(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဒုတိယနေ့ဆက်လက်ခင်းကျင်းပြသ၊ ပြည်သူများ တစ်ခဲနက်လာရောက်လေ့လာကြည့်ရှု

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ဒုတိယနေ့ဆက်လက်ခင်းကျင်းပြသ၊ ပြည်သူများ တစ်ခဲနက်လာရောက်လေ့လာကြည့်ရှု

နေပြည်တော် ဇန်နဝါရီ ၅

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော်ဥပ္ပါတသန္တိစေတီတော်ရှေ့တပေါင်းကွင်း၌ ဒုတိယနေ့အဖြစ် ခင်းကျင်း ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများ တစ်ခဲနက်လာရောက် လေ့လာကြည့်ရှု ကြသည်။

ပြခန်းများနှင့် အရောင်းဆိုင်များရှိရာ တပေါင်းကွင်းအတွင်းသို့ လာရောက်ကြသည့် ပြည်သူများကို သတ်မှတ် နေရာများအလိုက် နေရာယူထားကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက   နွေးထွေးစွာကြိုဆိုကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများကို အဖွဲ့လိုက် မျှဝေပေးကြသည်။

ထို့ပြင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပါဝင်ပြသခဲ့သည့် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးနှင့်ဝန်ကြီးဌာနများမှ ဂုဏ်ပြုယာဉ်များတွင်လည်း ပြည်သူများ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ချစ်ခင်တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဒေသအလိုက် တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဒေသထွက်ကုန်များ နှင့် ဝန်ကြီးဌာနများအလိုက် ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်များကို သရုပ်ဖော်ပြသပေးထားရာ  ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြသည်။

ပြပွဲသို့ လာရောက်လေ့လာကြသူများအနေဖြင့်လည်း လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်းပြသထားသည့် ဂုဏ်ပြု ယာဉ်ကြီးများ၊ ရိုးသားဖြူစင်ဖော်ရွေလှသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရ ဓာတ်ပုံ ရိုက်ကြသူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။

အထူးပျော်ရွှင်စရာ အစီအစဉ်အနေဖြင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များက သက်ဆိုင်ရာရိုးရာ ယဉ်ကျေးမှု အကအလှများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ပေါ်လွင်စေသည့်သီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို တက်ကြွစေမည့်သီချင်းများ၊ ရိုးရာသိုင်းအကအလှများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်ကြီးများရှေ့နှင့် ပြခန်းများရှေ့တွင် ကပြဖျော်ဖြေကြရာ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူ များကလည်း တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပျော်ရွှင်စွာသီဆိုကခုန် ပါဝင်ဆင်နွှဲခြင်းကြောင့် လည်း အထူးစည်ကားလှသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ ဒေသထွက် အစားအသောက်များကို ပြည်သူများ စိတ်ကြိုက်သုံးဆောင်နိုင်ရန်အတွက်လည်း တိုင်းရင်းသားရိုးရာ ဒေသထွက်အစားအသောက်များကို ဈေးနှုန်း ချိုသာစွာ ရောင်းချပေးလျက်ရှိရာ တစ်ချိန်တည်းတွင် တိုင်းရင်းသား အစားအသောက်များကို စားသုံးနိုင်သည့် အခွင့်အရေးဖြစ်သည့်အတွက် ပြည်သူများ စိတ်ဝင်တစား ကြိတ်ကြိတ်တိုး ဝယ်ယူစားသုံးကြသည်။

ထို့ပြင် တိုင်းရင်းသားရိုးရာ ဝတ်စုံများနှင့် အထိမ်းအမှတ်ပစ္စည်းများကို ပြည်သူများ အမြတ်တနိုးတန်ဖိုးထား ဝယ်ယူ ဝတ်ဆင်နိုင်စေရန်အတွက်လည်း ရိုးရာဝတ်စုံများနှင့် အထိမ်းအမှတ်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ စိတ်ဝင်တစားတစ်ခဲနက် ဝယ်ယူအားပေးသူများဖြင့်လည်း စည်ကားလှသည်။

နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အထိမ်းအမှတ်ပြခန်းများတွင်လည်း တန်ခိုးကြီး ဘုရားပုံစံငယ်များ၊ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာဓာတ်ပုံများ၊ ဝတ်စားဆင်ယင်မှုသရုပ်ဖော်ပုံစံများ၊ ဒေသထွက်လူမှုအသုံး အဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များ၊ လက်မှုနှင့် စက်မှုပညာပစ္စည်းများ၊ အပန်း ဖြေလည်ပတ်အနားယူနိုင်သည့် အထင်ကရနေရာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ထင်ရှား ကျော်ကြားသူများ၏ ဓာတ်ပုံများ၊ မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းထားသည့် ယဉ်ကျေးမှု အမွေအနှစ်များနှင့် အဆောက်အအုံ ပုံစံငယ်များကို ခင်းကျင်းပြသထားပြီး နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများ ပိုမိုသိရှိနိုင် စေရန်အတွက်လည်း ဝန်ကြီးဌာနများအလိုက် ပြည်သူ့အကျိုးပြုပြခန်းများကို  ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများ အထူးစိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များ စိတ်ဝင်တစားဖြစ်စေရန်အတွက်လည်း ပြခန်းများတွင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ်များ၊ ပဟေဠိဖြေကြားသည့် အစီအစဉ်များ၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်း အစီအစဉ်များနှင့် လက်ပန်းချီရေးဆွဲပေးခြင်း အစီအစဉ်ကောင်းများကိုလည်း ထည့်သွင်းထား သည်ကို တွေ့မြင်ရသည်။

ဖျော်ဖြေရေးအစီအစဉ်များအဖြစ် ညပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက တိုင်းကျိုး ပြည်ပြုတေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့်လည်းကောင်း၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့်ဇာတိမာန် တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများ ပေါင်းစပ်၍လည်းကောင်း မြူးကြွပျော်ရွှင်စွာ ဖျော်ဖြေကြရာ ပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။

အဆိုပါ ဂုဏ်ပြုယာဉ်များနှင့် ပြခန်းများသို့ လာရောက်ကြည့်ရှုသည့် အများပြည်သူများ ဘေးအန္တရာယ် တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လုံခြုံရေးစောင့်ရှောက်မှု အပြည့်အဝပေးထားသည့်အပြင် ကျန်းမာရေးချို့ယွင်းမှုတစ်စုံ တစ်ရာဖြစ်ပေါ် လာပါကလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်လည်း ဆေးခန်းများ ဖွင့်လှစ်ထားသည်ကို တွေ့ရှိ ရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအနေဖြင့် ပြပွဲသို့ လာရောက်ကြသည့် ပြည်သူများကို စာပေဗဟုသုတအသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ သုတ၊ ရသဆိုင်ရာစာအုပ်များကို စာပေဗိမာန် ရွေ့လျားအရောင်းဆိုင် ဖွင့်လှစ်ရောင်းချနေသည်ကိုလည်း တွေ့ရသည်။

အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာပြခန်း ၁၅ ခန်း စုစုပေါင်းပြခန်း ၅၅ ခန်းနှင့် ဝန်ကြီးဌာနများအလိုက် ကိုယ်စား ပြုဂုဏ်ပြုယာဉ် ၂၆ စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ် ၁၅ စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ် ၁ စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ် ၁ စီးနှင့် တပ်မတော်ကိုယ်စားပြုဂုဏ်ပြုယာဉ် ၅ စီး စုစုပေါင်း ဂုဏ်ပြုယာဉ် ၄၈ စီးတို့ကို ဇန်နဝါရီ ၄ ရက်မှ စတင်၍ ဇန်နဝါရီ ၈ ရက်အထိ ခင်းကျင်းပြသပေးလျက်ရှိရာ  မိဘပြည်သူများ အခမဲ့လာရောက် လေ့လာကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။         

သတင်း - မျိုးဆက်သစ်

ဓာတ်ပုံ-ပြည့်ဖြိုး(မြဝတီ)