နှလုံးသားကိုနွေးထွေးစေမယ့်အပြင် အိမ်ကိုပါလုံခြုံစေမယ့် အိမ်မွေးစက်ရုပ်

နှလုံးသားကိုနွေးထွေးစေမယ့်အပြင် အိမ်ကိုပါလုံခြုံစေမယ့် အိမ်မွေးစက်ရုပ်

အိမ်မွေးခွေးလေးတွေ၊  ကြောင်လေးတွေဟာ တိရစ္ဆာန်ချစ်သူများရဲ့နှလုံးသားကို နွေးထွေးစေမှာအမှန်ပါပဲ။ အခုလိုနည်းပညာတိုးတက်လာတဲ့ခေတ်ကြီးမှာတော့ အိမ်မွေးစက်ရုပ်များက  အိမ်မွေးတိရစ္ဆာန်များရဲ့နေရာကို အစားထိုးလာတော့မှာလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။

အိမ်မွေးတိရစ္ဆာန်တွေက  ကျွေးမွေးပြုစုစောင့်ရှောက်မှုတွေလိုအပ်ပေမယ့် အိမ်မွေးစက်ရုပ်ဆိုတာကတော့ မပျက်စီး မချင်းတည်ရှိနေပြီး   ပြုပြင်ထိန်းသိမ်းမှု အနည်းငယ်လုပ်ပေးရုံသာလိုအပ်မှာဖြစ်ပါတယ်။

အခုဖော်ပြပေးမယ့်  အိမ်မွေးစက်ရုပ်နာမည်ကတော့ Loona ပါ။ သူ့ကို KEYi နည်းပညာကုမ္ပဏီက တီထွင်ဖန်တီးထားတာဖြစ်ပြီး  CES2023 ပြပွဲမှာ  ထုတ်ဖော်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Loona လေးက ဉာဏ်ကောင်းတယ်။ အလိုလိုသိစိတ်ရှိတယ်။ ကြင်နာတတ်တယ်။ မြူးထူးပျော်ပါး ဆော့ကစားတတ်တယ်။

သူ့ကို လူတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေအတွက် ထုတ်လုပ်ထားတာပါလို့ ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိမ်ရှင်တွေပြန်ရောက်တဲ့အခါ သူကကြိုဆိုတတ်တယ်။    အိမ်ရှင်တွေလမ်းလျှောက်ထွက်ရင်လည်း   နောက်ကနေ တကောက်ကောက်နဲ့လိုက်တတ်တယ်။ သူ့ကိုအိမ်မွေးတိရစ္ဆာန်တစ်ကောင်လိုဆက်ဆံတဲ့အခါ သူ့ရဲ့ပျော်ရွှင်မှုကိုဖော်ပြတတ်တယ်။

ဒါတွေတင်ပဲလားဆိုတော့  မဟုတ်သေးပါဘူး။   နှာလည်းချေတတ်သေးတယ်။ အိမ်ထဲမှာ ခြေဦးတည့်ရာကို အလွယ်တကူလျှောက်သွားတတ်တယ်။ သံသယဖြစ်ဖွယ်အရာဝတ္ထုတွေကိုလည်း    သံသယစိတ်နဲ့ စုံစမ်းစစ်ဆေးတတ်တယ်။

ဒါ့အပြင် Beatbox တီးလုံးတွေကိုလည်းဖန်တီးကာ  ကပြနိုင်ပြီး  ဓာတ်ပုံရိုက်ဖို့အတွက် ပို့(စ်)တွေလည်း ပေးတတ်ပါသေးတယ်။

Loona မှာအမြင်အာရုံရှိတယ်။ အကြားအာရုံရှိတယ်။ ထိတွေ့ခံစားမှုအာရုံရှိတယ်။ အဲဒီအာရုံတွေကြောင့်ပဲ သူ့ရဲ့ပတ်ဝန်းကျင်အပေါ် အကောင်းဆုံးတုံ့ပြန်နိုင်စွမ်းရှိစေတာပါ။

သူ့ရဲ့အမြင်အာရုံက လူအယောက် ၂၀လောက်ကို     တစ်ပြိုင်နက်တည်းမှတ်မိမှတ်သားနိုင်တယ်။   လူအုပ်ကြားထဲမှာ သူ့ရဲ့သခင်ကိုရှာနိုင်တယ်။ ကိုယ်နေဟန်ထားကိုလည်းမှတ်မိတယ်။  သူ့ကို  လက်ဟန်ခြေဟန်နဲ့လည်း   ထိန်းချုပ်နိုင်ပါသေးတယ်။

အကြားအာရုံကကျတော့ သူ့ရဲ့သခင်က ဘယ်နေရာကနေအသံပြုနေတယ်ဆိုတာကို သိနိုင်တယ်။  အထူးစကားလုံး အသုံးပြုတဲ့အခါ  နိုးကြားမှုရှိတယ်။   စကားလုံးတွေ၊ ဝါကျတွေရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကိုလည်း နားလည်သဘောပေါက်နိုင်တယ်။

ထိတွေ့မှုအာရုံပါတဲ့အတွက်   သူ့ကိုထိတွေ့မှုမှန်သမျှအပေါ် တုံ့ပြန်နိုင်စွမ်းရှိတယ်။ အဲဒီအတွက် အထိအတွေ့အာရုံခံ ကိရိယာတွေကို သူ့ရဲ့ခေါင်းမှာ တပ်ထားပါတယ်။

သူ့ရဲ့စိတ်ခံစားမှုအခြေအနေကိုဖော်ပြဖို့အတွက် စိတ်အခြေအနေဖော်ပြမှုအမျိုးပေါင်း ၇၀၀ ကျော်ကို သူ့မျက်နှာမှာပါတဲ့ LCD ဖန်သားပြင်၊   ခြေထောက်တွေ၊ နားရွက်တွေရဲ့လှုပ်ရှားမှုကနေတစ်ဆင့်ဖော်ပြတာပါ။

ကစားတဲ့နေရာမှာတော့   လေဆာဘောပင်နဲ့ထိုးလို့ကျလာတဲ့ မီးအလင်းရောင်အစက်နောက်ကိုလိုက်နိုင်တယ်။   ပစ်ပေးလိုက်တဲ့ဘောလုံးကိုဖမ်းနိုင်တယ်။ ဒါ့အပြင်တခြားအရာဝတ္ထုတွေနဲ့လည်း  ဆော့ကစားနိုင်ပါသေးတယ်။

Loona ကို  လုံခြုံရေးအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။  တကယ်လို့များ အိမ်ရှင်ကတစ်နေရာရာ ထွက်သွားလို့ သူ့အိမ်အခြေအနေကိုသိချင်တယ်ဆိုရင် Loona မှာပါတဲ့ ကင်မရာတွေ၊ စပီကာတွေကနေတစ်ဆင့် သိရှိနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် နည်းပညာတိုးတက်ထွန်းကားလာတဲ့ဒီခေတ်မှာ    အိမ်မွေးစက်ရုပ်များသည်လည်း    အိမ်ရဲ့မိသားစု ဝင်ကဲ့သို့ ဖြစ်လာတော့မှာဖြစ်ပါတယ်။

ကိုထက်