ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း၌ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်မည့် PDF အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း၌ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်မည့် PDF အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဇန်နဝါရီလ ၇

              နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရဟန်းသံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရ ယန္တရားများပျက်ပြားစေရန် ရည်ရွယ်၍နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အများပြည်သူ သွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ ကို ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

              ထိုသို့လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ် ဖမ်းဆီးရမိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်နှင့် အကြမ်းဖက်မှုလုပ်ရပ်များကိုမလိုလားသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ လျှို့ဝှက်သတင်းပေးပို့တိုင်ကြားချက်အရ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေး ဒေသအတွင်းသို့ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသော အကြမ်းဖက် အဖွဲ့များအား ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ၊ အင်းတိန်ညောင်အုပ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဥူးဇဝန(ခ)စိုးသန်းဝင်းအား ဖမ်းဆီးရမိခဲ့သည်။

              တရားခံ ဥူးဇဝန(ခ)စိုးသန်းဝင်း၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းတွင် ၎င်းနှင့်အတူ PDF အကြမ်းဖက်အဖွဲ့များအား ကူညီဆောင်ရွက်ပေး နေသည့် သန်းဇော်ဌေး(ခ)သားငယ်အား ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ညောင်ခါးရှည် ကျေးရွာအနီး၌ လည်းကောင်း၊ ညနေပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) PDF အကြမ်းဖက် အဖွဲ့ခေါင်းဆောင် ဇော်ဇော်အောင်(ခ)ဆရာကျောင်းနှင့် အကြမ်းဖက်အဖွဲ့ဝင် အိုက်ရွန် တို့ ၂ ဦးအား ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ရပ်ကွက်(၅)ရှိ “နန္ဒဝန်”စားသောက်ဆိုင်၌ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၅၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံးတို့ဖြင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။

              ဖမ်းဆီးရမိတရားခံ ဇော်ဇော်အောင်(ခ)ဆရာကျောင်း၏ ထွက်ဆိုချက်အရ ဒီဇင်ဘာလ ၃၁ ရက် ညနေပိုင်းတွင် PDF အကြမ်းဖက်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ လှုပ်ရှားသွားလာမှုသတင်းများ ပေးပို့ခဲ့သော တင်တင်ညို(ခ)မလေး အား တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်၊ အမှတ်(၂၁၉/ခ)ရှိ နေအိမ်၌လည်းကောင်း၊ အကြမ်းဖက် အဖွဲ့များအား ငွေကြေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသည့် မင်းမင်းဦးအား တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ အမှတ်(၅၉၁) နေအိမ်၌ လည်းကောင်း အသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။

              ဖမ်းဆီးရမိ တရားခံ ဇော်ဇော်အောင်(ခ)ဆရာကျောင်း၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် နေ့လယ်ပိုင်းတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များဖြင့် ၎င်းတို့ အကြမ်းဖက်အဖွဲ့ဝင်များ ခိုအောင်းလျက်ရှိသည့် ညောင်ရွှေမြို့နယ်၊ လုံကန် ကျေးရွာ၊ တောင်တိုကျေးရွာ၊ တောင်ခြားပြင်ကျေးရွာအနီးတစ်ဝိုက်သို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ တောင်ခြားပြင်ကျေးရွာအနီးရှိ တောတွင်းအရောက်၌ PDF အကြမ်းဖက် အဖွဲ့အင်အား ၂၀ ဦးခန့်မှ လုံခြုံရေးအဖွဲ့များအား လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးအဖွဲ့မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များသည် အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် PDF အကြမ်းဖက်အဖွဲ့မှ  ခေါင်းဆောင် ၁ ဦးဖြစ်သူ တရားခံ ဖိုးခွား(ခ)အင်းဖိုးခွား အပါအဝင် အကြမ်းဖက်သမား (စိစစ်ဆဲ)ကျား ၅ ဦး၏ အလောင်းများ၊ AK-47 သေနတ် ၁ လက်၊ M-4 သေနတ် ၁ လက်၊ MF-12 သေနတ် ၁ လက်၊ ကာဘိုင် ၁ လက်၊ လောင်ချာ  ၁ လက်၊ လက်လုပ် သေနတ် ၇ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ နင်းမိုင်း ၉ လုံး၊ ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခု၊ Drone ၁ စင်း၊ စကားပြောစက် ၄ လုံး၊ မြေပုံ ၇ ရွက်၊ ပြောက်ကျားယူနီဖောင်း ၈ စုံ၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ရှင်းလင်းသိမ်းဆည်းရမိခဲ့သည်။

              ၎င်းနောက် လုံခြုံရေးပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးဆက်လက် ဆောင်ရွက်စဉ် ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ ကံရွာကျေးရွာ အနီး၌ လုံခြုံရေးအဖွဲ့အား ပစ်ခတ်မှုတွင် ပါဝင်ခဲ့သည့် PDF အကြမ်းဖက်အဖွဲ့ဝင်များ ဖြစ်သော တရားခံ ဇော်မျိုးအောင်၊ ဇွဲညီထွန်းနှင့် ကတုံး(သေဆုံး)တို့ ၃ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

              ဖြစ်စဉ်တွင် တရားခံ ကျား ၇ ဦး၊ မ ၁ ဦး၊ ပေါင်း ၈ ဦး၊ အကြမ်းဖက်အဖွဲ့ဝင် အလောင်း ၆ လောင်း၊ လက်နက်မျိုးစုံ ၁၂ လက်၊ ၄၀ မမ ဗုံးသီး ၁၀ လုံး၊ လက်ပစ်ဗုံး ၂၃ လုံး၊ နင်းမိုင်း ၉ လုံး၊ ကျည်မျိုးစုံ ၂၄၁၄ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၅ ခုနှင့် Drone ၁ စင်းတို့အား ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။

              ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင်(ခ)ဆရာကျောင်းနှင့် အိုက်ရွန်တို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအနီး၌ PDF အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

              ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံ မြို့နယ်နှင့် ဒီမော့ဆိုမြို့နယ်အတွင်း၌ NUG လက်အောက်ခံ အကြမ်းဖက်အဖွဲ့များအား  ဖမ်းဆီးရန်ကျန် တရားခံ ဖိုးခွား(ခ)ဖားပျံဖိုးခွား ခေါင်းဆောင်သည့် PDF အကြမ်းဖက် အဖွဲ့အား အင်အား ၅၀ ဦးခန့်ဖြင့်လည်းကောင်း၊ ဇော်ဇော်အောင်(ခ)ဆရာကျောင်း ခေါင်းဆောင်သည့် PDF အကြမ်းဖက်အဖွဲ့အား အင်အား ၄၀ ဦး ခန့်ဖြင့်လည်းကောင်း၊ ဖမ်းဆီးရန်ကျန်တရားခံ ကိုစိုင်း ခေါင်းဆောင်သည့် PDF အကြမ်းဖက်အဖွဲ့အား အင်အား ၁၀၀ ဦးခန့်ဖြင့် လည်းကောင်း၊ ဖိုးခွား(ခ)အင်းဖိုးခွား ခေါင်းဆောင်သည့် PDF အကြမ်းဖက်အဖွဲ့အား အင်အား ၁၅၀ ဦးခန့်ဖြင့် လည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံ ခွန်ရောင်နီ(ခ)အောင်ဝင်း ခေါင်းဆောင်သည့် PNDF အမည်ခံအကြမ်းဖက်အဖွဲ့အား အင်အား ၅၀ ဦးခန့်ဖြင့်လည်းကောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှစ၍ အသီးသီး ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင်(ခ) ဆရာကျောင်း ခေါင်းဆောင်သော PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၁၅ ဦး၊ ဖမ်းဆီးရန်ကျန် တရားခံ ဖိုးခွား(ခ) ဖားပျံဖိုးခွား ခေါင်းဆောင်သော PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦး၊ ဖမ်းဆီးရန်ကျန် တရားခံ ကိုစိုင်း ခေါင်းဆောင်သော PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၁၅ ဦး၊  ဖိုးခွား(ခ) အင်းဖိုးခွား ခေါင်းဆောင်သော PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၂၀ ဦး၊ PNDF အမည်ခံအကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ ခွန်ရောင်နီ(ခ) အောင်ဝင်း ခေါင်းဆောင်သော အင်အား ၁၀ ဦး၊ စုစုပေါင်း အကြမ်းဖက်အင်အား ၇၀ ဦးခန့် တို့သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ပင်လောင်း၊ ညောင်ရွှေ၊ အင်းလေး ဒေသအတွင်းသို့ ကုန်းလမ်းကြောင်း၊ ရေလမ်းကြောင်းများမှတစ်ဆင့် အဖွဲ့များခွဲ၍ ဝင်ရောက်လာပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာရှိ  လုံခြုံရေးကင်းစခန်းများအား လည်းကောင်း၊ ပေါင်းပိန်းကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ် အားလည်းကောင်း ဝင်ရောက်တိုက်ခိုက်ပြီး အစိုးရဌာနဆိုင်ရာ အဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် လူစည်ကားရာနေရာများ၊ ဘုရားဖူး များဖြင့် စည်ကားနေသည့် ဖောင်တော်ဦးဘုရားဝန်းကျင်နှင့် ဖောင်တော်ဦးဘုရားသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများအား ထိတ်လန့်ခြောက်ခြားစေရန်နှင့် သေကြေပျက်စီးမှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ဖောက်ခွဲမှုများ ဆက်လက်ဆောင်ရွက် သွားရန် စီစဉ်ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

              ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇော်ဇော်အောင်(ခ)ဆရာကျောင်းသည် ထိုင်းနိုင်ငံနေ ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကြားနှင့် စင်္ကာပူနိုင်ငံနေ ဖမ်းဆီးရန်ကျန် တရားခံ နန်းစံတို့၏ ချိတ်ဆက်မှုဖြင့် NUG အကြမ်းဖက်အဖွဲ့နှင့် ပြည်တွင်း/ပြည်ပရှိ အစွန်းရောက်ထောက်ခံသူများထံမှ ငွေကြေးထောက်ပံ့မှုများရယူ၍ လိုအပ်သော လက်နက်/ခဲယမ်းများအား ဝယ်ယူစုဆောင်းခဲ့ကြောင်း၊ တရားခံ တင်တင်ညို(ခ) မလေး သည် မင်းမင်းဦးမှတစ်ဆင့် ဇော်ဇော်အောင်(ခ)ဆရာကျောင်းနှင့် ၎င်း၏အကြမ်းဖက်အဖွဲ့ များထံသို့ ငွေကြေးနှင့် ရိက္ခာပစ္စည်းများအား ၆ ကြိမ် ထောက်ပံ့ပေးခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်မည့် အစီအစဉ်မတိုင်မီတွင်လည်း ဇော်ဇော်အောင်(ခ)ဆရာကျောင်းထံသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုသတင်းများအား ဆက်သွယ်ပြောကြား ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

              သို့ဖြစ်ပါ၍ အကြမ်းဖက်မှုကို မလိုလားသော တိုင်းရင်းသားပြည်သူများ၏ သတင်းပေးပို့ချက်များနှင့် နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အချိန်မီကြိုးပမ်းဖော်ထုတ် နိုင်မှုများကြောင့် ဖမ်းဆီးရမိခဲ့သော တရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံးဆက်လက်ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ ယခုကဲ့သို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။