စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-(၁၄)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၄)

အမှတ်စဉ် (၁၄)

ကမ္ဘာ့ကျောက်မီးသွေးအသုံးဆုံးနိုင်ငံတွေကိုလေ့လာရင်   တရုတ်ကတော့ နှစ်စဉ်ကမ္ဘာ့ထက်ဝက်ကျော်သုံးနေပြီး အိန္ဒိယက ကမ္ဘာရဲ့ဆယ်ပုံတစ်ပုံ သုံးနေပါတယ်။  ဒီနှစ်နိုင်ငံဟာ မိမိတို့နိုင်ငံကို  အရှေ့နဲ့အနောက် နှစ်ဖက်ကနေ ညှပ်ထားတဲ့ နိုင်ငံနှစ်နိုင်ငံပါပဲ။ သူတို့နှစ်နိုင်ငံပေါင်းဟာ ကမ္ဘာရဲ့ ၆၀ ရာခိုင်နှုန်းကျော်ပမာဏထိ ကျောက်မီးသွေး သုံးပြီး နိုင်ငံကိုတိုးတက်အောင် လုပ်နေကြတယ်။ သူတို့လိုပဲ အမေရိကန်လည်း ကာဗွန်လျှော့ပါမယ်သာ ပြောနေတာ ကျောက်မီးသွေးသုံးတဲ့နေရာမှာ ကမ္ဘာ့တတိယနေရာက မဆင်းပါဘူး။ အာရှမှာ ဂျပန်နဲ့ တောင်ကိုရီး ယားတို့ကလည်း ကမ္ဘာ့နံပါတ်(၄)နဲ့ နံပါတ်(၇)က မဆင်းကြပါဘူး။ ဒီထဲမှာဖော်ပြခဲ့တဲ့ ကာဗွန်လျှော့ချရေး၊ ကမ္ဘာ့ရာသီဥတုအရေး ကျယ်ကျယ်အော်နေတဲ့ ဂျာမနီကလည်း သုံးလိုက်တဲ့ကျောက်မီးသွေးဟာ နှစ်စဉ်တန်ချိန် ၁၀၈ သန်းတောင်ရှိပါတယ်။ မြန်မာတစ်နိုင်ငံလုံးရှိသမျှ ကျောက်မီးသွေးသိုက်ရဲ့လေးပုံတစ်ပုံကို နှစ်စဉ်သုံးနေ တာပါ။ ကမ္ဘာ့နံပါတ်(၈)အဆင့်ထိ ကျောက်မီးသွေးသုံးပြီး  ဘာကြောင့်ကျယ်ကျယ်အော်နေသလဲဆိုရင် သူ့နိုင်ငံက နျူကလီးယား၊ လေအားစတဲ့ နည်းပညာနဲ့ တီထွင်မှုပစ္စည်းတွေကို ကမ္ဘာ့ဈေးကွက်ထဲ ပို့ချင်နေပုံရပါတယ်။ တကယ်လို့သာ တရုတ်၊ အမေရိကန်၊ အိန္ဒိယတို့ရဲ့ ကျောက်မီးသွေးအသုံးဟာ ကျမသွားဘူးဆိုရင် အဲဒီနိုင်ငံတွေက ထုတ်လုပ်မယ့်ကုန်ပစ္စည်းဈေးနှုန်းတွေကို ဂျာမနီဟာ ယှဉ်ဖို့ ခက်နေမှာကို စိုးရိမ်နေပုံရပါတယ်။ နမူနာပြရရင် တရုတ်ဟာ အရင်က ဥရောပနိုင်ငံတွေသာ လွှမ်းမိုးထားတဲ့နည်းပညာမြင့်ပစ္စည်းတွေကို အခု သူ့နိုင်ငံထဲမှာပဲ အရည်အသွေးမြှင့်ပြီး ထုတ်နိုင်လာတယ်။ ဈေးကလည်း သက်သာနေတာကြောင့် ဥရောပနိုင်ငံတွေကို ခြိမ်းခြောက် လာနေလို့ပါပဲ။

နောက်ဥရောပနိုင်ငံတစ်ခုဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသံကျယ်နေတဲ့ ပိုလန်ကလည်း ကျောက်မီးသွေး သိုက်ပိုင်ဆိုင်မှုမှာ ထိပ်ဆုံးကမ္ဘာ့ ၁၀ နိုင်ငံစာရင်းထဲမှာမပါသော်လည်း ထုတ်လိုက်တဲ့ ကျောက်မီးသွေး၊ သုံးလိုက်တဲ့ ကျောက်မီးသွေးကတော့ ကမ္ဘာ့အများဆုံး ၁၀ နိုင်ငံမြောက်ဖြစ်နေပါတယ်။ ဒီကိန်းဂဏန်းတွေကို ဖော်ပြနေတာဟာ ကမ္ဘာ့နိုင်ငံတွေအပြောနဲ့အလုပ် ညီ မညီကို ချိန်ထိုးနိုင်ဖို့ပါပဲ။ နေ့စဉ်ဖတ်ရှု လေ့လာနေကြတဲ့ ကမ္ဘာ့သတင်း၊ မြန်မာ့ သတင်းတွေထဲမှာ ပါနေတာတွေ၊ သူတို့ခေါင်းဆောင်တွေ ပြောဆိုနေတာဟာ ဘယ်ခြေလှမ်းတွေအတွက် စကားတွေ ကြိုပြောနေတယ်ဆိုတာ အကဲခတ်နိုင်ဖို့ပါပဲ။ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေကို သြဇာလွှမ်းဖို့၊ ပစ္စည်းရောင်းဖို့၊ နည်းပညာရောင်းဖို့ အားထုတ်နေတဲ့နိုင်ငံတွေဟာ ကျောက်မီးသွေး ဘယ်လောက်ထုတ်သုံးတယ် ဆိုတာ သိစေချင်လို့ဖော်ပြခဲ့တာပါ။

ကျောက်မီးသွေးအမျိုးအစားများ

ကျောက်မီးသွေးကိုလေ့လာတဲ့အခါ အောက်ပါအတိုင်း အဓိကအုပ်စု ၄ မျိုးခွဲနိုင်ပါတယ်။ အဲ့ဒီ ၄ မျိုးမှာ မတူညီတဲ့ အရည်အသွေးတွေရှိနေပါတယ်။ ကျောက်မီးသွေးအမျိုးအစား ၄ မျိုးရဲ့ ဂုဏ်သတ္တိများကို အောက်ပါအတိုင်း နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ကျောက်မီးသွေးအမျိုးအစားအလိုက် ဂုဏ်သတ္တိများ

ကမ္ဘာ့လက်ကျန်အခြေအနေကို အမျိုးအစားအလိုက် ထပ်ခွဲမယ်ဆိုရင်တော့ အောက်ပါ အတိုင်းတွေ့ရမှာပါ-

            (           က        )           Lignite                         ၁၀        ရာခိုင်နှုန်း

            (           ခ          )           Sub-Bituminous           ၉          ရာခိုင်နှုန်း

            (           ဂ          )           Bituminous                  ၈၀        ရာခိုင်နှုန်း

            (           ဃ        )           Anthracite                    ၁          ရာခိုင်နှုန်း

အသီးသီးဖြစ်ပါတယ်။ ဒီလေးမျိုးမှာ အမှတ်စဉ်(က)ဟာ အရည်အသွေး အနိမ့်ဆုံးဖြစ်ပြီး (ဃ)ဟာ အရည်အသွေး အကောင်းဆုံးဖြစ်ပါတယ်။ (Source- IEA Coal Information 2015)

မြန်မာ့ကျောက်မီးသွေးလက်ကျန်

မြန်မာနိုင်ငံမှာထွက်ရှိနေတဲ့ ကျောက်မီးသွေးတွင်းများရဲ့ ခန့်မှန်းခြေ လက်ကျန်တန်ချိန်များကတော့-

            (           က        )           Lignite                                                             ၄၃.၇     တန်သန်းပေါင်း

            (           ခ          )           Lignite to Sub-Bituminous                               ၂၀၂.၄ တန်သန်းပေါင်း

            (           ဂ          )           Sub-Bituminous                                               ၂၁၃.၅ တန်သန်းပေါင်း

                                                စုစုပေါင်း                                                           ၄၅၉.၆ တန်သန်းပေါင်း

(Source; Myanmar Ministry of Mine (2013) ကျောက်မီးသွေး အမျိုးအစားလိုက် တန်ချိန်လက်ကျန်)

မြန်မာ့ကျောက်မီးသွေးသိုက် အားလုံးပေါင်းရဲ့ ပမာဏဟာ တစ်ကမ္ဘာလုံးနဲ့ နှိုင်းယှဉ်ရင်တော့ လုံးဝပြောပလောက် တဲ့ ပမာဏမဟုတ်ဘူးဆိုတာ တွေ့ရမှာပါ။ ဒါ့အပြင် ရှိတဲ့ကျောက်မီးသွေးရဲ့အရည်အသွေးကို ကြည့်ပြန်တော့ လည်း အညံ့ဆုံးဖြစ်တဲ့ Lignite နဲ့ Sub-Bituminous များသာ များနေတာကို တွေ့ရပါမယ်။

ကျောက်မီးသွေးအရည်အသွေးနဲ့ ရလဒ်

ကျောက်မီးသွေးအရည်အသွေးနိမ့်ရင် အပူစွမ်းအင် (CalorificValue) လည်း နိမ့်မှာဖြစ်တဲ့အတွက် အပူစွမ်းအင် ရယူရာမှာ ကျောက်မီးသွေးပမာဏကို ပိုပြီးသုံးရပါတယ်။ ပိုသုံးရတော့ ကျောက်မီးသွေးသိုက်တွေ မြန်မြန်ကုန် သွားမှာပေါ့။                     

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)