တောင်ကိုရီးယားက KF-21 ကို အသံထက်မြန်သည့်အမြန်နှုန်းရရှိစေရန် စမ်းသပ်မည်

တောင်ကိုရီးယားက KF-21 ကို အသံထက်မြန်သည့်အမြန်နှုန်းရရှိစေရန် စမ်းသပ်မည်

တောင်ကိုရီးယားပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်သော KF-21 ကို ရာသီဥတုအခြေအနေပေးပါက အသံထက်မြန်သည့်အမြန်နှုန်းရရှိစေရန် ယခုလအတွင်းစမ်းသပ်မည်ဖြစ်ကြောင်း   သတင်းအရင်းအမြစ်များက ဇန်နဝါရီ ၅ ရက်တွင်ပြောသည်။

အဆိုပါ  တိုက်လေယာဉ်စီမံကိန်းကို ကိုရီးယားလေကြောင်း    စက်မှုလုပ်ငန်းလီမိတက်က  ဦးစီးလုပ်ဆောင်နေခြင်း ဖြစ်ပြီး ထိုလေယာဉ်အနေဖြင့် အသံထက်မြန်သည့် အမြန်နှုန်းရရှိရေးမှာ ယခုစီမံကိန်း၏ အဓိကကျသောအခန်းကဏ္ဍဖြစ်သည်။

ကျွန်တော်တို့အနေနဲ့ အသံထက်မြန်တဲ့ အမြန်နှုန်းရရှိစေဖို့စမ်းသပ်မှုကို    ဒီလအတွင်းတစ်ရက်ရက်မှာ လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒါပေမဲ့  ရာသီဥတုအခြေအနေကြောင့် ဘယ်ရက်မှာ  လုပ်ဖြစ်မယ်ဆိုတာကတော့ အတိအကျမပြောနိုင်သေးပါဘူးဟု အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

ထိုတိုက်လေယာဉ်၏ တတိယမြောက်ရှေ့ပြေးပုံစံကို ဇန်နဝါရီ ၅ ရက်တွင် အောင်မြင်စွာစမ်းသပ်ပျံသန်းမှု လုပ်ဆောင်ထားနိုင်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ အဆိုပါလေယာဉ်အတွက် စမ်းသပ်ပျံသန်းမှုအကြိမ်ပေါင်း ၂၀၀၀ ခန့် လုပ်ဆောင်သွားရန် တာဝန်ရှိသူများကစီစဉ်ထားသည်။

KF-21 တိုက်လေယာဉ်ထုတ်လုပ်ရေးအတွက် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံကုန်ကျမည်ဟု လျာထားသည်။

စတုတ္ထမျိုးဆက်လွန်ဖြစ်လာမည့် အဆိုပါတိုက်လေယာဉ်သည်   တောင်ကိုရီးယားလေတပ်ရှိ သက်တမ်းကြာ F-4 နှင့် F-5 တိုက်လေယာဉ်များနေရာတွင်  အစားထိုးတာဝန် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။              

Ref: Yonhap