ခေတ်ပြောင်းကင်ဆာကာကွယ်ဆေးက ဦးနှောက်အကျိတ်များကို ပျက်စီးစေပြီး ထပ်မံဖြစ်ပေါ်မှုကိုကာကွယ်နိုင်

ခေတ်ပြောင်းကင်ဆာကာကွယ်ဆေးက ဦးနှောက်အကျိတ်များကို ပျက်စီးစေပြီး ထပ်မံဖြစ်ပေါ်မှုကိုကာကွယ်နိုင်

သိပ္ပံပညာရှင်များက ကင်ဆာကလာပ်စည်းတွေကို  ထိရောက်မှုရှိပြီး  ကင်ဆာရောဂါဖြစ်ပွားမှုကိုဖျက်ဆီးနိုင်တဲ့ အရာတွေအဖြစ်ပြောင်းလဲဖို့   နည်းလမ်းအသစ်ကို ကြိုးစားပမ်းစားရှာဖွေ လာခဲ့ကြပါတယ်။

ဒီလိုကြိုးပမ်းမှုရဲ့ရလဒ်ကိုတော့ မကြာသေးခင်ကရရှိလိုက်ပါတယ်။ ဒီရလဒ်ရလာအောင် ကြိုးပမ်းခဲ့သူကတော့  ဟားဗက်ဆေးကျောင်းရဲ့ဒုတိယအကြီးဆုံးသင်ကြားရေးဆေးရုံဖြစ်တဲ့ Brigham and Wo-men's Hospitalမှ သုတေသနပညာရှင် ခါလစ်ရှားဖြစ်ပါတယ်။

ခါလစ်ရှားဦးဆောင်တဲ့သုတေသနအဖွဲ့ဟာ ကလာပ်စည်းကုထုံးအသစ်တစ်မျိုးကို ဖန်တီးခဲ့တာပါ။ အဲဒီကုထုံးက ရှိပြီးသားအကျိတ်များကို ပျက်စီးစေရုံသာမကဘဲ ရေရှည်ကိုယ်ခံအားကိုဖြစ်ပေါ်စေကာ အဲဒီလိုအကျိတ်တွေ   ထပ်မံဖြစ်ပေါ်မှုကို ကာကွယ်တားဆီးနိုင်အောင် ကိုယ်ခံအားစနစ်ကို လေ့ကျင့်ပေးတာတွေ့ရပါတယ်။

သုတေသနပညာရှင်များဟာ သူတို့ရဲ့စွမ်းဆောင်ရည်နှစ်မျိုးရှိတဲ့ ကင်ဆာရောဂါကာကွယ်ဆေးကို သေလောက်တဲ့ ဦးနှောက်ကင်ဆာ ခံစားနေရတဲ့   အဆင့်မြင့်ကြွက်နမူနာပုံတူနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ ရလဒ်ကတော့  အထက်မှာပြောထားတဲ့အတိုင်းပါပဲ။

ကျွန်တော်တို့အဖွဲ့က ရိုးရှင်းတဲ့စိတ်ကူးစိတ်သန်းနောက်ကိုသာလိုက်ခဲ့တာပါ။ အဲဒီစိတ်ကူးကတော့ ကင်ဆာဆဲလ်တွေကို ကင်ဆာချေမှုန်းရေးသမားများနဲ့ ကင်ဆာရောဂါကာကွယ်ဆေးများအဖြစ် ပြောင်းလဲလိုက်ဖို့ ပါပဲလို့ ခါလစ်ရှားကပြောပါတယ်။

ခါလစ်ရှားဦးဆောင်တဲ့   သုတေသနပညာရှင်အဖွဲ့ဟာ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲခြင်းနည်းလမ်းကိုအသုံးပြုပြီး ကင်ဆာ ကလာပ်စည်းတွေကို   ပုံစံပြောင်းလဲကာ ကင်ဆာအကျိတ်ဖျက်ဆီးရေးနဲ့ နောက်ထပ်မဖြစ်အောင် ကာကွယ်ရေးဆိုတဲ့ လုပ်ဆောင်မှုနှစ်မျိုးရရှိအောင်အသုံးချလိုက်တာ ဖြစ်ပါတယ်။

ကင်ဆာရောဂါကာကွယ်ဆေးများထုတ်လုပ်နိုင်ရေးကို   သုတေသီအများအပြားက ကြိုးပမ်းလျက်ရှိပါတယ်။ ဒီလို ကြိုးစားမှုတွေကြားထဲကမှ   ခါလစ်ရှားနဲ့အဖွဲ့ရဲ့ လုပ်ဆောင်ချက်က သူမတူဘဲကွဲပြားနေတာပါ။

ပုံမှန်အားဖြင့်ဆိုရင်   ကင်ဆာရောဂါကာကွယ်ဆေးအတွက်    အသက်ဝင်မှုမရှိတော့တဲ့ ကင်ဆာကလာပ် စည်းများကို အသုံးပြုရမှာပါ။

ဒါပေမဲ့    ခါလစ်ရှားနဲ့အဖွဲ့ကတော့ ကိုယ်တွင်းမှာရှိနေဆဲဖြစ်တဲ့    ကင်ဆာကလာပ်စည်းကို လိုချင်တဲ့ လုပ်ဆောင်ချက် ဆီပြောင်းလဲသွားအောင်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

အိမ်မွေးခိုတွေက ဘယ်ဆီကိုပဲရောက်ရောက် အချိန်တန်ရင်အိပ်တန်းကို ပြန်လာစမြဲဆိုတဲ့အတိုင်းပဲ ရှင်သန်နေဆဲ ကင်ဆာကလာပ်စည်းတွေကလည်း  နောက်လိုက်ကင်ဆာ ကလာပ်စည်းတွေရဲ့ နေရာကိုပြန်လာဖို့အတွက်   ဦးနှောက်တစ်ခုလုံးကို ပတ်ပြီး လျှောက်သွားပါတယ်။

ခါလစ်ရှားနဲ့အဖွဲ့ဟာ ဒီလိုမျိုးသူမတူတဲ့ဂုဏ်သတ္တိကိုအခွင့်ကောင်းယူကာ CRISPRCas9 ဆိုတဲ့   မျိုးရိုးဗီဇပြောင်းလဲခြင်း ကိရိယာကိုအသုံးပြုပြီး    ရှင်သန်နေတဲ့ ကင်ဆာကလာပ်စည်းကို   ပုံစံပြောင်းလဲ လိုက်ပါတယ်။ ပြောင်းလဲလိုက်တဲ့ပုံစံကတော့ ကင်ဆာကလာပ်စည်းကို   ဖျက်ဆီးမယ့် အရာကို ထုတ်လွှတ်မယ့်သူတွေအဖြစ်ပါပဲ။

ဒါ့အပြင် ပုံစံပြောင်းလဲထားတဲ့ ကင်ဆာကလာပ်စည်းများကို သူတို့ကိုကိုယ်ခံအားစနစ်က    အလွယ်တကူ မြင်သာအောင်၊ ချိတ်ဆက်မိအောင်၊    မှတ်မိအောင်နဲ့အကျိတ်ဖြစ်ပေါ်မှုကို ရေရှည်တားဆီးနိုင်အောင် လုပ်ဆောင်နိုင်စေမယ့်   အချက်အလက်များကို ဖော်ပြနိုင်စေဖို့  ဒီဇိုင်းရေးဆွဲထားတာပါ။

ဒီလိုမျိုး ပုံစံပြောင်းလဲဒီဇိုင်းရေးဆွဲထားတဲ့ ကင်ဆာကလာပ်စည်းများကို အမျိုးမျိုးသော ကြွက်ပုံစံငယ်များနဲ့   စမ်းသပ်ခဲ့ပါတယ်။

စမ်းသပ်မှုကနေ  ထွက်ပေါ်လာတာကတော့ ဘေးကင်းသော၊ လက်တွေ့အသုံးပြုနိုင်သော၊ အကျိုးဖြစ်ထွန်းသော ကလာပ်စည်းကုထုံးပဲ ဖြစ်ပါတယ်။

ကိုထက်