စက္ကန့်ပိုင်းအတွင်း အရောင် ၃၂ မျိုးအထိပြောင်းလဲနိုင်တဲ့ BMW ထုတ် i Vision Dee -(၁၅-၂)

စက္ကန့်ပိုင်းအတွင်း အရောင် ၃၂ မျိုးအထိပြောင်းလဲနိုင်တဲ့ BMW ထုတ် i Vision Dee

ကိုယ်အမြတ်တနိုးထားပြီးစီးနင်းနေတဲ့ မော်တော်ကားတစ်စီးက အရောင်မျိုးစုံပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုရင် မိတ်ဆွေအနေနဲ့ ဘယ်လောက်အထိ သဘောကျနှစ်ခြိုက်လိမ့်မလဲနော်။

တစ်နည်းပြောရရင် ပစ္စည်းတစ်မျိုးလက်ထဲရောက်ရင် ကလိလေ့ရှိတဲ့ ယောကျ်ားထုကြီးအတွက် ဒီလိုမော်တော် ကားတစ်စီးရှိလာဖို့ဆိုတာ အိပ်မက်ပမာဖြစ်မိမှာပါ။ ဒါပေမဲ့ အခုတော့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော် နိုင်ပါပြီ။ ယောကျ်ားထုကြီးရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ပေးလိုက်တာက BMW မော်တော်ကား ကုမ္ပဏီပါပဲ။

BMW ကုမ္ပဏီက i Vision Dee ဆိုတဲ့ ကားအမျိုးအစားအသစ်တစ်မျိုးကို CES 2023 ပြပွဲမှာ ထုတ်ဖော်ပြသ သွားခဲ့တာ တွေ့ရပါတယ်။

Dee ဆိုတဲ့အဓိပ္ပာယ်က Digital Emotional Experience ကို အတိုကောက်မှည့်ခေါ် ထားတာ ဖြစ်ပြီး လူတွေနဲ့ သူတို့ရဲ့ကားတွေကြားမှာ ပိုမိုခိုင်မာတဲ့ ရင်းနှီးမှုတည်ဆောက်နိုင်ရေး ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

အလယ်အလတ်အရွယ်အစားရှိတဲ့ ဇိမ်ခံကားတစ်စီးပုံစံနဲ့ i Vision Dee ကို ဆန်းသစ်တီထွင်တဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်ထားတာပါ။သူ့ကိုမြင်လိုက်တာနဲ့ ခေတ်ရှေ့ပြေးတဲ့ မော်တော်ကား တစ်စီးမှန်းသိသာ စေမယ့် အသွင် အပြင်နဲ့ ပွဲထုတ်လာတဲ့ i Vision Dee ဟာ မကြာခင်မှာ ဈေးကွက်ထဲကို ရောက်ရှိလာ တော့မှာပါ။

“ဟာ့ဝဲနဲ့ဆော့ဝဲပေါင်းစပ်လိုက်တဲ့အခါ ဘယ်လိုအရာထွက်ပေါ်လာနိုင်လဲဆိုတာကို BMW i Vision Dee နဲ့အတူ ထုတ်ဖော်ပြသလိုက်ပါပြီ။ ဒီလိုနည်းလမ်းနဲ့ပဲ ကျွန်တော်တို့ဟာ မော်တော်ကားတစ်စီးကို ဉာဏ်ရည် သာလွန် ကောင်းမွန်တဲ့ ပေါင်းစပ်မှုတစ်ခုဆီကို ကူးပြောင်းသွားနိုင်ပါပြီ။ အခုဖော်ပြထားတာကတော့ BMW ကုမ္ပဏီ အတွက် သာမက မော်တော်ကား ထုတ်လုပ်သူများအားလုံးအတွက် အနာဂတ်ဖြစ်ပါတယ်” လို့ BMW စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ အိုလီဗာဇစ်က ပြောထားပါတယ်။

အခု CES 2023 မှာထုတ်ဖော်မိတ်ဆက်သွားတဲ့ i Vision Dee အကြောင်းမပြောခင် မနှစ်ကကျင်းပခဲ့တဲ့ CES 2022 မှာ ပြသသွားတဲ့ BMW iX Flow အကြောင်းကို အနည်းငယ်ပြောချင်ပါတယ်။ BMW iX Flow မှာ ကိုယ်ထည် မျက်နှာပြင်ကို အခြေအနေအပေါ်လိုက်ပြီး အရောင်ပြောင်းတတ်တဲ့ Electrophoretic နည်းပညာ အသုံးပြု ထားပါတယ်။

အဲဒီနောက်ပိုင်း အရောင်ပြောင်းကားကိုယ်ထည်ကို စိတ်ကူးယဉ်ဖန်တီးခဲ့တဲ့ စတဲလာကလာ့ရဲ့အဖွဲ့ဟာ E Ink  အရောင်ပြောင်း နည်းပညာနဲ့ ပတ်သက်ပြီး အချိန်တိုင်းအပတ်တကုတ် ကြိုးစားဖော်ဆောင်လာခဲ့တာ အခုပြပွဲမှာ i Vision Dee ကို ထုတ်ဖော်ပြသလာနိုင်တဲ့အထိပါပဲ။

CES 2023 မှာထုတ်ဖော်ပြသလာတဲ့ i Vision Dee ဟာ အဲဒီနည်းပညာကနေတစ်ဆင့် ဆင့်ပွားဖြစ်ပေါ်လာတဲ့ မော်တော်ကားတစ်စီးဖြစ်တယ်လို့ BMW ကဝန်ခံထားပါတယ်။

i Vision Dee ရဲ့ကိုယ်ထည်မှာ E Ink အပိုင်းဆက်စုစုပေါင်း ၂၄၀ အထိပါဝင်ပါတယ်။  အဲဒီအပိုင်းတစ်ပိုင်းစီကို လိုအပ်သလိုစိတ်တိုင်းကျထိန်းချုပ်နိုင်ပါတယ်။ ဒီအတွက်ကြောင့် i Vision Dee ဟာ စုစုပေါင်း အရောင် ၃၂ မျိုးအထိ ပြောင်းလဲနိုင်တာပါ။

ဒီလိုအရောင် ၃၂ မျိုးကို ကားရဲ့ကိုယ်ထည်မှာဖော်ပြဖို့အတွက် သမားရိုးကျပုံနှိပ်မှုမှာအသုံးပြုတဲ့ အရောင်ပြား တစ်ခုစီကနေ ပုံစံတွေထွက်ပေါ်လာအောင် နည်းပညာကို အသုံးချထားတာ ဖြစ်ပါတယ်။ အသေးစိတ်ကျကျ ပြောရမယ်ဆိုရင် ကားဘီးတွေကိုလည်း အရောင်ပြောင်းနိုင်တာဟာ ဘယ်သူနဲ့မှမတူတဲ့ ထူးခြားမှုတစ်ခု ဖြစ်နေတာ ကိုတွေ့ရမှာပါ။

BMW က သူ့ရဲ့ i Vision Dee နဲ့အတူ သူ့ရဲ့အဓိပ္ပာယ်ကိုဖော်ပြနိုင်စေမယ့် စကားလုံးတစ်မျိုးကိုလည်း တီထွင်ခဲ့ပါ သေးတယ်။ အဲဒီစကားလုံးကတော့ Phygital ပါပဲ။ Phygital ဆိုတာ Phygital နဲ့ Digital တို့ကို ပေါင်းစပ် ထားတာပါ။ အဲဒီစကားလုံးရဲ့အဓိပ္ပာယ်ကို အသိသာ အထင်ရှားဆုံးမြင်တွေ့နိုင်တဲ့ နေရာကတော့ကားရဲ့ ရှေ့မျက်နှာစာနဲ့ ကားမီးတွေပါပဲ။ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ပုံစံက အသံထွက်ပြောဆိုနိုင်တဲ့ မျက်နှာပြင် တစ်ခုနဲ့ တူနေလို့ပါ။

မျက်နှာပြင်နဲ့ တူနေတယ်လို့ ဆိုရတဲ့အတိုင်း ကားရဲ့ရှေ့ပိုင်းတစ်ခုလုံးဟာ မျက်နှာအမူအရာ ပြောင်းလဲသလို ပြောင်းလဲ နိုင်ပါသေးတယ်။ ဒါ့အပြင် မော်တော်ကားက စကားလည်းပြောနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ယာဉ်မောင်းရဲ့ ကိုယ်စားပြုရုပ်ပုံကိုလည်း ဘေးမှန်မှာဖော်ပြပေးနိုင်ပါတယ်။ တကယ့်ကိုခေတ်ရှေ့ပြေးတဲ့ ကား တစ်စီးပါပဲ။

ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကားအတွင်းအခြေအနေတချို့ကို တခြားသူတွေမမြင်နိုင်စေဖို့နဲ့ နေရောင် အပူရှိန်ကိုလျှော့ချဖို့အတွက် မော်တော်ကားဘေးမှန်တွေမှာ စတစ်ကာတွေကပ်လေ့ရှိပါတယ်။

ဒါပေမဲ့ BMW i Vision Dee မှာတော့ အဲဒီလိုစတစ်ကာတွေ တပ်ဖို့မလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုရင်  ခလုတ်တစ်ချက် နှိပ်လိုက်ရုံနဲ့ ပြတင်းပေါက်မှန်သားကို အရောင်မှိန်အောင် လုပ်ပေးလိုက်လို့ပါပဲ။

မိတ်ဆွေအနေနဲ့ ကားထဲဝင်လိုက်တာနဲ့ ပထမဆုံးဆွဲဆောင်နေတဲ့အရာက မျက်စိရှေ့တည့်တည့်မှာပေါ်နေတဲ့ Head-up display (HUD)ပဲ ဖြစ်ပါတယ်။တခြားကားတွေမှာလည်း HUD ပါဝင်ပေမယ့် BMW ကတော့ ရှေ့လေကာမှန်တစ်ခုလုံးကို HUD အဖြစ်ပြောင်းလဲထားတာတွေ့ရပါတယ်။ BMW ကသူ့ကို Mixed Reality Slider  လို့ခေါ်ထားပါတယ်။ Mixed Reality Slider က အဆင့်ငါးဆင့်နဲ့ဖော်ပြပေးနိုင်ပါတယ်။ အဆင့်တစ်မှာဆိုရင် ရှေ့လေကာမှန်တစ်ခုလုံးကို ဖော်ပြပေးတာဖြစ်ပြီး အဆင့်ငါးမှာဆိုရင်တော့ ရှေ့လေကာမှန်တစ်ခုလုံးက   ပုံရိပ်ယောင် ကမ္ဘာကြီးအဖြစ် ပြောင်းလဲ သွားမှာပါ။

အဲဒီအဆင့်တွေကြားမှာ ယာဉ်မောင်းနှင်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ဆက်သွယ်ရေးစနစ်တွေနဲ့ လက်တွေ့အရှိအတိုင်း ဖော်ပြပေးခြင်းတို့ ပါဝင်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်ပါဝင်တာကြောင့် ယာဉ်မောင်း တစ်ယောက်အနေနဲ့ သူ့ရဲ့အမြင်အာရုံကို လမ်းပေါ်ကနေခွာစရာမလိုဘဲ တခြားအရေးကြီး သတင်းအချက်အလက် တွေကိုလည်း တစ်ခါတည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ ယာဉ်မောင်းသူများဟာ ဘယ်လိုအချက်အလက်တွေကိုသာ မြင်ချင်တယ်ဆိုတဲ့ ရွေးချယ်မှု ကိုလည်း လုပ်နိုင်ဦးမှာဖြစ်ပါတယ်။ ကားရဲ့အတွင်းပိုင်းအကြောင်း တစ်စိတ်တစ်ပိုင်းကိုတော့ ရှင်းပြပြီးသွားပါပြီ။   ဒါပေမဲ့ သူ့အထဲကိုဝင်ဖို့အတွက် တခြားကားတွေလိုမျိုး တံခါးလက်ကိုင်မပါဝင်ပါဘူး။ ဒါဆိုရင် ကားတံခါးကို ဘယ်လိုဖွင့်ပြီး အထဲဝင်ရမလဲ။

သူ့မှာ Phygital ထိတွေ့နေရာတွေများစွာပါဝင်ပါတယ်။ သူ့ရဲ့အလုပ်လုပ်ပုံကတော့ အကယ်၍မိတ်ဆွေက လက်ကို တံခါးနားကပ်လိုက်တယ်ဆိုရင်ပဲ ပုံရိပ်ယောင်ခလုတ်တစ်ခု ပေါ်လာမှာပါ။ အဲဒီခလုတ်ကို နှိပ်လိုက်တယ် ဆိုရင် တံခါးပွင့်လာမှာဖြစ်ပြီး တကယ်လို့များ မိတ်ဆွေက ကားအနားမှာမရှိတော့ဘူးဆိုရင် အဲဒီခလုတ်ကလည်း ပျောက်သွားမှာဖြစ်ပါတယ်။

ဒီအချက်က တကယ့်ကိုလက်တွေ့အသုံးဝင်ပါတယ်။ ဒီလိုအသုံးဝင်ခြင်းကြောင့်လည်း နောင်အနာဂတ်မှာ  မော်တော်ကား ကုမ္ပဏီတွေက တံခါးလက်ကိုင်အတွက် ငွေကြေးထပ်မံ ကုန်ကျစရာ မလိုတော့အောင်ဖြစ်လာမှာ ပါ။

နောက်ဆုံးပြောစရာ တစ်ခုကျန်တာက i Vision Dee ရဲ့စွမ်းအင်စနစ်အကြောင်းပါပဲ။ အခုလို လျှပ်စစ်ကား တွေခေတ်စားလာနေတဲ့အချိန်မှာ BMW ကသူတို့ရဲ့ကားအသစ်ကို ဓာတ်ဆီအင်ဂျင်နဲ့တော့ ပွဲထုတ်လာမှာ မဟုတ်ပါဘူး။ အားလုံး မျှော်မှန်းထားတဲ့အတိုင်း လျှပ်စစ်ကားအဖြစ်နဲ့သာ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

လူသားနဲ့စက်ပစ္စည်းတွေကြားမှာ အပြန်အလှန်နားလည်မှုနဲ့ ရင်းနှီးမှုပိုမိုရရှိစေမယ့် i Vision Dee ကိုတော့ ၂၀၂၅ ခုနှစ် လောက်ရောက်မှသာ လမ်းမများပေါ်မှာ မြင်တွေ့ရမှာဖြစ်ကြောင်း စာဖတ်သူများ ဗဟုသုတရရှိစေဖို့ရာ ရေးသား တင်ပြလိုက်ရပါတယ်။

Ref: IE

ကိုထက်