တရုတ်အစိုးရက နယ်စပ်အားလုံးကို ပြန်ဖွင့်ပြီး ခရီးသွားလာမှုများကို ပြန်လည်ခွင့်ပြုပေး

တရုတ်အစိုးရက နယ်စပ်အားလုံးကို ပြန်ဖွင့်ပြီး ခရီးသွားလာမှုများကို ပြန်လည်ခွင့်ပြုပေး

တရုတ်အစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက ပိတ်ထားခဲ့သော နယ်စပ်များကို ပြန်ဖွင့်ပေးပြီး ခရီးသွားလာမှုများကို ပြန်လည်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့နယ်စပ်များကို ပြန်ဖွင့်ပေးမှုကြောင့် နိုင်ငံသားများနှင့်ခရီးသည်များအနေဖြင့် ဇန်နဝါရီ ၈ ရက်တွင် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းကြောင်းတို့မှတစ်ဆင့် ပြည်မကြီးသို့ ဝင်ရောက်လာပြီဖြစ်သည်။

ထို့ပြင် ဟောင်ကောင်နှင့် ဆက်သွယ်ထားသည့် ပင်လယ်ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းတို့ ပွင့်သွားမှုနှင့်အတူ ပြည်မကြီးသို့     ဝင်ရောက်မည့်သူများ ကွာရန်တင်းဝင်ရမည် ဟူသော ကန့်သတ်ချက်ကိုလည်း ဖယ်ရှားပေးလိုက်ပြီဖြစ်သည်။

တရုတ်အစိုးရသည် ကိုဗစ်-၁၉ ရောဂါအလုံးစုံကင်းရှင်းရေးမူဝါဒကိုချမှတ်ကာ ထိန်းချုပ်မှုများလုပ်ဆောင်ခဲ့ပြီး ယခုအခါ အဆိုပါကန့်သတ်ချက်များကို ဖြည်းဖြည်းချင်းလျှော့ချပေးခဲ့ရာမှ နောက်ဆုံးကျန်ရှိသည့် နယ်စပ်ဝင်ပေါက်များပိတ်ထားခြင်းကို ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။

တရုတ်အစိုးရက ယခုကဲ့သို့နယ်စပ်များကို ပြန်ဖွင့်ပေးလိုက်ခြင်းကြောင့် ဟောင်ကောင်မှနေ၍  ပြည်မကြီးသို့ သွားမည့်သူများ လေဆိပ်၌  တန်းစီစောင့်ဆိုင်းနေသည်မှာ လူထောင်ပေါင်းများစွာခန့်ရှိမည်ဟု ဟောင်ကောင် သတင်းဌာနများက ခန့်မှန်းထားသည်။

ထို့ပြင် နှစ်အနည်းငယ်ကြာကွဲကွာနေရသည့် မိသားစုဝင်များအနေဖြင့်လည်း ပြန်လည်ပေါင်းစည်း ရတော့မည်ဖြစ်သည့်အတွက် တရုတ်အစိုးရ၏ ယခုဆုံးဖြတ်ချက်ကို   လူအများက လက်ခံကြိုဆိုကြသည်။

ယခုအချိန်တွင် နယ်စပ်များကိုပြန်ဖွင့်ပေးခြင်းသည် ရာစုနှစ်ဝက်အတွင်း အနိမ့်ဆုံးအထိကျဆင်းခဲ့သည့် စီးပွားရေးအခြေအနေကို ပြန်လည်ထူထောင်နိုင်စေမည်ဟု ရင်းနှီးမြှုပ်နှံသူများက မျှော်လင့်ထားသည်။

တရုတ်အစိုးရသည် မကြာမီကျရောက်မည့် တရုတ်နှစ်သစ်ကူးကာလမတိုင်မီတွင် နယ်စပ်များကို ပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ခရီးသွားလာသူစုစုပေါင်း ၂ ဘီလီယံအထိရှိမည်ဟု တာဝန်ရှိသူများက မျှော်မှန်းထားသည်။

Ref: CNA