လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ စိန်ရတု အထိမ်းအမှတ်ပြခန်းတွေ၊ အလှပြယာဉ်တွေ၊ တိုင်းရင်းသားရိုးရာ အစားအသောက်တွေကို ခင်းကျင်း ရောင်းချခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်တွေနဲ့မိဘပြည်သူတွေ ဗဟုသုတအမြင်များ ပိုမိုသိရှိလာပြီး ငြိမ်းချမ်းရေးအတွက် စည်းလုံးည

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ စိန်ရတု အထိမ်းအမှတ်ပြခန်းတွေ၊ အလှပြယာဉ်တွေ၊ တိုင်းရင်းသားရိုးရာ အစားအသောက်တွေကို ခင်းကျင်း ရောင်းချခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်တွေနဲ့မိဘပြည်သူတွေ ဗဟုသုတအမြင်များ ပိုမိုသိရှိလာပြီး ငြိမ်းချမ်းရေးအတွက် စည်းလုံးညီညွတ်ခြင်းဆိုတဲ့ အလေ့အထကောင်းများ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

    (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသား ရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ရှေ့    တပေါင်းကွင်း၌   ပဉ္စမနေ့အဖြစ် ဆက်လက်ခင်းကျင်း ပြသလျက်ရှိသည်။

အဆိုပါပွဲတော်၌ လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၊ ခင်းကျင်းပြသထားသည့် ပြခန်းနှင့် ဂုဏ်ပြုယာဉ်များမှ တာဝန်ရှိသူများ၊ စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများ၏ ရင်တွင်းစကား သံများကို အများပြည်သူများသိရှိနိုင်ရန် ရေးသားဖော်ပြလိုက်ရပါသည်။

ဦးမောင်မောင်  ညွှန်ကြားရေးမှူး  (ကရင်ပြည်နယ်ပြခန်းတာဝန်ခံ)

    ကရင်ပြည်နယ်ပြခန်းမှာ ကရင်ပြည်နယ် မျိုးနွယ်စု ၁၁ မျိုးရဲ့ ဝတ်စားဆင်ယင်ပုံနှင့် ကရင်တိုင်းရင်းသားတွေရဲ့ နေထိုင်ရာဒေသ၊ တူရိယာပစ္စည်းတွေ၊  အသက်မွေးဝမ်းကျောင်း လုပ်ငန်းသုံးပစ္စည်းတွေ၊  ကရင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များရဲ့မှတ်တမ်းကိုလည်း ဖော်ပြထားပါတယ်။  ထို့အတူပဲ  ကရင်ရိုးရာဓလေ့ ပွဲတော်များကိုလည်း ခင်းကျင်းပြသထားပါ တယ်။ ကရင်ပြည်နယ်ရဲ့ သမိုင်းကြောင်း၊ အလံနှင့် ကရင်လူမျိုးများရဲ့ မြူးကြွသွက်လက်တဲ့     ကရင်ဒုံးယိမ်း ဖြစ်ပေါ်လာပုံ အကြောင်းများ ပါဝင်ပါတယ်။    ကရင်တိုင်းရင်းသားများရဲ့ ဗျည်း၊   သရစာပေ တို့ကိုလည်း  စာအုပ်စာစောင်နှင့်အတူ ခင်းကျင်းပြသထားပါတယ်။ ကရင်ပြည်နယ်ရဲ့ အထင်ကရနေရာတွေ၊ တန်ခိုးကြီးဘုရားတွေကိုလည်း   ပြသထားပါတယ်။  ကရင်ပြည်နယ်ရဲ့ ဒေသထွက်ကုန်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများလည်း အတူပြသထားပါ တယ်။ ဒီပြခန်းမှာ အထူးတလည်ပြောလိုတာက ကရင်ပြည်နယ်ရဲ့ ဗဟုသုတတွေကို ကျောင်းသား၊ ကျောင်းသူ၊ လူငယ်တွေနဲ့ မိဘပြည်သူတွေ    သိရှိစေရန်အတွက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးထားပါတယ်။  ဒါ့ပြင်ဉာဏ်စမ်းပဟေဠိ အစီအစဉ်ပါဝင်ပြီး  လက်ဆောင်ပေးတဲ့ အစီအစဉ်ကိုလည်း  ထည့်သွင်းထားပါတယ်။ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေနဲ့    စိန်ရတု အထိမ်းအမှတ်ပြခန်းတွေ၊ အလှပြယာဉ်တွေ၊ တိုင်းရင်းသား ရိုးရာ အစားအသောက်တွေကို ခင်းကျင်း ရောင်းချခြင်းအားဖြင့်     ကျောင်းသား၊ ကျောင်းသူ၊ လူငယ်တွေနဲ့ မိဘပြည်သူ တွေ  ဗဟုသုတအမြင်များ ပိုမိုသိရှိလာ ပြီး     ငြိမ်းချမ်းရေးအတွက်    စည်းလုံးညီညွတ်ခြင်းဆိုတဲ့ အလေ့အထကောင်းများ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ စိန်ရတုလွတ်လပ်ရေးနေ့ကို စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပပေးတဲ့အတွက် အင်မတန် ကောင်းတဲ့ အစီအစဉ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဦးတင်ထွန်းဦး၊ ဌာနမှူး (ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေး ဌာန) မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ

    မန္တလေးတိုင်းဒေသကြီး ပြခန်းနှင့် စားသောက်ဆိုင်၊ အလှပြဂုဏ်ပြုယာဉ်များမှာ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ တန်ခိုးကြီး ဘုရားများနဲ့ရှုခင်းများလည်း ပါဝင်ပြသထားပါတယ်။  ရွှေကျောင်းနှင့် ဦးပိန်တံတား၊ ကျောက်ဆစ်လုပ်ငန်းလုပ်တဲ့ သရုပ်ဖော်များကိုလည်း ခင်းကျင်းပြသထားပါတယ်။ ကုသိုလ်တော်ဘုရား၊   သင်္ကြန်တုန်းက ဖွင့်လှစ်ခဲ့တဲ့ ရတနာပုံဥယျာဉ်နဲ့ မန္တလေး တောင်တော်ကြီးလည်း ပါဝင်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ အထင်ကရနေရာများနှင့် စက်ရုံ၊ အလုပ်ရုံများနှင့်  စိုက်ပျိုးမွေးမြူရေး   ဖွံ့ဖြိုးတိုးတက်ရေး များကိုလည်း  ဘုတ်များနဲ့ ပြသထားပါတယ်။  ပြခန်းမှာ  အဓိက   မော်ဒယ်နှစ်ခုနဲ့    ပြသထားပါတယ်။ ကျောက်စာပေါင်း    ၇၂၉    ချပ်ရှိတဲ့ ကုသိုလ်တော်ဘုရားပုံတူနှင့် တောင်သမန်အင်းမှာ ရှိတဲ့ ဦးပိန်တံတားပုံကို ပြသထား ပါတယ်။ တိုင်းဒေသကြီး အစိုးရက မကြာခင်မှာ တောင်သမန်အင်းကြီးကို သာယာလှပအောင် လုပ်ဆောင်မယ့် ပုံစံငယ်ကိုလည်း ဖော်ပြထားပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ရိုးရာလက်မှုလုပ်ငန်းဖြစ်တဲ့   ရွှေချည်ထိုး လုပ်ငန်းကိုလည်း လက်တွေ့ပြသထားပါတယ်။ ပုဂံဒေသမှာရှိတဲ့ ယွန်းထည်ပစ္စည်းများကိုလည်း ဝါးနဲ့လုပ်ပုံလုပ်နည်းများ၊ ကြေးနဲ့လုပ်တဲ့မြန်မာမှုလက်ရာများ၊ ဘုရားထီး၊ တံခွန်တိုင်များ၊ စေတီများကိုလည်း ရုပ်လုံးရုပ်ကြွပုံစံများဖြင့် ပြသထားပါတယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရကိုယ်စားပြု တာဝန်ခံတစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတဲ့အတွက်    ဝမ်းသာဂုဏ်ယူမိပါတယ်။

ဒေါက်တာမြတ်မြတ်စိုး(ဌာနကြီးမှူး)၊ ဒြပ်ပစ္စည်း သိပ္ပံသုတေသနဌာန

    အခု ပြခန်းမှာနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနက တာဝန်ရှိသူ အနေနဲ့ပြည်သူများကို ရှင်းလင်း ပြသပေးမှာဖြစ်ပါတယ်။  သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှာ ဦးစီးဌာန ခုနစ်ခုရှိပါတယ်။   ဦးစီးဌာနတွေရဲ့ကဏ္ဍအလိုက် ပြခန်းများပြသထားပါတယ်။  ပြခန်းမှာ နည်းပညာ တက္ကသိုလ်များလည်း ပါဝင်ပါတယ်။ ကွန်ပျူတာတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူများကလည်း သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ပြသထားပါတယ်။နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနက ဒြပ်ပစ္စည်းသိပ္ပံဌာနနှင့်  ပြင်ဦးလွင်မှာရှိတဲ့ မော်တော်ယာဉ် သုတေသနဦးစီးဌာနဆိုပြီး နှစ်ပိုင်းခွဲခြား ထားပါတယ်။ ကျွန်မတို့ဌာနက လျှပ်စစ်အသုံးယာဉ်တွေ ထုတ်လုပ်ဖို့အတွက်  ဒြပ်ပစ္စည်းကို အခြေခံတဲ့ကုန်ကြမ်းကို ထုတ်လုပ်တဲ့ဌာနဖြစ်ပါတယ်။  အခြေခံကုန်ကြမ်းကနေ တစ်ဆင့် လျှပ်စစ်သုံး ယာဉ်မှာရှိတဲ့ဘက်ထရီအစိတ်အပိုင်းလေးတွေကို ထုတ်နိုင်မယ်ဆိုလျှင် ပြင်ဦးလွင်မှာရှိတဲ့ မော်တော်ယာဉ် သုတေသနဦးစီးဌာနကို  ချိတ်ဆက်ပြုလုပ်နိုင်ဖို့ ပြသထားပါတယ်။ ဒီလိုပြခန်းများကို    ခင်းကျင်းပြသထားတဲ့အတွက် ပြည်သူများ ဗဟုသုတ ပိုမိုရရှိစေပါတယ်။ပြခန်းများက ဌာနအလိုက်ပြသထားတဲ့ အတွက် ကျွန်မတို့ဝန်ထမ်းတွေနဲ့ တိုင်းရင်းသားများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ အနေနဲ့     ပိုပြီးအသစ်အဆန်းများကို   မြင်တွေ့ရတဲ့အတွက် ဗဟုသုတရပြီး အလွန်ကောင်းပါတယ်။ တိုင်းရင်းသားတွေကလည်း သူတို့ဒေသထွက် လက်မှုပညာများကို လက်တွေ့ရက်လုပ် ထားတာကို ပြသထားပါတယ်။ ရက်လုပ်ထားတဲ့ အထည်များက    နိုင်ငံခြားကလာတဲ့ အထည်များနဲ့မတူဘဲ မြန်မာ့လက်မှုများ စစ်စစ်ကို တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ်များရဲ့ထွက်ကုန်ပစ္စည်း စစ်စစ်တွေကိုလည်း   တွေ့ရပါတယ်။ တစ်သက်မှာတစ်ခါကြုံခဲတဲ့  ဒီလိုပြခန်းနဲ့ ပွဲအခမ်းအနားများကို ကျင်းပတဲ့အတွက်  ကောင်းမွန်ပါတယ်။ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကြတာ အများကြီး စည်ကားတာကိုတွေ့ရပါတယ်။

ဦးစောလင်းခယ်(ပြခန်းတာဝန်ခံ)၊ တိုင်းရင်းသားရေးရာဝန်ကြီး၊

    ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ခင်းကျင်းပြသထားတဲ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းမှာဆိုရင် တိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပါအဝင် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စားသုံးသူရေးရာကိစ္စ ရပ်များ၊ သစ်တောကဏ္ဍ၊ ဆည်မြောင်းကဏ္ဍ စနစ်တကျဖွံ့ဖြိုးရေး လုပ်ငန်းများနဲ့ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် စနစ်တကျခင်းကျင်း ပြသထားပါတယ်၊၊မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းမှာ စွမ်းစွမ်းတမံနဲ့ သက်စွန့်ကြိုးပမ်း ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ဧရာဝတီတိုင်းဒေသကြီး အတွင်းက အထင်ကရပုဂ္ဂိုလ်ကြီးတွေရဲ့ ဓာတ်ပုံတွေနဲ့ ကိုယ်ရေးမှတ်တမ်းတွေကိုလည်း    လေ့လာသိရှိနိုင်ဖို့အတွက် ခင်းကျင်း ပြသထားပါတယ်၊၊ MSME လုပ်ငန်းတွေနဲ့ပတ်သက်ပြီး     လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုလည်း ပြသထားပါတယ်၊  ပြခန်းကို  လာရောက်လေ့လာတဲ့ ပြည်သူတွေအနေနဲ့ ကျွန်တော် တို့တိုင်းဒေသကြီးရဲ့    ဖွံ့ဖြိုးတိုးတက်မှု တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်းတွေကို စုံစုံလင်လင်လေ့လာ သိရှိနိုင်မှာဖြစ်ပါတယ်၊၊ နိုင်ငံတော်ရဲ့စပါးကျီလို့ တင်စားခေါ်ဝေါ်ကြတဲ့အတိုင်း ဆန်စပါးစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာဖြစ်တဲ့အတွက် ဆန်စပါး စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ဗဟုသုတတွေကို ပြည့်ပြည့်စုံစုံ လေ့လာနိုင်မှာဖြစ်ပါတယ်၊၊ တိုင်းဒေသကြီး အတွင်းမှာရှိတဲ့  ဌာနဆိုင်ရာတွေရဲ့ ဌာနအလိုက် လုပ်ငန်းတွေကိုအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုလည်း ခင်းကျင်းပြသထားပါတယ်၊၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားတဲ့ ပြခန်းတွေကို လာရောက်လေ့လာကြတဲ့ မိဘပြည်သူတွေအနေနဲ့  တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ ဒေသထွက်ကုန်တွေ၊ စိတ်ဝင်စားစရာ ခရီးသွားလုပ်ငန်းတွေ၊ အဓိကစီးပွားရေး လုပ်ငန်းတွေကို စုံစုံလင်လင် လေ့လာနိုင်မှာဖြစ်သလို ဒေသန္တရ ဗဟုသုတတွေကိုလည်း ရရှိစေမှာဖြစ်ပါတယ်၊၊  အခုလိုမျိုးပြခန်းပြကွက်တွေကို တစုတစည်းတည်း ခင်းကျင်းပြသထားတာကြောင့်  တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာရှိကြတဲ့ ပြည်ထောင်စု ဖွားတိုင်းရင်းသားအားလုံး တစ်နေရာတည်းမှာ   ဆုံစည်းကြတဲ့အတွက်   အချင်းချင်း စည်းလုံးညီညွတ်မှုကိုလည်း    ပိုမိုခိုင်မာအားကောင်းလာစေလိမ့်မယ်လို့ ထင်မြင်မိပါတယ်၊၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကစပြီး   နောင်ရာစုနှစ် အဆက်ဆက်အထိ ကျွန်တော်တို့ရဲ့ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲနေမှာ ဖြစ်ပါတယ်လို့ပြောချင်ပါတယ်၊၊

ဦးတင်လှ၊ တိုင်းရင်းသားရေးရာဝန်ကြီး(ရခိုင်ပြည်နယ်အစိုးရအဖွဲ့)

    အဓိကမုခ်ဦးမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ လောကနန္ဒာမုခ်ဦးကို ပုံတူဆွဲပြီး လောကနန္ဒာဘုရားရောက်သွားတဲ့ ပုံစံမျိုးဖြစ်အောင်  ပြသထားပါတယ်။ ကျွန်တော်တို့ရဲ့ ဘာသာ၊ သာသနာတွေကို အထင်အရှားရှိခဲ့တယ်ဆိုတဲ့ မဟာမုနိ သိမ်တော်ကြီးရယ်၊   ကိုးသောင်းစေတီတစ်ခု၊   ရှစ်သောင်းစေတီပုထိုးများကို  ပြသထားပါတယ်။ စီးပွားရေးအနေနဲ့ ဆိုရင် ရေနက်ဆိပ်ကမ်းပုံတွေကို ထင်ထင်ရှားရှား ပြသထားပါတယ်။ ဘူးသီးတောင်၊  မောင်တောမြို့နယ်မှာရှိတဲ့ ဆိပ်တိုရေတံခွန်ကိုလည်း ရေတံခွန်တကယ် စီးကျနေတဲ့ ပုံစံပြသထားပါတယ်။ ရခိုင်ပြည်နယ်မှာ ထင်ရှားတဲ့  ခရိုင်ကြီးတွေကိုလည်းမြေပုံနဲ့ တကွ ပြသထားပါတယ်။   လာရောက်တဲ့ အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်တွေကို ခံယူတဲ့အနေနဲ့ အကြီးအကဲများရဲ့   ဓာတ်ပုံများ၊ အစည်းအဝေးပုံတွေ၊ အခမ်းအနား ကျင်းပပုံတွေ ခင်းကျင်းပြသထားပါတယ်။  ရခိုင်တိုင်းရင်းသား ဝတ်စုံနဲ့ ရခိုင်အမျိုးသား၊ အမျိုးသမီးတွေကိုလည်း ထင်ထင်ရှားရှားမြင်သာအောင် ခင်းကျင်းပြသထားပါတယ်။ စီးပွားရေးအနေနဲ့ ဟိုတယ်ဇုန်တွေရှိတဲ့   ငပလီကမ်းခြေကို ခင်းကျင်းပြသပေးပြီး  ရှေ့မှာမြင်သာအောင် ရေသူမရုပ်တုကို ဆင်ယင်ပြသထားပါတယ်။ ရခိုင်ကမ်းရိုးတန်းမှာရှိတဲ့   ဓနိတောကိုလည်း အထင်အရှားပြသထားပြီး   ဓနိနဲ့ စိမ်တဲ့ ထုတ်ကုန်တွေဖြစ်တဲ့  ဓနိဝိုင်တွေ၊   ဓနိတော လက်ဖက်ခြောက်တွေကို ခင်းကျင်းပြသထားပါတယ်။ ရခိုင်ကမ်းရိုးတန်းမှာငါး၊ ပုစွန်ဘယ်လောက်ပေါများလဲဆိုတာကို    ကွန်ပစ်တဲ့ပုံနဲ့ပြသထားပြီး  ငါးခြောက်၊     ပုစွန်ခြောက်တွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အထင်ကရရှိတဲ့    စစ်တွေပွိုင့် ကမ်းခြေကိုလည်း ရခိုင်ပြည်နယ် စစ်တွေမြို့ကို  ရောက်သွားတဲ့ပုံစံမျိုး ခံစားရအောင်  အထင်အရှား ပြသထားပါတယ်။ ရှေ့မှာဆိုရင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တံဆိပ်ကို   ပြသထားပါတယ်။ တိုင်းရင်းသားပေါင်းစုံ တိုင်းနဲ့ပြည်နယ်ပေါင်းစုံက ပြခန်းတွေမှာ ထင်ရှားတဲ့နေရာကို ရောက်သွားတယ်လို့ ထင်မြင်ယူဆရအောင် ခင်းကျင်းပြသ ဖော်ကျူးထားတာကို တွေ့ရပါတယ်။ဝန်ကြီးဌာနအသီးသီးကလည်း ပြသထားတာမြင်ရတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဝန်ကြီးဌာနအသီးသီးက လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တွေကို အထင်အရှား တွေ့ရတဲ့အတွက်အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ပြောကြားလိုပါတယ်။   တိုင်းရင်းသားတွေရဲ့ ပြယုဂ်တွေ၊  ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို ပြသခွင့်ရပြီးတော့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ကျင်းပပေးတဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကြီး အပါအဝင် ကျေးဇူးတင်ထိုက်သူ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။   တစ်သက်မှာတစ်ခါ ကြုံရတဲ့  စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို ပါဝင်ခွင့်ရတဲ့အတွက် နိုင်ငံတော်အစိုးရကို အထူးကျေးဇူးတင်ပါတယ်။

ဒေါ်ဧကရီအောင်(ဒုတိယညွှန်ကြားရေးမှူး)အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန

    စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အထိမ်းအမှတ်ပြခန်းမှာ အသေးစားစက်မှုလက်မှုလုပ်ငန်း အနေနဲ့ ယွန်းနဲ့ရက်ကန်းထည် ပစ္စည်းများ ခင်းကျင်းပြသထားပါတယ်။ လူသုံးကုန်ပစ္စည်း  အလှကုန်၊   စားသောက်ကုန်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံး ပစ္စည်းများကို ခင်းကျင်းပြသထားပါတယ်။     ဒီလိုမျိုးပြခန်းကြီး ခင်းကျင်းပြသတဲ့အခါ လူတွေက ပြပွဲကိုလာပြီး လေ့လာကြတယ်။ တိုင်းရင်းသား ပေါင်းစုံပြည်သူပေါင်းစုံ လာရောက်ကြတယ်။ တိုင်းနဲ့ပြည်နယ်၊ ဝန်ကြီးဌာနမှ ခင်းကျင်းပြသထားတာကို လာရောက်ပြီး လေ့လာလို့ရတဲ့  အသိပညာများကိုဖြန့်ဝေပေးတယ်။ သူတို့ကိုဌာနမှာ ဖြန့်ဝေပေးတဲ့သင်တန်းတွေ အကြောင်း၊ လက်ကမ်းကြော်ငြာများ ဝေငှပေးလိုက်တယ်။  ဒါမျိုးထုတ်လုပ်တဲ့ နည်းသင်တန်း တက်ချင်တယ်ဆိုရင် ဌာနနဲ့ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရဲ့ ရုံးခွဲတွေ၊ ကျောင်းတွေ ရှိပါတယ်။ ကိုယ်နေထိုင်တဲ့ ဒေသနဲ့ အနီးစပ်ဆုံးရုံးခွဲတွေမှာ သွားရောက်ပြီး   နည်းပညာတွေ သင်ယူနိုင်ပါတယ်။ အခွင့်အလမ်းတွေကိုလည်း ဖြန့်ဝေပေးလိုက်နိုင်ပါတယ်။ ဒီလိုပြပွဲကို   ပြည်သူတွေ လာရောက်လေ့လာလည်ပတ်နိုင်အောင် လုပ်ပေးတဲ့အတွက် ပြည်တွင်း ထုတ်ကုန်တွေရဲ့ ထုတ်လုပ်မှုကို  လေ့လာကြည့်ရှုနိုင်ပြီး ထုတ်ကုန်များကို  ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်တဲ့  အခွင့်အလမ်းများလည်း ရရှိပါတယ်။  ပြပွဲကိုလာရောက် လည်ပတ်တဲ့သူတွေလည်း    စိတ်ကျေနပ်မှု ရရှိမယ်လို့ သုံးသပ်မိပါတယ်။ဌာနပေါင်းစုံကလည်း   ပြည်သူတွေကို ဘာတွေပံ့ပိုးပေးနိုင်လဲဆိုတာ လေ့လာသိရှိခွင့်ရပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ပစ္စည်းတွေကို တစ်နေရာတည်းမှာ ရရှိနိုင်တဲ့အတွက်  ပြည်သူတွေအတွက် အကျိုးကျေးဇူး အများကြီးရရှိမယ်လို့ သုံးသပ်မိပါတယ်။    ။

လဲ့ရည်လှိုင်