(၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်

(၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ နှင့် ပြည်ထောင်စုဝန်ကြီးများတက်ရောက်

မြစ်ကြီးနား ဇန်နဝါရီ ၁၀

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌   စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးသောင်းဟန်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ ဦးမျိုးသန့်၊ ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဦးဇော်အေးမောင်တို့ တက်ရောက်ကြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာဧည့်ကြိုအကဖြင့် ဂုဏ်ပြု ကြိုဆိုကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက်   စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ဖတ်ကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှုတ်ခွန်းဆက် အမှာ စကားပြောကြားသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကချင် ပြည်နယ်အစိုးရအဖွဲ့အတွက် နေရောင်ခြည် စွမ်းအင်သုံးဆိုလာပြား (Solar Home System Planens 120 w) အစုံ ၁၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က   လက်ခံရယူသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်ရှေ့ မနောကွင်း၌ (၇၅)နှစ်မြောက်   စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အပိတ်  မနောအကကို ဦးဆောင်အဖွဲ့မှဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့များ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ၊ ကချင်၊ ရှမ်းနှင့် ဗမာ တိုင်းရင်းသားမျိုးနွယ်စုများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြစ်ကြီးနား သူနာပြုသင်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍  ရိုးရာအစဉ်အလာနှင့်အညီ တပျော်တပါး စုပေါင်းကကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ကချင်ပြည်နယ်နေ့သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် မြန်မာနိုင်ငံလွတ်လပ် ရေးရရှိခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်တွင် ကချင်ပြည်နယ်ကောင်စီ ညီလာခံ၏ ပထမဆုံးသော အစည်းအဝေးကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတစဝ်ရွှေသိုက်   ကိုယ်တိုင်တက်ရောက်၍ ဝန်ကြီးချုပ် ဦးနုနှင့်အတူ မနောမဏ္ဍပ်ကို ဖွင့်လှစ်အလံတင်ကာ ကချင်ပြည်နယ်အစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့သဖြင့် ယင်းနေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပရာ ယခုနှစ်တွင် (၇၅)နှစ်မြောက်စိန်ရတုကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်  အေးချမ်းတည်ငြိမ်ရေးအတွက်  ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများကို ဂုဏ်ထူးဆောင်ဆုများနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဂုဏ်ထူးဆောင်ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်အပ်နှင်း နိုင်ရေးဆောင်ရွက်ခဲ့မှုကို ရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်က ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၊ လူငယ်၊ လူရွယ်များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမျိုးသားရေးတာဝန်အဖြစ် ကြိုးစားထမ်းဆောင်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ဂုဏ်ထူးဆောင်ဆုနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ချီးမြှင့််အပ်နှင်းနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဂုဏ်ထူးဆောင်ဆုနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းတို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်)ရ ပုဂ္ဂိုလ်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများက စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်)နှင့် (တတိယ အဆင့်)ရ ပုဂ္ဂိုလ်များ၊ စီးပွားရေးဆိုင်ရာ(ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်)ရ ပုဂ္ဂိုလ်များနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိသည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း များကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးများက (၇၅) နှစ်မြောက် စိန်ရတု  ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာနှင့် အခြေခံပညာတို့မှ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ပေးအပ် ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးတို့သည် မြစ်ကြီးနားမြို့ အံတော်ရှင်းကျောင်းတိုက်သို့သွားရောက်ပြီး ဝန်းသိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလာနှင့် ဆရာ

တော်သံဃာတော်များအား ဖူးမြော်ကြည်ညိုကြပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားကာ ဆရာတော် သံဃာ တော်များထံ ဆန်အိတ်  ၂၀၊ ဆီငါးပုံးနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းရှိ စိန့်ကိုလန်ဘန်ကက်သလစ် အသင်းတော် ဘုရားကျောင်း သို့ သွားရောက်ပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော်များမှ ဖာသာများ၊ သိက္ခာတော်ရ ဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အပြန်အလှန် မိတ်ဆက်ကြပြီး အသင်းတော်များအတွက် သစ်သီးခြင်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 

ပြည်နယ်(ပြန်/ဆက်)