တောင်ကိုရီးယားက အလုပ်သမားမိဘများအတွက် ကလေးထိန်းခွင့်ကို ၁၈  လအထိ သတ်မှတ်ရန်ပြင်ဆင်

တောင်ကိုရီးယားက အလုပ်သမားမိဘများအတွက် ကလေးထိန်းခွင့်ကို ၁၈  လအထိ သတ်မှတ်ရန်ပြင်ဆင်

တောင်ကိုရီးယားအစိုးရက လုပ်ငန်းခွင်ဝင်နေသောအလုပ်သမားမိဘများအတွက်ကလေးထိန်းခွင့်ကို ၁၈ လအထိ သတ်မှတ်ရန် ပြင်ဆင်နေကြောင်း အလုပ်သမားရေးရာဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် အလုပ်သမားမိဘများအတွက် ကလေးထိန်းခွင့်ကို ၁၂ လပေးထားရာမှ ၁၈ လအထိ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ကျွမ်းကျင်မဟုတ်

သည့်ပြည်ပအလုပ်သမားခေါ်ယူမှုပမာဏကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက သမ္မတရုံးသို့တင်သွင်းသည့် တစ်နှစ်စာဆောင်ရွက်မည့် လုပ်ငန်းအစီရင်ခံစာ၌ ဖော်ပြထားသည်။

အစိုးရအနေဖြင့်ယခုကဲ့သို့လုပ်ဆောင်ရန်စီစဉ်ရခြင်းသည် နိုင်ငံ၏ အလွန်အမင်းကျဆင်းနေသော ကလေးမွေးဖွားနှုန်းကို    တိုးမြှင့်နိုင်ရေးအတွက် မိခင်၊ ဖခင်များအနေဖြင့် ကလေးထိန်းခွင့်ကိုပိုမိုရရှိစေရန်ဖြစ်ကြောင်း ဝန်ကြီးဌာန၏အစီရင်ခံစာ၌ ဖော်ပြထားသည်ကို တွေ့ရသည်။ထို့ပြင် အလုပ်သမားဝန်ကြီးဌာနသည် ယခုနှစ်တွင် ပြည်ပအလုပ်သမားများအတွက်  E-9 ဗီဇာအရေအတွက်ကို အယောက် ၁၁၀၀၀၀ အထိတိုးမြှင့်ထုတ်ပေးသွားမည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏စက်မှုလုပ်ငန်းသည် ပြည်ပအလုပ်သမားများအပေါ်သာ  အလွန်အမင်းမှီခိုနေရသည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အလုပ်သမားရှားပါးမှုကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းခြင်းကို ကုစားရန် ယခုကဲ့သို့စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။                        

Ref: Yonhap