ယခုနှစ်အတွင်း ကမ္ဘာ့စက်သုံးဆီဝယ်လိုအား သိသိသာသာမြင့်တက်မည်

ယခုနှစ်အတွင်း ကမ္ဘာ့စက်သုံးဆီဝယ်လိုအား သိသိသာသာမြင့်တက်မည်

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကမ္ဘာ့ကျန်းမာရေးအခြေအနေကြောင့် ကမ္ဘာ့စက်သုံးဆီဈေးကွက်မှာ ဝယ်လိုအား အဆမတန်ကျဆင်းပြီး  ကျွဲကူးရေပါဆိုသလို စက်သုံးဆီဈေးနှုန်းများလည်း လိုက်ပါကျဆင်းခဲ့ရပါတယ်။

ဒီနှစ်အတောအတွင်းမှာတော့ ကမ္ဘာ့ကျန်းမာရေးလည်း အနည်းငယ်တိုးတက်ကောင်းမွန်လာသလို စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုတွေလည်း များပြားလာခဲ့ပါပြီ။ ဒါပေမဲ့လည်း တချို့နိုင်ငံတွေမှာ ကန့်သတ်ချက်ချမှတ်ထားတာတွေရှိနေပါသေးတယ်။

ဒါကြောင့် ကမ္ဘာ့နိုင်ငံများအနေနဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ ကန့်သတ်ချက်များ၊ လော့ဒေါင်းများကိုဖယ်ရှားပေးလိုက်ပါက ဒီနှစ်အတွင်းမှာ ကမ္ဘာ့စက်သုံးဆီဝယ်လိုအား သိသိသာသာမြင့်တက်လာမယ်လို့ စက်သုံးဆီနဲ့လောင်စာဆိုင်ရာ ငွေရေးကြေးရေးစီမံခန့်ခွဲမှုကုမ္ပဏီ Andurand Capital Management မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ပီယာအန်ဒူရန်းကပြောပါတယ်။

ယခုနှစ်အတွင်း ရေနံစိမ်းဝယ်လိုအားက တစ်ရက်ကို  စည်ပေါင်း ၄ သန်းကျော် တစ်နည်းအားဖြင့် ၄ ရာခိုင်နှုန်းကျော် မြင့်တက်လာနိုင်တယ်လို့ ပီယာအန်ဒူရန်းကဆိုပါတယ်။

အခုလိုမျိုး   စက်သုံးဆီဝယ်လိုအားမြင့်တက်နိုင်ခြေက တရုတ်နိုင်ငံအနေနဲ့ နယ်စပ်တွေကို  အပြည့်အဝပြန်ဖွင့်ပေးမှု အပေါ်လည်း များစွာမူတည်နေပါတယ်။

မျှော်မှန်းထားတဲ့အတိုင်းဖြစ်လာရင် ဒီနှစ်အတွင်း စက်သုံးဆီဝယ်လိုအားက မနှစ်ကထက် တစ်ရက်ကိုရေနံစိမ်းစည်ပေါင်း ၄ သန်းကျော် မြင့်တက်လာနိုင်တာဖြစ်ပါတယ်။

ဒီပမာဏဟာ ကျွမ်းကျင်သူများရဲ့ ဒီနှစ်အတွင်း တစ်ရက်ကိုရေနံစိမ်းဝယ်လိုအားစည် ၁ သန်းမှ ၂ သန်းကြား မြင့်တက်နိုင်တယ်ဆိုတဲ့ခန့်မှန်းချက်ထက်ကို များစွာပိုလွန်နေပါတယ်။

ဒါကြောင့် ကမ္ဘာတစ်ဝန်းလုံးက ကိုဗစ်-၁၉ ရောဂါဆိုင်ရာကန့်သတ်ချက်များကို ဖယ်ရှားလိုက်မယ်ဆိုရင် ပျမ်းမျှအားဖြင့် ဒီနှစ်အတွင်း  စက်သုံးဆီဝယ်လိုအားက ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းကြားမြင့်တက်လာနိုင်မှာပါ။

ဒါ့အပြင် ဒီနှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေက သဘာဝဓာတ်ငွေ့အစား စက်သုံးဆီများကို ပြောင်းလဲအသုံးပြုလာနိုင်တဲ့အတွက် ဒီအချက်ဟာ စက်သုံးဆီဝယ်လိုအားမြင့်တက်မှုကို များစွာဖြစ်ပေါ်စေနိုင်ပါတယ်။

အဓိကကတော့ အနောက်အင်အားကြီးနိုင်ငံတွေဆီ ရုရှားနိုင်ငံမှသဘာဝဓာတ်ငွေ့အများအပြား စီးဆင်းမှုရပ်တန့်သွားနိုင်တာကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် စက်သုံးဆီများကို ပြောင်းလဲအသုံးပြုနိုင်ခြေမြင့်မားလာတာ ဖြစ်ပါတယ်။

တစ်ခုရှိတာက    ကမ္ဘာတစ်ဝန်းမှာမော်တော်ကား  အသုံးပြုမှုများကြောင့် စက်သုံးဆီအသုံးပြုမှုမြင့်တက်လာမှာတော့ မဟုတ်ပါဘူး။

အကြောင်းရင်းက မော်တော်ကားအများစုဟာ လျှပ်စစ်စွမ်းအင်သုံးကားတွေဖြစ်လာကြတဲ့အတွက်ဖြစ်ပါတယ်။ ဒီနေရာကနေ မော်တော်ကားတွေအနေနဲ့ စက်သုံးဆီအသုံးပြုမှုက  တစ်ရက်ကိုစည်ပေါင်း ၆ သိန်းလောက်အထိ လျော့ကျသွားနိုင်ပါတယ်။

စက်သုံးဆီဝယ်လိုအားမြင့်တက်လာမှုနဲ့အတူ ဈေးနှုန်းအခြေအနေကိုကြည့်မယ်ဆိုရင် တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးစည်းမျဉ်းအချို့ကို ဖြေလျှော့ပေးလိုက်တဲ့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းက ကမ္ဘာ့စက်သုံးဆီဈေးနှုန်း  အနည်းငယ် ပြန်လည်မြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အခုလိုမျိုးဖြေလျှော့ပေးမှုက  ကိုဗစ်-၁၉ ရောဂါနောက်တစ်ကျော့ကိုဖြစ်ပေါ်စေမလား ဆိုတဲ့စိုးရိမ်စိတ်များကြောင့် စက်သုံးဆီဈေးအနည်းငယ်ပြန်ကျသွားပါတယ်။

လက်ရှိ ဇန်နဝါရီ ၉ ရက် ကမ္ဘာ့ရေနံစိမ်းပေါက်ဈေးများကတော့ WTI ရေနံစိမ်းက တစ်စည်ကို ၇၅ ဒသမ ၆၈ ဒေါ်လာနဲ့ Brent ရေနံစိမ်းက တစ်စည်ကို ၈၀ ဒသမ ၄၄ ဒေါ်လာစီ အသီးသီးရှိနေတာကိုတွေ့ရပါတယ်။                   

Ref: RT