တရုတ်က စစ်ပွဲကာလအတွက်အရေးပါမည့် အကြီးစားဝန်တင်သင်္ဘောကိုထုတ်ဖော်ပြသ

ပေကျင်း၊ စစ်လက်နက်ပစ္စည်း

တရုတ်က စစ်ပွဲကာလအတွက်အရေးပါမည့် အကြီးစားဝန်တင်သင်္ဘောကိုထုတ်ဖော်ပြသ

တရုတ်ရေတပ်က စစ်ပွဲကာလအတွက် အလွန်အရေးပါမည့် အကြီးစားဝန်တင်သင်္ဘောကို ထုတ်ဖော်ပြသလိုက် ကြောင်းသိရသည်။

ကိုယ်ထည်အမှတ် ၈၃၄ ဟုရိုက်နှိပ်ထားသည့် Yinmahu အမည်ရှိ အဆိုပါသင်္ဘောသည် အခြားသောစစ်သင်္ဘော များကို တင်ဆောင်ကာ ရေမိုင် ၁၀၀၀ နီးပါးခရီးသွားစမ်းသပ်မှုကိုလုပ်ဆောင်ခဲ့ကြောင်း CCTV သတင်းဌာနက ဇန်နဝါရီ ၅ ရက်တွင် ဖော်ပြထားသည်။

အဆိုပါရေယာဉ်သည် စစ်ပွဲကာလအတွင်း အကြီးစားစစ်လက်နက်ပစ္စည်းများ၊ စစ်သင်္ဘောများကိုသယ်ယူပို့ဆောင် ရာတွင်လည်းကောင်း၊ ပျက်စီးသွားသောစစ်ရေယာဉ်များကို ဆယ်တင်ရေးတွင်လည်းကောင်း အလွန်အရေးပါသော အခန်းကဏ္ဍမှပါဝင်လာမည်ဖြစ်သည်။

ထို့ပြင် နေရာတွင် ချက်ချင်းပြုပြင်မှုများ လုပ်ဆောင်ရန်လိုအပ်သည့် စစ်ရေယာဉ်များအတွက်လည်း အဆိုပါ ဝန်တင် သင်္ဘောကို ယာယီသင်္ဘောကျင်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

ယခုလုပ်ဆောင်သည့်စမ်းသပ်မှုသည် သင်္ဘော၏ ခရီးဝေးသွားနိုင်စွမ်းကို ပိုမိုမြင့်မားစေသည်သာမက ကိုယ်နှင့် မရင်းနှီးသော နယ်မြေဝန်းကျင်တွင် ဆိုးဝါးသောအခြေအနေများ၌ သွားလာနိုင်စွမ်းကိုပါ ပိုမိုတိုးတက် စေကြောင်း သတင်းဌာနကဖော်ပြထားသည်။

တရုတ်ရေတပ်အနေဖြင့် Yinmahu အကြီးစားဝန်တင်သင်္ဘောကို ယခုမှပထမဆုံးအကြိမ် ထုတ်ဖော်ပြသခြင်း ဖြစ်ပြီး ထိုသင်္ဘောသည် ရေတပ်အတွက် ဒုတိယမြောက်ဝန်တင်သင်္ဘောဖြစ်လာသည်။

ပထမဆုံးဝန်တင်သင်္ဘောမှာ ကိုယ်ထည်အမှတ် ၈၆၈ ဖြင့် Donghaidao အမည်ရှိသင်္ဘောဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် တပ်တော်ဝင်ထားခြင်းဖြစ်သည်။

အဆိုပါ ဝန်တင်သင်္ဘောများအနေဖြင့် တန်ချိန် တစ်သိန်းအထိအလေးချိန်ရှိသည့် သင်္ဘောများကိုပင် သယ်ဆောင် နိုင်စွမ်းရှိကြောင်းသိရသည်။

Ref: SCMP