ကမ္ဘာ့ရေခဲမြစ်ထက်ဝက်ခန့် ၂၁၀၀ ပြည့်နှစ်တွင် ပျောက်ကွယ်မည်

ဝါရှင်တန်၊ ရာသီဥတု

ကမ္ဘာ့ရေခဲမြစ်ထက်ဝက်ခန့် ၂၁၀၀ ပြည့်နှစ်တွင် ပျောက်ကွယ်မည်

ရာသီဥတုပြောင်းလဲမှုကြောင့် ၂၁၀၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာ့ရေခဲမြစ်၏ထက်ဝက်ခန့်သည် ပျောက်ကွယ်သွား မည်ဖြစ်ကြောင်း၊ သို့သော် ကမ္ဘာ့အပူချိန်ကို ထိန်းချုပ်နိုင်ပါက ကျန်ရေခဲမြစ်များကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သုတေသနအရသိရသည်။

ရေခဲမြစ်များ အရည်ပျော်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှင့် ရေအရင်းအမြစ်များ ဆုံးရှုံးမှုတို့ဖြစ်ပေါ် လာနိုင်ကြောင်း သုတေသနပညာရှင်များက အလေးပေးပြောထားသည်။ သုတေသနပညာရှင်များသည် ဖြစ်ပေါ် လာနိုင်သည့် ကမ္ဘာ့ပျမ်းမျှ အပူချိန်လေးမျိုးဖြစ်သော ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်၊ ၂ ဒီဂရီစင်တီဂရိတ်၊ ၃ ဒီဂရီစင်တီဂရိတ်နှင့် ၄ ဒီဂရီစင်တီဂရိတ်တို့အပေါ် မူတည်၍ မူဝါဒချမှတ်သူများအတွက် အထောက်အကူဖြစ်စေရန် တွက်ချက်ပေးထားခြင်းဖြစ်သည်။

“အပူချိန်ဒီဂရီတွေ တိုးတိုင်းမှာ ရေခဲမြစ်တွေအရည်ပျော်မှုနဲ့ ဆုံးရှုံးမှုတွေ ပိုမိုဖြစ်ပွားလာမှာပါ။ ဒါပေမဲ့ ကမ္ဘာ့ အပူချိန်ကို လျှော့ချနိုင်မယ်ဆိုရင်တော့ အရည်ပျော်မှုတွေ၊ ဆုံးရှုံးမှုတွေဟာလည်း လျော့နည်းသွားပါလိမ့်မယ်” ဟု အော်စလိုတက္ကသိုလ်မှ ပူးတွဲသုတေသနပညာရှင် ရီဂျင်ဟော့က ပြောထားသည်။

ပဲရစ်ရာသီဥတုသဘောတူညီချက်က ကမ္ဘာ့ပျမ်းမျှအပူချိန်ကို စက်မှုခေတ်မတိုင်မီအပူချိန်ဖြစ်သည့် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အထိ လျှော့ချနိုင်ရေးရည်မှန်းထားသော်လည်း လက်ရှိအချိန်တွင်မူ ကမ္ဘာ့အပူချိန်သည် ၂ ဒသမ ၇ ဒီဂရီ စင်တီဂရိတ်အထိတိုးမြင့်လာနိုင်သည်ဟု ခန့်မှန်းရသည်။

ထိုသို့သာဖြစ်လာပါက အလယ်ဥရောပ၊ ကနေဒါအနောက်ပိုင်း၊ အမေရိကန်နှင့်နယူးဇီလန်တို့ရှိ ရေခဲမြစ်များ အားလုံးနီးပါးကို အရည်ပျော် ပျောက်ကွယ်သွားစေမည်ဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post