ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် အကျဉ်းသား၊ အချုပ်သားများ ဆူပူအကြမ်းဖက်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် အကျဉ်းသား၊ အချုပ်သားများ ဆူပူအကြမ်းဖက်မှုဖြစ်ပွား

ဇန်နဝါရီ-

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အကျဉ်းထောင်အတွင်းရှိ အိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊ အချုပ်သား ၇၀ ဦးခန့်သည် ယနေ့ နံနက်ပိုင်းတွင် အိပ်ဆောင်ဝန်းတံခါးများကို ချိုးဖျက် ဖျက်ဆီးခြင်း၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းများကို အော်ဟစ်ဆဲဆိုခြင်း၊ မချေမငံပြောဆိုခြင်း၊ ရန်မူရန် ကြိုးပမ်း လာခဲ့သဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက မိမိအခန်းများသို့ အသာတကြည် ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဆက်လက် အော်ဟစ် ဆူပူမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

     ထို့နောက် အခြားအိပ်ဆောင်တစ်ခုမှ အကျဉ်းသား၊ အချုပ်သားအချို့ကလည်း ၎င်းတို့၏အိပ်ဆောင်များရှိ ဝန်းတံခါးများကို ဖျက်ဆီးခြင်း၊ CCTV များအား ဖျက်ဆီးခြင်း၊ အကျဉ်း ထောင်အတွင်းရှိ စည်းကမ်းထိန်းရုံးသို့ သွားရောက် ရန်မူရန်ကြိုးစားလာကြပြီး ပထမဆူပူမှု ဖြစ်ပွားနေသည့်အဆောင်ရှိ အကျဉ်းသား၊ အချုပ်သားများနှင့် ပူးပေါင်းကာ ဖျက်ဆီးမှုများကို အရှိန်မြှင့်  ဆောင်ရွက်လာကြပါသည်။

    ထိုသို့ ဆူပူအကြမ်းဖက်ဖြစ်စဉ်များကြောင့် အခြေအနေကို ထိန်းသိမ်းဆောင်ရွက်နိုင် ရန်အတွက် နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်း၊ အကျဉ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစီး၍ တာဝန်ရှိသူဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီး၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကျဉ်းထောင်အတွင်းသို့ ဝင်ရောက်ကာ အကျဉ်းသား၊ အချုပ်သားများအား လူစုခွဲရန် ထပ်မံပြောကြားဖျောင်းဖျခဲ့သော်လည်း လိုက်နာမှုမရှိဘဲ အိပ်ဆောင်ကွပ်ပျစ်များအား ရိုက်ချိုးထားသည့် သစ်သားချောင်းများ၊ အုတ်နီခဲများ၊ အင်္ဂတေခဲကျိုး များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရန်မူတိုက်ခိုက်လာကြသဖြင့် ဆက်လက်ဖျောင်းဖျရန် အခြေအနေမရှိတော့ဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့် ပစ်ခတ်ပြီး ဒုတ်/ဒိုင်းများ အသုံးပြုနှိမ်နင်းခဲ့ရကြောင်း၊         ဆူပူအကြမ်းဖက်မှုကို ထိန်းသိမ်းနေစဉ် အကျဉ်းသား၊ အချုပ်သားများအနေဖြင့် ၎င်းတို့အချင်းချင်း ခိုက်ရန်ဖြစ်ပွား ထိုးကြိတ် ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များ၏ ထိန်းသိမ်းမှုကြောင့် ၁၁ နာရီခွဲအချိန်ခန့်တွင် အခြေအနေအား ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။

       အထက်ပါဖြစ်စဉ်အရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၉ ဦး၊ ပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၁ ဦးမှာ ၎င်းတို့ အချင်းချင်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကာ အကျဉ်းသား၊ အချုပ်သား ၆၃ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖြစ်စဉ်ပါ ပဏာမစိစစ်မှုအရ ဇန်နဝါရီ ၅ ရက် ညပိုင်းတွင် အကျဉ်းသားတစ်ဦးထံမှ ကီးပတ်ဖုန်း ၁ လုံးအား ရှာဖွေသိမ်းဆည်းရမိမှု အပေါ် လိုအပ်သလို အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေစဉ် ၎င်းဖြစ်စဉ်အပေါ် ကျေနပ်မှုမရှိခြင်း၊ အချင်းချင်းမြှောက်ပင့်၍ ရုန်းရင်းဆန်ခတ်ဖြစ်အောင် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် စိစစ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။