စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်- (၁၇)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်- (၁၇)

အမှတ်စဉ်(၁၇)

      ဒါတွေက ဓာတ်အားသုံးသူ အပေါ်မှာ စရိတ်ထောင်းစေတယ်။ ချင်းနဲ့ စစ်ကိုင်းဒေသတွေလို ဓာတ်အားပေးစက်ရုံ လုံးဝမရှိသေးတဲ့ မြန်မာပြည် အနောက်မြောက်ဒေသမှာ စက်ရုံတည်မှာဖြစ်လို့ ဓာတ်အားစနစ်ကိုလည်း တည်ငြိမ်အောင် အထောက်အကူပြုမှာ ဖြစ်တယ်။ ဓာတ်အား ထုတ်လုပ်မှု ဈေးနှုန်းကို ပြန်ကြည့်ရင်လည်း ဓာတ်အားတစ်ယူနစ်ကို အမေရိကန် ဒေါ်လာအများဆုံး သုည ဒသမ ၀၇ (7 US cent)) နဲ့ ထုတ်လုပ်ပေးနိုင်မယ်။ ဒေသခံတွေကိုလည်း ပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင် ထိခိုက်မှုတွေအတွက် စနစ်တကျ ရှင်းလင်း ပြောကြားပြီးပါပြီ။   ထိခိုက်မှု စံနှုန်းကလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) စံနှုန်းဘောင်အောက်မှာပဲ ရှိမယ်။ အနီးအနား ဒေသခံတွေကိုလည်း သတ်မှတ်ပမာဏ တစ်ခုအထိ ဓာတ်အားအခမဲ့ဖြန့်ပေးမယ်၊ နိုင်ငံတော်အတွက်လည်း အခမဲ့ရှယ်ယာ အတိုင်းအတာ တစ်ခုအထိပေးမယ်၊ Cooperate Social Responsibilities (CSR)  လည်း ၂ ရာခိုင်နှုန်းပေးမယ်  စသည်ဖြင့် အားလုံး ကုမ္ပဏီဘက်က လိုက်လျောခဲ့ပေမယ့် ကောင်းမှန်းသိပါလျက် ယနေ့ထိ မစနိုင်သေးပါဘူး။

ဘက်စုံစဉ်းစားရင် အားနည်းချက်တွေ များစွာရှိနေတဲ့ လေးမြို့တို့၊ မဏိပူရတို့ စတဲ့ရေအား လျှပ်စစ်စီမံကိန်းတွေလုပ်ဖို့ ကြံစည်နေတာဟာ လွဲချော်နေပါတယ်။ အချိန်လေးနှစ် အတွင်း ဒေသတစ်ခုလုံး ထိန်ထိန်ညီးဖို့ နိုင်ငံရေး၊ စီးပွားရေးတွဲပြီး စဉ်းစားဖို့ လိုမယ်ထင်ပါတယ်။ ကလေး၀ ကျောက်မီးသွေး မိုင်းကနေ အဝေးကို သယ်တာထက် အနားမှာ စက်ရုံတည်တာက ဒေသကိုပိုပြီး အကျိုးရှိစေမယ်။ ဒေသအတွက် လျှပ်စစ်မထုတ်ဘဲ အဝေးကို ကျောက်မီးသွေး သယ်သွားပြီးသုံးနေရင် ဒေသခံ တွေအတွက် ဒီပေါ်ကရမယ့် အကျိုးကျေးဇူး တိုက်ရိုက် မခံစားရမှာကတော့ သေချာပါတယ်။

သူ့နေရာနဲ့သူ၊ သူ့ဒေသနဲ့သူ အံဝင်ခွင်ကျဖြစ်စေမယ့် ဓာတ်အားပေး စက်ရုံများကို တည်ဆောက်ခြင်းဖြင့် ဓာတ်အားခလည်း သင့်တင့်ပြီး ဓာတ်အားစနစ် တည်ငြိမ်တဲ့ အကျိုးကျေးဇူးကို ရရှိမှာပါ။ ပတ်ဝန်းကျင် ထိခိုက်မှုသက်သာဖို့ ဘေးထွက်ဆိုးကျိုး သက်သာစေမယ့် စက်ပစ္စည်းတွေ၊ ခေတ်မီကိရိယာတွေ တပ်ဆင် အသုံးပြုကြမယ်ဆိုရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ယနေ့ ၎င်းဒေသကြီးများမှာ ကြုံတွေ့နေရတဲ့ဆင်းရဲ နွမ်းပါးမှု၊ အလုပ်အကိုင်ရှားပါးမှု၊ ခရီးသွားလုပ်ငန်း မဖွံ့ဖြိုးမှုတွေဟာ လျှပ်စစ်မီးမရကြတာရယ်၊ ရတဲ့မီးက အရည်အသွေး မကောင်းတာရယ်၊ ဈေးနှုန်းကြီးမြင့်တာတွေရယ်ကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးတာပဲ ဖြစ်ပါတယ်။ ဘက်စုံစဉ်းစား ပေးကြရန်လည်း တိုက်တွန်းပါတယ်။

နေ့စဉ်လို ငလျင်လှုပ်နေတဲ့ ချင်းတွင်းမြစ်ဝဲယာ ဒေသတွေ၊ မြေသား မတည်ငြိမ်တဲ့ ရခိုင်နဲ့ချင်းတောင်လို ဒေသတွေမှာ နောက်ထပ်လည်း တာတမံကြီးတွေသုံးပြီး ဘာရေလှောင်တမံနဲ့ ရေအားလျှပ်စစ်စက်ရုံမှ ကြီးကြီးမားမား မတည်ဆောက်သင့်သလို ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံလည်း တည်ဆောက်နိုင်ခြေ မရှိပါဘူး။ တမူးမြို့လို ဒေသအတွက် အိန္ဒိယက  ဓာတ်အားကို  ဝယ်သုံးတယ် ဆိုတာကလည်း  တမူးဟာ အိန္ဒိယရဲ့မြန်မာပြည်နဲ့  ကုန်သွယ်ရေး တံခါးပေါက်ဖြစ်တာကြောင့်သာ အကူအညီပေးတဲ့ သဘောနဲ့ အနည်းငယ် ရောင်းချင်ရောင်းပါလိမ့်မယ်။

အိန္ဒိယပြည်သူ သန်း ၂၄၀ က ယနေ့ထိ မီးမရကြသေးတဲ့အတွက် သူ့မီးကို အလုံးလိုက်အရင်းလိုက် ဝယ်ဖို့ဆိုတာ တော်ရုံဈေးနဲ့တော့ မဖြစ်နိုင်ပါဘူး။ မြန်မာပြည်က ထမံသီရေအား လျှပ်စစ်ကထွက်မယ့် ဓာတ်အားကိုတောင် အိန္ဒိယက အချို့အဝက် ဝယ်ချင်လို့ လာရောက်ရင်းနှီး မြှုပ်နှံဖို့ခြေဆင်းခဲ့ကြသေးတာပဲ။ နောက်ဆုံးတော့ ၂၀၁၁ ခုနှစ် ရွေးကောက်ခံအစိုးရက ထမံသီလုပ်ရင် ခန္တီးမြို့နဲ့ ချင်းတွင်းမြစ် တစ်ကြောဒေသတွေ ရေအောက်ရောက်သွားမယ်၊ ဆက်မလုပ်နဲ့ဆိုလို့ အိန္ဒိယ NHPC ကုမ္ပဏီဟာ နောက်လန်သွားကြတဲ့ အဖြစ်လည်း သာဓကရှိပါတယ်။

ဒီတော့ အိန္ဒိယနယ်စပ်က လေးမြို့မြစ်၊ ကုလားတန်မြစ်၊ မဏိပူရမြစ် တစ်လျှောက် သဘာဝဘူမိဗေဒ အခြေအနေ အလွန်ဆိုးတဲ့အပြင် ငလျင်ကြောင့် အချိန်မရွေး ဒုက္ခပေးနိုင်ပါတယ်။ တည်ဆောက်ရေးပစ္စည်း သဲနဲ့ကျောက်ရှားတာရယ်၊ ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတာရယ်၊ ထိန်းသိမ်းရခက်မှာရယ်၊ ရေလှောင်ကန်အတွင်း မြေလျှောကျမှု (Land Slide) ဖြစ်နိုင်ခြေ များတာရယ် စတာတွေကြောင့် ကြီးမားတဲ့ ရေလှောင်တမံနဲ့ ရေအားလျှပ်စစ်တွေ မလုပ်သင့်တဲ့ဒေသပါ။ ဖြစ်မြောက်နိုင်စွမ်းနည်းတဲ့ စီမံကိန်းဒေသတွေပါ။ လေးမြို့မြစ်ဟာ ရေကြောင်းသွားလာရေး မြစ်ဖြစ်ပြီး စီးပွားရေး အချက်အချာကျတဲ့ မြစ်ဖြစ်လို့ လက်တွေ့မှာ ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီးကြုံနိုင်ပါတယ်။ စဉ်းစားရမယ့် အချက်အလက်တွေ များပြားတာကို အတွင်းကျကျ သိနေတဲ့အတွက် ဘက်စုံစဉ်းစားချင့်ချိန်ပြီး ရေးသားဖော်ပြနေတာပါ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကျွမ်းကျင်မှုဆိုင်ရာ အခြေအနေ အရပ်ရပ်ကို ခြုံငုံသုံးသပ်ပြီး နိုင်ငံ့ဘဝကို မြှင့်တင်နိုင်မယ့် နည်းလမ်းများကို အကြံပြုနေတာသာ ဖြစ်ပါတယ်။

စီးပွားရေး တွက်ခြေကိုက်အောင် မိုင်းနဲ့နီးတဲ့ နေရာမှာသာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ရမယ်လို့ ပုံသေစဉ်းစားထားဖို့လည်း မလိုပါဘူး။ အကြောင်းက  မြန်မာ့ကမ်းရိုးတန်း ဒေသတစ်ခုခုထိ  အင်ဒိုနီးရှား (ကာလီမန်တန်)မှဖြစ်စေ၊ သြစတြေးလျ(နယူးကာဆယ်)မှဖြစ်စေ ဆိပ်ကမ်းအရောက် သယ်လာမယ့် ကျောက်မီးသွေး တစ်တန်ဈေးဟာ မိမိပြည်တွင်း ဒေသတစ်ခုမှ  မန္တလေးမြို့ထိ အရောက်ဝယ်ဈေးနဲ့ ဈေးနှုန်းမကွာတဲ့ အခြေအနေ ရှိတယ်ဆိုတာလည်း  သိထားဖို့လိုပါတယ်။  ဒါကြောင့် ပြည်ပကျောက်မီးသွေးဝယ်ပြီး  လျှပ်စစ်ဓာတ်ထုတ်မယ့် ကိစ္စအပေါ် ကိုယ့်ပြည်တွင်းက  ကျောက်မီးသွေး သုံးရင်တော့  ကောင်းပါတယ်၊ နိုင်ငံခြားက ဝယ်သွင်းပြီး လည်ပတ်မှာကိုတော့ မကြိုက်ပါဘူး ဆိုသူများအတွက် စဉ်းစားဖို့ပါပဲ။ မည်သည့်ဒေသက ထွက်သည်ဖြစ်စေ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့  စသည့်ပစ္စည်းအားလုံးဟာ ကမ္ဘာ့ပေါက်ဈေးနှင့် ချိန်ညှိပြီး ဒေါ်လာနဲ့တန်ဖိုးသင့်ပြီး ဈေးဖြတ်ကြရတာပါ။ အဓိက ဆုံးဖြတ်ရမှာက ဘယ်ကပဲ ဓာတ်ငွေ့ရပါစေ၊ LNG ရပါစေ၊ ကျောက်မီးသွေး ယူပါစေ၊ စက်ရုံထုတ်ဈေး ဓာတ်အားတစ်ယူနစ်ကို ဘယ်လောက်ကျမလဲ၊ အမေရိကန်ဒေါ်လာ ၆ ဆင့်လား၊ ၇ ဆင့်လား၊ ၈ ဆင့်လား၊ ၉ ဆင့်လား၊ ၁၀ ဆင့်လား  စသည်ဖြင့် မေးရုံပါပဲ။ နောက်မေးရမယ့် မေးခွန်းက ဘယ်လိုနည်းပညာနဲ့ လုပ်မယ့်စက်တွေလဲ၊ ဘေးထွက်ဆိုးကျိုးကို ဘယ်လောက် ထိန်းပေးနိုင်မလဲ၊  သဘာဝ ပတ်ဝန်းကျင်နဲ့  လူမှုပတ်ဝန်းကျင်ကို ဘယ်လောက်ထိ ထိခိုက်နိုင်သလဲ၊ ထိခိုက်မှာကို လျှော့ချနိုင်မှု၊ ထိခိုက်ခဲ့ရင် ကုစားပေးနိုင်မှု စတဲ့အချက်တွေကိုသာ မေးကြပါလို့ အကြံပြုလိုပါတယ်။ ဒါကလည်း လေ့လာရ လွယ်ပါတယ်။ ဒီခေတ်မှာ နည်းပညာ  အသစ်များနဲ့ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှေ့ကနမူနာ တည်ဆောက်ထားပြီး ရှိနေလို့ အဲဒီစက်ရုံများကို လေ့လာရုံပါပဲ။ စက်ရုံလည်ပတ်ချိန် အာမခံချက်တွေနဲ့ ညီမညီ တတိယအဖွဲ့အစည်းတွေပါ စစ်ခွင့်ပေးပြီး စစ်ရုံပါပဲ။ မကိုက်ညီရင် ကိုက်ညီအောင်လုပ်ရမယ့် တာဝန်က ရင်းနှီးမြှုပ်နှံသူရဲ့တာဝန်ပါပဲ။

ဆက်လက်ဖော်ပြပါမည်။