စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်-(၁၆)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၆)

အမှတ်စဉ်(၁၆)

ဒီစက်ရုံကိုအကျိုးရှိအောင်သုံးစွဲဖို့ စီမံကြရာမှာ တာဝန်ခံမှု၊ တာဝန်ယူမှု ပြည့်ဝသူတွေကတော့ ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက   လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြား

ရေးမှူးနဲ့ အဆင့်ဆင့်သောဝန်ထမ်းများ၊ တီကျစ်စက်ရုံဝန်ထမ်းများဖြစ်ကြပြီး ဒေသခံတီကျစ်ဒေသ တိုင်းရင်းသား ပြည်သူများက ပူးပေါင်းကူညီပါတယ်။

ဒါပေမဲ့ တီကျစ်ကျောက်မီးသွေးမိုင်း စီမံခန့်ခွဲမှုကိုတော့ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ စက်ရုံကို ဘေးထွက်ဆိုးကျိုးလျှော့ချဖို့ ကြိုးစားနေလို့ မပြီးသေးပါဘူး။ မိုင်းတွင်းတူးဖော်မှု၊ မြေစာစွန့်ပစ်မှုကြောင့် ဒေသခံ

များရဲ့မြေယာများမဆုံးရှုံးအောင်၊ စွန့်ပစ်မြေစာများကြောင့် ဒေသခံများ ဒုက္ခမရောက်အောင်နဲ့  နောင်မှာ  ပြန်လည် အသုံးချလို့ရတဲ့ မြေယာတွေဖြစ်အောင် မိုင်းကို ဘယ်လိုပိတ်သိမ်းခဲ့မယ် ဆိုတာပါ။ အခုကစပြီး ကြိုတင်စီမံတာမျိုး၊ ရန်ပုံငွေခွဲဝေလျာထားခဲ့တာမျိုး လုပ်သင့်ပါတယ်။ ထိခိုက်သွား တဲ့ သာသနိက အဆောက်အအုံကိုလည်း ဒေသခံများနဲ့ညှိပြီး အမြန်ဆုံးသင့်ရာနေရာမှာ  ဆောင်ရွက်ပေးသင့်ပါတယ်။ ဘယ်လိုဖွံ့ဖြိုးရေး လုပ်ငန်းမဆို အနည်းနဲ့အများ တစ်နည်းမဟုတ်တစ်နည်း ထိခိုက်မှုရှိနိုင်ပါတယ်။ သို့သော် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ကြီးကြပ်ပေးခြင်း၊ ထိခိုက်မှုများ ရှိပါက ကုစားပေးခြင်းများ ပြုလုပ်ကြရမှာဖြစ်ပါတယ်။   ယခုဆိုလျှင် စက်ရုံမှ ထုတ်လုပ်ပေးနေတဲ့ ထုတ်လုပ်မှုစရိတ်ဟာ ၁ ကီလိုဝပ်နာရီအတွက် အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇ (7 US cent) လောက်ကျပါ တယ်။ ပအိုဝ်းဒေသ တစ်ခုလုံးအတွက်  လိုအပ်တဲ့ဓာတ်အားသာမက ပိုသောဓာတ်အားကို   ရှမ်းပြည်နယ်တောင်ပိုင်းက     ပင်လောင်းနဲ့ အောင်ပန်းမြို့ ဓာတ်အားခွဲရုံများသို့ ပို့လွှတ်ပေးထားတာ တွေ့ရမှာပါ။

တိုင်းရင်းသားပြည်သူများဟာ  ရိုးသားကြသလို ဗဟုသုတလည်း အားနည်းကြပါတယ်။ ဒီပေါ်မှာ အုပ်ချုပ်သူက အကောင်းဆုံးစီမံခန့်ခွဲပေးဖို့လိုသလို၊ ဘေးက ရည်ရွယ်ချက်တစ်ခုခုနဲ့ သွေးထိုးနေသူများကိုလည်း တိုင်းရင်းသားများရဲ့ရိုးသားမှုနဲ့ ဗဟုသုတနည်းမှုကိုအခွင့်ကောင်းယူပြီး အမြတ်မထုတ်ကြဖို့ တိုက်တွန်းလိုပါတယ်။

ကျောက်မီးသွေးဈေးနှုန်း

မြန်မာ့ကျောက်မီးသွေးများဟာ အရည်အသွေးနိမ့်ကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ ဒေသအလိုက် ဈေးနှုန်းတချို့ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောက်မီးသွေးမိုင်းများရဲ့ အပူစွမ်းအင် (Colorific Value)ဟာ ပျမ်းမျှ ၅၂၀၀  Kcal/Kg ဖြစ်ပါတယ်။ အပူစွမ်းအင်အမြင့်ဆုံးမိုင်းနှစ်ခုကတော့ ကလေးဝနဲ့ မော်လိုက်မိုင်းများဖြစ်ပြီး ၆၅၁၆ Kcal/Kg နဲ့  ၅၆၆၂ Kcal/Kg အသီးသီးရှိကြပါတယ်။

ကမ္ဘာ့ဈေးနှုန်းများနဲ့ယှဉ်ကြည့်တဲ့အခါ သြစတြေးလျနိုင်ငံ(နြတချေအူန)  ကျောက်မီးသွေးမိုင်းရဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလပေါက်ဈေးဟာ ပျမ်းမျှအထိုင်ဈေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀ ဝန်းကျင်ရှိပါတယ်။ သူ့အပူစွမ်းအင်ကလည်း ၅၅၀၀ Kcal/Kg ဖြစ်ပြီး အမှုန်အမွှားအပါအဝင် (Ash Content) ဟာလည်း ၂၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။

Newcastle ကနေ အရှေ့အိန္ဒိယကိုပို့ရင် ၂၀၁၅ ခုနှစ် ပေါက်ဈေးအရ ပို့ခတစ်တန်ကို အမေရိကန်ဒေါ်လာ ၁၇ လောက်ကျသင့်ပြီး အင်ဒိုနီးရှား(Kalimantan)ကနေ အရှေ့အိန္ဒိယကိုပို့ရင်   ပို့ခတစ်တန်အတွက် အမေရိကန်ဒေါ်လာ ၁၁ လောက်ကျပါတယ်။ မြန်မာအတွက် ကမ္ဘာ့နိုင်ငံတွေကနေ ကျောက်မီးသွေးသယ်ယူမှု အတွေ့အကြုံ မရှိသေးတာကြောင့် အင်ဒိုနီးရှားကသယ်ရင် အမေရိကန်ဒေါ်လာ ၁၀ လောက်သာ သယ်ခကျသင့်ပြီး သြစတြေးလျက သယ်ရင်တော့ ၁၅ ဒေါ်လာဝန်းကျင်ထက် မပိုဘူးလို့ခန့်မှန်းပါတယ်။ ဒီတော့ အတော်ကောင်းမွန်တဲ့ကျောက်မီးသွေးကို အနီးဆုံးတွေကဝယ်ရင် မြန်မာ့ကမ်းရိုးတန်းအရောက် တစ်တန်ကို ၇၅ ဒေါ်လာနဲ့ ၈၀ ဒေါ်လာဝန်းကျင်လောက် ကျသင့်ပါမယ်။

ဒီနေရာမှာ သတိပြုမိတာကတော့ ကလေးဝကျောက်မီးသွေးမိုင်းနဲ့ လားရှိုးကျောက်မီးသွေးမိုင်းတွေကနေ မန္တလေးထိ သယ်တာတောင် တစ်တန်အတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၅ ကနေ အမြင့်ဆုံး ၂၁ ထိ ကျသင့်နေတော့ မန္တလေးရောက်ဈေးဟာ တစ်တန်ကို ဒေါ်လာ ၇၀ ဝန်းကျင်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါက ဘာကြောင့်လဲဆိုတော့ ကလေးဝကနေ မန္တလေးထိ မိုးရာသီငါးလခန့်သာ သင်္ဘောအကြီးနဲ့ သယ်လို့ရတယ်။ ကျန်တဲ့အချိန် သင်္ဘောအသေး ဒါမှမဟုတ် ကားနဲ့သယ်ရတယ်။ လားရှိုးကတော့ ကားနဲ့ပဲ သယ်လို့ရတယ်။  ဒါ့ကြောင့် သယ်ပို့စရိတ်တွေကြီးနေတာဖြစ်တယ်။  တစ်နိုင်ငံလုံးအနှံ့  ဘိလပ်မြေစက်ရုံတွေ၊ သံမဏိစက်ရုံတွေ၊ စက်မှုလုပ်ငန်းတွေ  ရှိနေတာဆိုတော့ သူ့စက်ရုံတွေကလည်း သူ့ရဲ့အဓိက  ကုန်ကြမ်းရှိရာ  နီးရာတွေမှာပဲ တည်ကြမှာပဲ။ ဥပမာအားဖြင့် ဘိလပ်မြေစက်ရုံကလည်း ထုံးကျောက် တောင်ရှိရာမှာတည်မှ တွက်ခြေကိုက်မယ်။ သံမဏိစက်ရုံကလည်း ကုန်ကြမ်း၊  ကုန်ချော သွားလာလည်ပတ်ရေး လွယ်တဲ့နေရာမှာပဲ စက်ရုံတည်မှာပဲ။ ဒါမှလည်း ထုတ်ကုန်ပစ္စည်းဈေးနှုန်းသက်သာမှာပေါ့။

ဒါကြောင့်လည်း  လိုအပ်တဲ့ကျောက်မီးသွေးကို သူတို့လိုတဲ့နေရာထိ သယ်နေကြရတာပါ။ သယ်ယူရတဲ့ ယာဉ်ပေါ်မူတည်ပြီး စရိတ်ကုန်ကျမှာပါ။

ဓာတ်အားပေးစက်ရုံနဲ့ ကျောက်မီးသွေးမိုင်းသဘာဝ

လျှပ်စစ်ဓာတ်အားပေးစက်ရုံမျိုးတွေကျတော့ သူ့မှာတပ်ဆင်ရမယ့် လေးလံတဲ့ စက်အစိတ်အပိုင်းတွေ၊ ထရန်စဖော်မာတွေ၊ ဘွိုင်လာတွေနဲ့ ရှည်လျားကြီးမားတဲ့ သံပေါင်အစိတ်အပိုင်းတွေအတွက် သယ်ယူပို့ဆောင်ရေး အဆင်ပြေမယ့် နေရာရွေးဖို့လည်း လိုတယ်။ ဒီထက်ပိုအရေးကြီးတာကတော့ နေ့စဉ်လိုအပ်မယ့် ကျောက်မီးသွေးတန်ချိန် ထောင်ဂဏန်းကို ဘယ်လိုသယ်မလဲဆိုတာကို အဓိက စဉ်းစားကြရတယ်။ မြန်မာနိုင်ငံမှာ ကလေးဝကျောက်မီးသွေးမိုင်းနဲ့ မလှမ်းမကမ်းမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ နိုင်ငံတော်က ၂၀၁၃-၂၀၁၄ ခုနှစ်မှာ စီမံခဲ့တယ်။ ဒီနေရာမှာဘာလို့ရွေးရသလဲဆိုတဲ့ ခိုင်လုံသင့်လျော်တဲ့ အကြောင်းတွေရှိတယ်။ ပထမတစ်ချက်က ကလေးဝကျောက်မီးသွေးရဲ့ အပူစွမ်းအင်က မြန်မာပြည်မှာ အမြင့်ဆုံးထဲမှာပါတယ်။ စွမ်းအင်မြင့်လေ၊ ကျောက်မီးသွေးအကုန်ကျ သက်သာလေ၊ မိုင်းသက်တမ်းပိုကြာကြာသုံးရလေ ကျောက်မီးသွေးနည်းနည်းသုံးပြီး ဓာတ်အားထွက်လေ ဘေးထွက်ဆိုးကျိုး အထွက်သက်သာလေဆိုတဲ့ ချိတ်ဆက်မှုကြီးက အရေးကြီးအချက်ပါပဲ။

ဒုတိယတစ်ချက်က  မြန်မာပြည်အနောက်ခြမ်းမှာ  ဧရာဝတီမြစ်အနောက်ဘက် ချင်းတွင်းမြစ်တစ်ကြော စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံး၊ ချင်းပြည်နယ်တစ်ခုလုံး၊ မကွေးတိုင်းဒေသကြီး အနောက်ခြမ်းတစ်ခုလုံး လျှပ်စစ်ဓာတ်အားရရှိမှုရာခိုင်နှုန်းတွေကိုကြည့်ရင် (၂၀၁၄ ခုနှစ်) ချင်းပြည်နယ်မှာ ၁၂ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၅ ရာခိုင်နှုန်း အသီးသီးသာ ရှိသေးတာတွေ့ရပါတယ်။ ဒေသတွင်းမှာလည်း  ငါးနှစ်အတွင်း၊ ၁၀ နှစ်အတွင်း ဓာတ်အားပေးစက်ရုံ နောက်ထပ်တိုးလာစရာမရှိလို့ ဓာတ်အားမဂ္ဂါဝပ် ၃၅၀ တပ်ဆင်နိုင်မယ့်၊ ငါးနှစ်အတွင်းပြီးမယ့် ဓာတ်အားပေးစက်ရုံနှစ်ရုံကို ငါးနှစ်စီခွာပြီးတည်ဆောက်လိုက်ရင် ပြည်မကြီးက ဓာတ်အားလိုင်းကြီးတွေ မိုင်ရာချီပြီး ပို့စရာမလိုတော့သလို၊ ချင်းနဲ့စစ်ကိုင်းရဲ့ အစွန်အဖျားတွေအထိပါ ၁၃၂ ကီလိုဗို့ဓာတ်အားလိုင်းအရွယ်လောက်နဲ့ ဓာတ်အားပို့လို့ရပြီပေါ့။ လျှပ်စစ်သဘောအရ  ထုတ်လုပ်ပေးတဲ့နေရာနဲ့   သုံးစွဲတဲ့နေရာက သိပ်ဝေးပြီဆိုရင် ၂၃၀၊ ၅၀၀ ကီလိုဗို့ စတဲ့မဟာဓာတ်အားလိုင်း အကြီးစားတွေသုံးပြီး ဟိုပို့၊ ဒီပို့ ပို့ရတယ်။                  

 ဆက်လက်ဖော်ပြပါမည်။