နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် နန်ပေါင်လေဆိပ် ပန်းဥယျာဉ်ဖွင့်လှစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် နန်ပေါင်လေဆိပ် ပန်းဥယျာဉ်ဖွင့်လှစ်

မြစ်ကြီးနား  ဇန်နဝါရီ  ၈

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့  နန်ပေါင်လေဆိပ်ပန်းဥယျာဉ်ကို ဖွင့်လှစ်ပေးကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊   ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဦးညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်၊    ဦးဇော်အေးမောင်တို့သည်   နံနက် ၁၀ နာရီခွဲတွင် တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နန်ပေါင်လေဆိပ်သို့ ရောက်ရှိကြရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ကချင်ပြည်နယ်အတွင်းရှိ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကအဖွဲ့များက အကအလှများဖြင့် နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးများသည် (၇၅)နှစ်မြောက် စိန်ရတုကချင် ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်မည့် လေဆိပ်ဝင်း အတွင်းရှိ လေဆိပ် ပန်းဥယျာဉ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ လေဆိပ်ပန်းဥယျာဉ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးလှမိုးနှင့် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်နှင့် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က လေဆိပ်ပန်းဥယျာဉ်ဖွင့်ပွဲ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊  တိုင်းမှူး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာများက အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး လေဆိပ်ပန်းဥယျာဉ်ကို  လှည့်လည်ကြည့်ရှုကြသည်။

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဇန်နဝါရီ ၉ ရက်တွင်  မြစ်ကြီးနားမြို့၌   ရိုးရာမနော အကဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ဖွင့်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၀  ရက် စိန်ရတုကချင်ပြည်နယ်နေ့တွင် သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနား၊ ရိုးရာမနောအကနှင့် အတူ ဌာနဆိုင်ရာပြခန်းများ၊ ဒေသထွက် ကုန်ပစ္စည်းပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်အပ်နှင်းပွဲ၊ ရေကူးပြေးလမ်း (၁၀) လမ်းပါ ရေကူးကန်ဖွင့်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 ပြည်နယ်ပြန်/ဆက်