အိမ်အတွင်း ဂက်(စ်)အသုံးပြုချက်ပြုတ်ခြင်းက ကလေးငယ်များကို ပန်းနာရင်ကျပ်ရောဂါဖြစ်စေ

အိမ်အတွင်း ဂက်(စ်)အသုံးပြုချက်ပြုတ်ခြင်းက ကလေးငယ်များကို ပန်းနာရင်ကျပ်ရောဂါဖြစ်စေ

အမေရိကန်နိုင်ငံမှာ နေအိမ်အတွင်း ဂက်(စ်)မီးဖိုအသုံးပြုချက်ပြုတ်ခြင်းကြောင့် ကလေးငယ် ၁၂ ဒသမ ၇ ရာခိုင်နှုန်း ပန်းနာ ရင်ကျပ်ရောဂါဖြစ်နေရတယ်လို့ လေ့လာမှု တစ်ခုမှာဖော်ပြထားပါတယ်။

အခုလိုမျိုးနည်းလမ်းကြောင့် ပန်းနာ ရင်ကျပ်ရောဂါခံစားရသူအရေအတွက်ဟာ ဆေးလိပ်အငွေ့ရှူမိခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားသူအရေအတွက်နဲ့ တူညီတယ်လို့လည်း သုတေသီတွေက ပြောထားပါသေးတယ်။

ဒီအတွက် အမေရိကန်နိုင်ငံသားတွေ အနေနဲ့ ဂက်(စ်)မီးဖိုတွေအစား လျှပ်စစ် မီးဖိုများကိုသာ အသုံးပြုကြဖို့ သုတေသီများက တောင်းဆိုထားပါတယ်။

အမေရိကန်နိုင်ငံရှိ မီးဖိုချောင် ၃၅ ရာခိုင် နှုန်းက ဂက်(စ်)မီးဖိုတွေကိုအသုံးပြုနေကြ တာပါ။ အဲဒီဂက်(စ်)မီးဖိုတွေက နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏကို ထွက်ရှိစေတယ်လို့  ယခင်သုတေသနတွေ မှာ တွေ့ရှိထားပါတယ်။

နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ဆိုတာ  ပန်းနာရင်ကျပ်ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ ဒါ့အပြင် ဂက်(စ်)မီးဖိုကနေထွက်ရှိလာတဲ့ ဖော်မယ်ဒီဟိုက်ဆိုတာကလည်း  အသက်ရှူလမ်း ကြောင်းမှာ ရောင်ရမ်းမှု ကိုဖြစ်ပေါ်စေပြီး ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကို ပိုမို ဆိုးဝါးစေပါတယ်။

အခုသုတေသနကို ပတ်ဝန်းကျင်သုတေ သနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့  Rocky Mountain Institute (RMI)  ကလုပ်ဆောင်တာဖြစ်ပြီး  သူတို့ရဲ့တွေ့ရှိချက်ကို သဘာဝပတ်ဝန်းကျင် သုတေသနနဲ့ ပြည်သူ့ကျန်းမာရေး ဆိုင်ရာဂျာနယ်မှာ ဖော်ပြထားတာပါ။

အမေရိကန်နိုင်ငံမှာရှိတဲ့ ကလေးငယ်ခြောက်သိန်းခွဲလောက်က ပန်းနာရင်ကျပ် ရောဂါခံစားနေရပါတယ်။ တကယ်လို့များ သူတို့အနေနဲ့  ဂက်(စ်)မီးဖိုနဲ့ထိတွေ့မှုမရှိဘူးဆိုရင် ဒီလိုရောဂါခံစားရမှာမဟုတ်ပါ ဘူး}}လို့   သုတေသနအဖွဲ့ခေါင်းဆောင် တေလာဂရူအန်ဝဲ့ကပြောပါတယ်။

တကယ်တော့   နေအိမ်အတွင်းမှာ ဂက်(စ်)မီးဖို အသုံးပြုခြင်းက  အိမ်ထဲမှာ ဆေးလိပ်ထိုင်သောက်နေခြင်းနဲ့ အလား သဏ္ဌာန်တူပါတယ်လို့ သူကထောက်ပြ ထားပါတယ်။

ပန်းနာရင်ကျပ်ရောဂါဆိုတာ ကလေးငယ်တွေမှာဖြစ်ပွားလေ့ရှိတဲ့  နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအနေနဲ့ လူဦးရေ ၂၆၂ သန်းဟာ ဒီရောဂါကို ခံစားနေရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင် ၂၀၁၉ ခုနှစ်အတွင်း ပန်းနာ ရင်ကျပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းသေဆုံး ရသူစုစုပေါင်း ၄၅၅၀၀၀ ရှိတယ်လို့ သိရပါတယ်။

တကယ်လို့များ     ဂက်(စ်)မီးဖိုကိုပဲ ဆက်ပြီးအသုံးပြုမယ်။ တစ်ဖက်ကလည်း ကလေးငယ်တွေကို ပန်းနာရင်ကျပ်ရောဂါ မဖြစ်စေလိုဘူးဆိုရင် လုပ်ဆောင်ရမယ့် နည်းလမ်းတချို့ရှိပါတယ်။

အဲဒါတွေကတော့  ချက်ပြုတ်မှုလုပ်တဲ့ အခါ အညှော်စုပ်မီးခိုးခေါင်းတိုင်ကို အသုံးပြုပါ။ တစ်ခုသတိပြုရမှာက အနံ့တွေကို အပြင်ကိုသာစုပ်ထုတ်တဲ့ မီးခိုးခေါင်းတိုင်ကို အသုံးပြုဖို့ဖြစ်ပါတယ်။

နောက်တစ်ခုက ချက်ပြုတ်နေစဉ်နဲ့ ချက်ပြုတ်မှုပြီးတဲ့အခါ  ပြတင်းပေါက်တွေ ကိုဖွင့်ထားပါ။ ဒီလိုပြတင်းပေါက်တွေ ဖွင့်ထားမယ်ဆိုရင်  အညှော်စုပ်မီးခိုးခေါင်းတိုင်ကို အသုံးမပြုလည်း ရပါတယ်။

ပြတင်းပေါက်တွေ ဖွင့်တဲ့နေရာမှာ မီးဖိုရှိ တဲ့ နေရာနားကပြတင်းပေါက်သာမဟုတ်ဘဲ ဆန့်ကျင်ဘက်မှာရှိနေတဲ့ ပြတင်းပေါက်ကိုလည်း ဖွင့်ထားပေးသင့်ပါတယ်။ ဒါမှသာ အနံ့ဆိုးတွေနဲ့အတူ ညစ်ညမ်းဓာတ်ငွေ့တွေက အိမ်အပြင်ကို မြန်မြန်ဆန်ဆန်ထွက်သွားမှာ ဖြစ်ပါတယ်။            

ကိုထက်