သီရိလင်္ကာက အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများပြန်လည်စတင်မည်

သီရိလင်္ကာက အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများပြန်လည်စတင်မည်

သီရိလင်္ကာနိုင်ငံက ရပ်ဆိုင်းထားသည်မှာ လေးနှစ်ကြာမြင့်နေပြီဖြစ်သော    အိန္ဒိယ၊ တရုတ်၊  ထိုင်းနိုင်ငံတို့နှင့်  ကုန်သွယ်ရေးဆွေးနွေးပွဲများကို ပြန်လည်စတင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၅ ရက်တွင်ပြောသည်။

သီရိလင်္ကာနိုင်ငံသည် ကျဆင်းသွားသော နိုင်ငံ၏စီးပွားရေးကို  ပြန်လည်ထူထောင်ရန်ကြိုးပမ်းသည့်အနေဖြင့်    ယခုကဲ့သို့ဆွေးနွေးမှုများလုပ်ဆောင်ရန်ပြင်ဆင်လာခြင်း ဖြစ်သည်။

လူဦးရေ ၂၂ သန်းမျှသာရှိသည့် သီရိလင်္ကာနိုင်ငံအနေဖြင့်   ပြည်ပငွေကြေးပိုင်ဆိုင်မှု အလွန်နည်းပါး သွားသည့်အတွက် စက်သုံးဆီ၊  စားနပ်ရိက္ခာနှင့်  ဆေးဝါးတို့ကိုပင်    ဝယ်ယူနိုင်ခြင်းမရှိတော့ဘဲ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပထမဆုံး စီးပွားရေးပျက်ကပ်နှင့်ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

ယခုပြန်လည်စတင်မည့် ကုန်သွယ်ရေးဆွေးနွေးပွဲများအတွက် ထိုင်းနိုင်ငံမှတာဝန်ရှိသူများက သီရိလင်္ကာနိုင်ငံသို့ ဇန်နဝါရီ ၉ ရက်တွင်ရောက်လာမည်ဖြစ်ပြီး  ၂၀၁၈ ခုနှစ်မှစ၍ရပ်ဆိုင်းထားသည့်    တတိယအကျော့ ကုန်သွယ်ရေးဆွေးနွေးပွဲကို ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၁ ခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဘီလီယံစီရှိပြီး    သီရိလင်္ကာနိုင်ငံ၏အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံများဖြစ်သော   အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲများကိုမူ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် စတင်သွားမည်ဖြစ်သည်။

ကျွန်တော်တို့   အဓိကရည်မှန်းထားတာက စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရေးနဲ့   ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်နိုင်ရေးတို့ဖြစ်ပြီး ဒါဟာ နိုင်ငံကကြုံတွေ့နေရတဲ့ စီးပွားရေးအကျပ်အတည်း အတွက် အရေးပါတဲ့ထွက်ပေါက်တစ်ခုဖြစ်ပါတယ်ဟု သီရိလင်္ကာနိုင်ငံမှ လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက်များအတွက် ညှိနှိုင်းရေးမှူး ကေ ဂျေ ဝီးရာဆင်းကပြောသည်။

ထို့ပြင် သီရိလင်္ကာနိုင်ငံအနေဖြင့် အဆိုပါ သဘောတူညီချက်များအားလုံးကို ၂၀၂၃ ခုနှစ်  နှစ်ကုန် သို့မဟုတ်  ၂၀၂၄ ခုနှစ်အစောပိုင်းတို့တွင်  ရရှိရန်ရည်မှန်းထားကြောင်း သိရသည်။       

 Ref: CNA