မရေရာတဲ့စီးပွားရေးအခြေအနေကြောင့် အမေဇုန်ကုမ္ပဏီက အလုပ်သမား      ကိုထုတ်ပယ်ဖို့ဆုံးဖြတ်ရ

မရေရာတဲ့စီးပွားရေးအခြေအနေကြောင့် အမေဇုန်ကုမ္ပဏီက အလုပ်သမားကို ထုတ်ပယ်ဖို့ဆုံးဖြတ်ရ

၂၀၂၃ ခုနှစ်ဟာ ရှည်ကြာတဲ့စီးပွားရေးကျဆင်းမှုဖြစ်ပွားမယ့်နှစ်  ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်များက  ဆိုထားတာကြောင့် စီးပွားရေးကုမ္ပဏီအများအပြားက အလုပ်သမားတွေကို ထုတ်ပယ်မှုတွေ ဆက်လက်လုပ်ဆောင်လာနေတာတွေ့ရပါတယ်။

ဒီလိုအလုပ်သမားထုတ်ပယ်မှုတွေလုပ်ရတဲ့ ကုမ္ပဏီတွေထဲမှာ အွန်လိုင်းလက်လီ အရောင်းကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ အမေဇုန်ကုမ္ပဏီလည်း မလွတ်ခဲ့ပါဘူး။ အခုတော့  ရှည်ကြာမယ့်စီးပွားရေးကျဆင်းမှု အခြေအနေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သူ့ကုမ္ပဏီက ဝန်ထမ်း အင်အား ၁၈၀၀၀ ကိုထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ရပါပြီ။

အဲဒီလိုအလုပ်ထုတ်ခံရမယ့်ဌာနတွေထဲမှာ အမေဇုန်စတိုးများနဲ့ အမေဇုန်ရဲ့ People Experience and Technology Solutions (PXT Solutions) အဖွဲ့တို့က အလုပ်သမား အများဆုံးအထုတ်ခံရမယ့် ဌာနတွေဖြစ်တယ်လို့ အွန်လိုင်းလက်လီ အရောင်းကုမ္ပဏီကြီးရဲ့ အမှုဆောင်အရာရှိချုပ် အန်ဒီဂျက်ဆီက ပြောပါတယ်။

အမေဇုန်ကုမ္ပဏီဟာ အတိတ်မှာတုန်းက ရေရာသေချာမှုမရှိဘဲ ခက်ခဲတဲ့စီးပွား ရေးအခြေအနေတွေကို ကျော်လွှားလွန် မြောက်ခဲ့ပါတယ်။ ဒီအတိုင်းပဲကျွန်တော်တို့ဆက်လုပ်သွားမှာပါ။ ကုမ္ပဏီတွေအနေနဲ့ မတူညီတဲ့အဆင့်တွေနဲ့ ရေရှည်ဆက်လက်ရှင်သန်သွားနေတာဖြစ်ပါတယ်လို့ အန်ဒီဂျက်ဆီကဆက်ပြောပါတယ်။

အမေဇုန်ကုမ္ပဏီကနေ အလုပ်ထုတ်ခံရ မယ့်ဝန်ထမ်း ၁၈၀၀၀ ကိုတော့ ဇန်နဝါရီ ၁၈ ရက်မှာ အသိပေးသွားမှာဖြစ်တယ်လို့ အမှုဆောင်အရာရှိချုပ်ကဆိုပါတယ်။

အမေဇုန်ကုမ္ပဏီအနေနဲ့ အလုပ်သမားအင်အား ၁၀၀၀၀ ဝန်းကျင်ခန့်ကို အလုပ်ထုတ်သွားဖို့စီစဉ်ထားတယ်လို့ မီဒီယာများက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ထုတ်ပြန်ထားကြတာတွေ့ရပါတယ်။

အဲဒီလိုအလုပ်ထုတ်မှုကြောင့် သက်ရောက်မှုရှိမယ့်ဌာနတွေက အမေဇုန်ထုတ်ကုန်ပစ္စည်းများဌာန၊ လက်လီအရောင်းဌာနနဲ့ လူသားအရင်းအမြစ်ဌာနတို့ ဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။

မည်သို့ပင်ဆိုစေကာမူ အခုလိုမျိုးအလုပ် သမားအင်အား ၁၈၀၀၀ ကို အလုပ်ထုတ်တာကတော့ အင်မတန်ကြီးမားတဲ့ အင်တာနက်အခြေပြုစီးပွားရေးကုမ္ပဏီတစ်ခုအတွက် အများဆုံးပမာဏဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါက ကပ်ရောဂါအသွင်ဖြစ်ပွားမှု၊ လော့ဒေါင်းများနဲ့တခြားသော ကန့်သတ်ချက်တွေ ချမှတ်မှုများက အမေဇုန်သမိုင်းတစ်လျှောက်မှာ အမြတ်ငွေအများဆုံးကာလတွေဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက လူတွေဟာအွန်လိုင်းကနေသာ  ဈေးဝယ်မှုတွေလုပ်ကြတယ်။ ကုမ္ပဏီတွေကလည်း   အွန်လိုင်းကနေတစ်ဆင့်   လုပ်ငန်းတွေလုပ်ကြတယ်။ ဒီအတောအတွင်းမှာ အမေဇုန်ကုမ္ပဏီဟာ သူတို့ရဲ့အလုပ်သမား အင်အားကို နှစ်ဆ လောက်တိုးမြှင့်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုကျဆင်းသွားချိန်မှာ နောက်ထပ်ပေါ်ပေါက်လာတဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကိုတော့ အမေဇုန်မခံနိုင်တော့ပါဘူး။   ငွေကြေးဖောင်းပွမှုကြောင့် လူတွေဟာ ဝယ်ယူမှုတွေ ကိုလျှော့ချလာပါတယ်။

ဒီအချိန်မှာ အမေဇုန်ကုမ္ပဏီရဲ့တိုးတက်မှုအခြေအနေက နှစ်ပေါင်း ၂၀ အတွင်း အနိမ့်ဆုံးကိုရောက်ရှိ သွားပါတယ်။ ဒါကြောင့် ၂၀၂၂ ခုနှစ်အတွင်းမှာ အမေဇုန်ကုမ္ပဏီက အလုပ်သမားအင်အား ၁၀၀၀၀ လောက်ကိုအလုပ်ထုတ်ခဲ့ရာကနေ အခုတော့ နောက်ထပ်အလုပ်သမား ၁၈၀၀၀ ကိုအလုပ်ထုတ်ဖို့ ကြံရွယ်လာရတာပါ။

အခုလိုမျိုး အလုပ်သမားကိုလျှော့ချရတာ အမေဇုန်ကုမ္ပဏီတစ်ခုတည်းလားဆိုတော့မဟုတ်ပါဘူး။ ဖေ့စဘွတ်၊ အင်စတာဂရမ် လူမှုကွန်ရက်တွေကိုပိုင်ဆိုင်တဲ့ မီတာကုမ္ပဏီက သူတို့ကုမ္ပဏီရဲ့တန်ဖိုးအမေရိကန်ဒေါ်လာ ၁ ထရီလီယံကနေ ဘီလီယံ ၂၅၀ ကိုကျဆင်းသွားတဲ့အတွက် အလုပ်သမားအင်အား ၁၃ ရာခိုင်နှုန်းကို လျှော့ချလိုက်ရပါတယ်။

အလားတူပဲ တွစ်တာကုမ္ပဏီဆိုရင်လည်း တက်စလာနဲ့  Space X ကုမ္ပဏီတို့မှအမှုဆောင်အရာရှိချုပ် အီလွန်မက်က ဒေါ်လာ ၄၄ ဘီလီယံနဲ့ဝယ်ပြီးမှ အလုပ်သမားထက်ဝက်ခန့်ကို အလုပ်ဖြုတ်လိုက်တာ တွေ့လိုက် ရပါတယ်။

 

ကိုထက်