိုတာနဲ့ နှိုင်းရင် ဘာမှပြောပလောက်တဲ့ ပြည်ပပို့ကုန် မဟုတ်ဘူးလို့ ဆိုကြမှာပါ။ ရွှေသဘာဝဓာတ်ငွေ့မြေမှာ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းပါတဲ့ Daewoo International ကုမ္ပဏီပြန်ရတဲ့တစ်နှစ်ဝင်ငွေဟာ ပျမ်းမျှနှစ်စဉ် ၄၀၀ ဘီလျံဝမ် (ဒေါ်လာ ၃၆၈ သန်း) ရှိနေပါတယ်။ ဒါ ၅၁ ရာခိုင်နှုန်း ရှယ်ယာပါ။ လုပ်ငန်းတစ်ခုလုံးနဲ့တွက်ရင် နှစ်စဉ်ဒေါ်လာသန်း ၇၂၀ လောက် ဝင်မှာပါ။ ဒီထဲမှာ မြန်မာကရလိုက်တဲ့ အစုရှယ်ယာက ၁၅ ရာခိုင်နှုန်းပါ။ ဒါကြောင့် မိမိသဘာဝ ဓာတ်ငွေ့ကို လာတူးသွားတဲ့အပေါ်မှာ နှစ်စဉ်ရှယ်ယာပေါ်ကနေ ဒေါ်လာ ၁၀၈ သန်းလောက် ရလိုက်တယ်လို့  သဘောထားရမှာပါ။ အစားပြန်မရနိုင်တော့တဲ့ သယံဇာတဖြစ်တဲ့အတွက် အလကားရတယ်လို့ သဘောထားရင် မိုက်မဲသူလို့ပဲ ဆိုရမှာပါ။

လာပြီးရင်းထားတဲ့ ကုမ္ပဏီဟာ တွင်းတူးတဲ့အပေါ်မှာ ဒေါ်လာသန်း ၁၅၀၀ နဲ့ ပိုက်လိုင်းပေါ်မှာ ဒေါ်လာသန်း ၅၀၀၊ စုစုပေါင်း ဒေါ်လာသန်း ၂၀၀၀ ရင်းထားတဲ့ ငွေအပေါ်မှာ သူ့ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေ ဒေါ်လာ ၃၆၈ သန်းနဲ့ ပြန်တွက်ရင် အကြမ်းအားဖြင့် ၇ နှစ်ခန့်အတွင်း အရင်းကျေမှာဖြစ်လို့  အရင်းကျေပြီး  နောက်နှစ်ကစပြီး ၁၂ နှစ်ခန့် နှစ်စဉ်အမြတ်ငွေ ဒေါ်လာသန်း ၃၅၀ ကျော် ခံစားနေမှာ ဖြစ်ပါတယ်။ ဓာတ်ငွေ့ပိုင်ပါတယ်ဆိုတဲ့ ပိုင်ရှင်ရမယ့်ငွေနဲ့ နှိုင်းကြည့်ရင် သယံဇာတထဲက ပြန်လည်ပြည့်ဖြိုးမှုမရှိတာကို ရောင်းနေတာထက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် တစ်ခုကို ရောင်းလို့ရအောင်လုပ်ပြီး ငွေမရှာသင့်ဘူးလား ဆိုတာ စဉ်းစားစရာပါပဲ။ (Source: Shwe Gas Field by Dr.Su Yeong Yeng - 2017)

ဓာတ်ငွေ့ရောင်းချမှု

နောက်တစ်ချက်က တရားဝင်ကိန်းဂဏန်းများအရ မိမိသဘာဝ ဓာတ်ငွေ့မြေ (ကမ်းလွန်) လေးခုမှာ ဓာတ်ငွေ့ ဘယ်လိုခွဲဝေသုံးစွဲသလဲ ဆိုတာကို ပေါင်းလိုက်ရင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ အခြေအနေကို တစ်ဖက်ပါအတိုင်း တွေ့ရပါတယ်။

ဒီဇယားကိုကြည့်ရင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကုန်မှာ မိမိနိုင်ငံကထွက်တဲ့ ဓာတ်ငွေ့အကုန်လုံးပေါင်း ၁၈၅၀ ကုဗပေသန်း ထွက်နေတဲ့နေရာမှာ ကိုယ့်နိုင်ငံက ၅၀၇ သန်းသာ သုံးရတဲ့အတွက် ၂၈ ရာခိုင်နှုန်းသာ သုံးနိုင်တယ် ဆိုတာ တွေ့ရမှာပါ။ ဖော်ပြလိုတာကတော့ ၇၂ ရာခိုင်နှုန်းကို ရောင်းထားတယ်ဆိုတဲ့ သဘောပါ။

ဒီခွဲတမ်းထဲမှာလည်းမီးရှို့ပြီး ဓာတ်အားထုတ်တာကို အဓိကလုပ်နေတာ တွေ့ရပါတယ်။ ပြည်ပကဝယ်ယူ တင်သွင်း နေတဲ့ လောင်စာဆီနဲ့ ဓာတ်မြေသြဇာလိုပစ္စည်းတွေ လျှော့ချတင်သွင်းနိုင်အောင် မစီမံသင့်ဘူးလား ဆိုတာက လည်း မေးသင့်တဲ့ မေးခွန်းပါ။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ လောင်စာဆီကုန်ချော ၇၆၇၆၃၇၀၀၀ ဂါလန် ဝယ်သွင်းလိုက်ရတဲ့ ငွေပမာဏဟာ ဒေါ်လာ ၂၃၅၉ သန်း ရှိတဲ့အတွက် အဲ့ဒီနှစ်မှာ သွင်းခဲ့တဲ့ ပြည်ပသွင်းကုန်တန်ဖိုး ဒေါ်လာ ၁၆၆၃၂ သန်းနဲ့ နှိုင်းရင် ၁၄ ရာခိုင်နှုန်း ရှိနေခဲ့တယ်။ သဘာဝဓာတ်ငွေ့ကိုသုံးပြီး ပြည်တွင်းမှာ လောင်စာ အစားထိုးဖို့ အခက်အခဲတွေက ဘာရှိသလဲ စဉ်းစားဖို့ မကောင်းဘူးလား။   အလားတူပဲ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် မှာ ပြည်ပကနေ နေ့စဉ်ဓာတ်မြေသြဇာတန်ချိန် ၈၀၀ ခန့် ဝယ်သွင်းနေတာကို မဝယ်ရအောင် ဓာတ်ငွေ့ပိုသုံးလို့ မရဘူးလား။ ပြည်ပက ဓာတ်မြေသြဇာတင်သွင်းတာက တွက်ခြေပိုကိုက်လို့လား။ ယနေ့လယ်ယာ စိုက်ပျိုးရေး နိုင်ငံမှာ ဓာတ်မြေသြဇာမလုံလောက်ဘူးဆိုတာကို တစ်ဖက်ကဖြေရှင်းသလို ကိုယ့်ဓာတ်ငွေ့ကိုသုံးပြီး ထုတ်ကုန် ပစ္စည်းတွေ ထုတ်လုပ်ပြီး ပြည်ပပို့ရင် တွက်ခြေမကိုက်လို့လား၊ ဓာတ်ငွေ့တိုက်ရိုက် ရောင်းချလိုက်လို့ရတဲ့ ဝင်ငွေက နိုင်ငံအတွက် ပိုအကျိုးရှိလို့လား။ ပြည်တွင်းက ကုန်ချောထုတ်မယ့်စက်ရုံတွေမှာ ဒီဓာတ်ငွေ့ကို ပိုသုံးခဲ့ရင် အလုပ်အကိုင် အခွင့်အလမ်း ပိုရမလာနိုင်ဘူးလား။   အလုပ်အကိုင်အခွင့်အလမ်းရလာရင် အခြားဆက်စပ်နေတဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး မြို့ပြကျူးကျော်ကိစ္စကအစ အခြေအနေကောင်းတွေ ရမလာပေဘူးလား။ ကိုယ့်ဆီကရောင်းနေတဲ့ စွမ်းအင်သယံဇာတဟာ ပြန်ပြည့်မြဲလား၊ အချိန်တစ်ခုမှာ ကုန်ဆုံး သွားမယ့် ပစ္စည်းလားဆိုတာ စနစ်တကျချိန်ထိုးပြီး ဆောင်ရွက်သင့်တယ်လို့ယုံကြည်ပါတယ်။ တစ်ဖက်ကလည်း ကုန်ဆုံးသွားနိုင်တဲ့ ကိုယ့်သယံဇာတကို နောင်လာနောက်သားတွေအတွက်ပါ စဉ်းစားခဲ့ဖို့လိုပါတယ်။

ဆက်လက်ဖော်ပြပါမည်။

 

မော်သာထွေး(မန္တလေး)