၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့စားသောက်ကုန်ဈေးကွက်၌ စံချိန်တင်မြင့်တက်ခဲ့သည့် စားသောက်ကုန်ဈေးနှုန်း

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့စားသောက်ကုန်ဈေးကွက်၌ စံချိန်တင်မြင့်တက်ခဲ့သည့် စားသောက်ကုန်ဈေးနှုန်း

ကမ္ဘာ့စားသောက်ကုန် ဈေးနှုန်းများသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ဆက်တိုက်ကျဆင်းလာခဲ့သော်လည်း   ၂၀၂၂   ခုနှစ် တစ်နှစ်လုံးတွင် စံချိန်တင်မြင့်တက်လာခဲ့သည်ဟု   ကုလသမဂ္ဂအဖွဲ့က   ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။

ကမ္ဘာ့စားသောက်ကုန် ဈေးနှုန်းများသည် ယူကရိန်းပဋိပက္ခ   စတင်ဖြစ်ပွားပြီးနောက် တစ်လအကြာတွင် စံချိန်တင်မြင့်တက်လာခြင်း ဖြစ်သည်။   အဘယ်ကြောင့်ဆိုသော် ပဋိပက္ခတွင် ပါဝင်နေသော  ယူကရိန်းနိုင်ငံသည်   ကောက်ပဲသီးနှံများကို   ပြည်ပသို့ အဓိကတင်ပို့နေသည့် နိုင်ငံဖြစ်သောကြောင့်    လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုသည်    ယင်းနိုင်ငံ၏      ထောက်ပံ့ရေးလမ်းကြောင်းများကို   ရပ်ဆိုင်းသွားစေခဲ့ခြင်းကြောင့် ဖြစ်သည်။

ထို့ပြင်  ယူကရိန်းနိုင်ငံသည်  ဂျုံနှင့်စားသုံးဆီကို ကမ္ဘာ့နိုင်ငံများသို့ အများဆုံးတင်ပို့နေသည့်  နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခသည်   ယူကရိန်းနိုင်ငံ၏   ကုန်ပစ္စည်းတင်ပို့မှုအပေါ် ဆိုးရွားစွာသက်ရောက်စေခဲ့သည်ဟု ဆိုနိုင်သည်။

သို့သော်  တူကီယဲနှင့်  ကုလသမဂ္ဂတို့၏ ကြားဝင်ဖျန်ဖြေမှုကြောင့်    လက်နက်ကိုင် ပဋိပက္ခမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း အနည်းငယ်လျော့ကျလာပြီး     ယူကရိန်းအနေဖြင့် ၎င်းတို့၏ ကောက်ပဲသီးနှံတင်ပို့မှုကို     ပြန်လည်လုပ်ဆောင် နိုင်ခဲ့သောကြောင့်    စားသောက်ကုန်ဈေးနှုန်းများမှာ အတော်အတန်ကျဆင်းလာသည်။

ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများသည် ၁၀ နှစ်အတွင်း ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက  ဆက်လက်မြင့်တက်နေဆဲ ဖြစ်သောကြောင့်  နိုင်ငံတချို့၌  အစားအစာရှားပါးမှုကို ပိုမိုဆိုးရွားလာစေခဲ့သည်ဟု ဆိုသည်။

ကုလသမဂ္ဂအနေဖြင့် အစားအစာရှားပါးမှုကို လာမည့်ဆယ်စုနှစ်ကုန်ပိုင်းလောက်တွင် အဆုံးသတ်စေရန် ကြိုးပမ်းလျက်ရှိရာ လက်ရှိဖြစ်ပေါ်နေသည့် စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် ကုလသမဂ္ဂ၏ မျှော်လင့်ချက်မှာ ပျောက်ကွယ်ခဲ့ရသည်။

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ပြောင်းဖူးဈေးနှုန်းသည် ၂၀၂၁ ခုနှစ်အတွင်း ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပျမ်းမျှအားဖြင့်  ၂၄ ဒသမ  ၈ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ထို့ပြင် ဂျုံဈေးနှုန်းမှာလည်း ယခင်ကဈေးနှုန်းထက် ၁၅ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ 

သို့သော်  ဘရာဇီးနိုင်ငံမှတင်သွင်းခဲ့သော  ပြောင်းဖူးများ  ကမ္ဘာ့ဈေးကွက်သို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ဝင်ရောက်လာခြင်းကြောင့် ကမ္ဘာ့ပြောင်းဖူးဈေးနှုန်းမှာ ပြန်လည်ကျဆင်းလာခဲ့သည်။ တစ်ချိန်တည်းမှာပင်      ဟင်းသီးဟင်းရွက်ဆီ၏ ဈေးနှုန်းအညွှန်းမှာလည်း  ၂၀၂၂  ခုနှစ်အတွင်း     စံချိန်တင်မြင့်တက်လာခဲ့ပြီး ယင်းနှစ်ဒီဇင်ဘာလတွင်  ၆  ဒသမ  ၇ ရာခိုင်နှုန်း ကျဆင်းလာသည်။

ထို့ပြင်  ယူကရိန်းပဋိပက္ခသည်  ယခုအခါ      တစ်နှစ်နီးပါးကြာမြင့်လာခဲ့ပြီး ယူကရိန်းလယ်သမားများအား ဆိုးရွားလှသည့် အခက်အခဲနှင့်   တွေ့ကြုံစေလျက်ရှိသည်။   အကြောင်းမှာ   လက်နက်ကိုင်ပဋိပက္ခ   ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ယူကရိန်းနိုင်ငံအတွင်းရှိ လယ်သမားတချို့မှာ စိုက်ပျိုးခြင်းကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင်   ရာသီဥတုအေးမြလွန်းခြင်း၊     ရေကြီးခြင်းတို့ကြောင့်လည်း ကောက်ပဲသီးနှံ အထွက်နှုန်းကို  ကျဆင်းစေခဲ့သည်။

သို့ရာတွင် ယခုအခါ ဘရာဇီးနိုင်ငံက ပဲပုပ်အများအပြားကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရန်စီစဉ်လျက်ရှိပြီး    ရုရှားနိုင်ငံကလည်း ဂျုံပမာဏအများအပြားကို ဈေးကွက်သို့ တင်ပို့နေပြီ ဖြစ်သောကြောင့် ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကို     အနည်းငယ်သက်သာ စေမည်ဟု မျှော်လင့်ရကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။           

Ref: NDTV, ST