အင်ဒိုနီးရှားခရီးသည်တင် လေယာဉ်တစ်စင်းကို အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်
အင်ဒိုနီးရှားနိုင်ငံ၏တောင်ပေါ်ဒေသတစ်ခုဖြစ်သော ပါပူအာပြည်နယ်ရှိ အော့ဆီဘေလေဆိပ်သို့ ဆင်းသက်ရန်ကြိုးပမ်းနေသည့် ခရီးသည်တင်လေယာဉ်တစ်စင်းကို အကြမ်းဖက်သမားများက ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်ကိုကိုးကား၍ ပြည်တွင်းသတင်းဌာနများက ဇန်နဝါရီ ၉ ရက်တွင် ဖော်ပြထားသည်။
တကယ်တော့ ပစ်ခတ်တိုက်ခိုက်ခံရတာက အရပ်ဘက်ခရီးသည်တင်လေယာဉ်တစ်စင်းဖြစ်ပြီး လေဆိပ်မှာတောင်မှမဆင်းသက်နိုင်ခဲ့ပါဘူးဟု ဒေသတွင်းရဲတပ်ဖွဲ့မှူး ဒါဗီဘူစတိုမီက ပြောသည်။
အကြမ်းဖက်သမားများသည် လေယာဉ်၏ ပင်မကိုယ်ထည်ကို ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါ လက်နက်ကိုင်အဖွဲ့၏ ထုတ်ပြန်ချက်တစ်စုံတစ်ရာမရှိသေးကြောင်း ၎င်းကဆက်ပြောသည်။
အင်ဒိုနီးရှားအစိုးရသည် ၂၀၂၂ ခုနှစ် နွေဦးကာလတွင် ပါပူအာဒေသရှိ လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်အဖွဲ့ အစည်းများအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုလက်နက်ကိုင်အဖွဲ့သည် ပါပူအာနှင့် အနောက်ပါပူအာပြည်နယ်တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများစွာကို လုပ်ဆောင်ထားသည်။
အင်ဒိုနီးရှားနိုင်ငံမှ အနောက်ပါပူအာပြည်နယ်ကို ခွဲထွက်ခွင့်တောင်းဆိုနေသည့် အဆိုပါလက်နက်ကိုင်အဖွဲ့နှင့် အင်ဒိုနီးရှားအစိုးရတို့ကြား လက်နက်ကိုင်တိုက်ခိုက်မှုများဖြစ်ပွားနေသည်မှာ နှစ်ပေါင်း ၆၀ ကျော်ကြာပြီဖြစ်ကြောင်း သိရသည်။
Ref: Sputnik