အနောက်အုပ်စုက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေမှု ငြိမ်းချမ်းရေးအတွက်ဆန္ဒမရှိဟု ဖော်ပြနေ

အနောက်အုပ်စုက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့နေမှု ငြိမ်းချမ်းရေးအတွက်ဆန္ဒမရှိဟု ဖော်ပြနေ

 

အနောက်အုပ်စုအနေဖြင့်   ယူကရိန်းနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့နေခြင်းသည် ငြိမ်းချမ်းရေးအတွက် ဆန္ဒမရှိခြင်းကို ဖော်ပြနေခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာတစ်ခုက   ဖော်ပြထားသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့်ဂျာမနီဝန်ကြီးချုပ်အိုလက်ရှော့တို့က   ၎င်းတို့အနေဖြင့် ယူကရိန်းနိုင်ငံသို့  ခြေကျင်သုံးတိုက်ယာဉ်များပေးပို့သွားမည်ဟု ဇန်နဝါရီ ၅ ရက်တွင် ပူးတွဲထုတ်ပြန်ထားသည်။

အလားတူ ပြင်သစ်သမ္မတအမ်မန်နျူယယ်မက်ခရွန်ကလည်း ၎င်း၏နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ AMX-10 RC အမျိုးအစား သံချပ်ကာတိုက်ယာဉ်များပေးပို့သွားမည်ဟု ဇန်နဝါရီ ၄ ရက်တွင် ကတိပြုထားသည်။

ထို့ကြောင့် အဆိုပါသုံးနိုင်ငံ၏ ဆုံးဖြတ်ချက်သည် မဝေးတော့သည့်ကာလအတွင်း ဖြစ်လာနိုင်ဖွယ်ရှိသော    တိုက်စစ်တစ်ခုအတွက် ယူကရိန်းသို့ပံ့ပိုးပေးနေခြင်းဖြစ်ကြောင်း ထင်ရှားသည်ဟု    ဂျာမနီနိုင်ငံမှ ပြည်ပရေးရာ လေ့လာသူ အူရစ်ရှပက်ကပြောသည်ဟု New York Times သတင်းဌာနက ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် ၎င်းတို့သုံးနိုင်ငံအနေဖြင့် မကြာမီအချိန်အတွင်း     ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် အစီအစဉ် မရှိကြောင်း ရုရှားနိုင်ငံကို ပြောလိုက်သည်နှင့်အတူတူပင် ဖြစ်ကြောင်း အူရစ်ရှပက်က ဆက်ပြောသည်။

ဂျိုးဘိုင်ဒင်၏ အမေရိကန်အစိုးရအဖွဲ့သည် ဒေါ်လာ ၃ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိသည့် စစ်လက်နက် ပစ္စည်းများကို ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးသွားမည်ဟု ဇန်နဝါရီ ၆ ရက်တွင် အတည်ပြုထုတ်ပြန်ထားသည်။

အဆိုပါ စစ်လက်နက်ပစ္စည်းများတွင် Bradley  တိုက်ယာဉ်များ၊ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များ၊ ယာဉ်တင်အမြောက်ကြီးများ၊ မိုင်းဒဏ်ခံအပေါ့စားယာဉ်များအပြင် အမျိုးမျိုးသောလက်နက်များ ပါဝင်သည်။

ယူကရိန်းတို့က ရုရှားတို့နေရာယူထားတဲ့အပေါ်    ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် ခံစစ်နေရာများဆီကို နီးနိုင်သမျှ  နီးကပ်အောင်သွားဖို့အတွက် အကောင်းဆုံးသော တိုက်ယာဉ်များရရှိရေးက အလွန်အရေးကြီးပါတယ်ဟု ပြည်ပရေးရာမူဝါဒသုတေသနဌာနမှ စစ်ရေးသုတေသီ ရော့လီက New York Times သတင်းဌာနသို့ ပြောသည်။

တစ်ချိန်တည်းမှာပင်     ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ပိုမိုပေးပို့ထောက်ပံ့ရန်ဆုံးဖြတ်ခြင်းက အနောက်အုပ်စု အနေဖြင့် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းများဖြင့် အဖြေရှာရန် စိတ်ဝင်စားမှု မရှိသည်ကို    ဖော်ပြနေခြင်းဖြစ်ကြောင်း ဂျာမနီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးက ပြောထားသည်ဟု သိရသည်။

Ref: Sputnik