ဖိလစ်ပိုင်က ပြည်တွင်းစားသုံးသူများကိုကူညီရန် ကြက်သွန်နီတန်ချိန် ၂၁၀၀၀ ကျော်တင်သွင်းမည်

ဖိလစ်ပိုင်က ပြည်တွင်းစားသုံးသူများကိုကူညီရန် ကြက်သွန်နီတန်ချိန် ၂၁၀၀၀ ကျော်တင်သွင်းမည်

ဖိလစ်ပိုင်အစိုးရအနေဖြင့်   ငွေကြေးဖောင်းပွမှုဒဏ်ကိုခံစားနေရသော ပြည်တွင်းစားသုံးသူများကို ကူညီနိုင်ရေးအတွက် ပြည်ပမှကြက်သွန်နီတန်ချိန် ၂၁၀၀၀ ကျော်ကို တင်သွင်းသွားမည်ဖြစ်ကြောင်းနှင့် သမ္မတထံမှလည်း ခွင့်ပြုချက်ရရှိထားပြီ ဖြစ်ကြောင်း စိုက်ပျိုးရေးတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၀ ရက်တွင်ပြောသည်။

ပြည်တွင်းဟင်းလျာများတွင် အများဆုံး ထည့်သွင်းအသုံးပြုလေ့ရှိသည့် ကြက်သွန်နီဈေးနှုန်းများမှာ ပြီးခဲ့သည့်လေးလအတွင်း လေးဆကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း စားသောက်ကုန်ဈေးနှုန်းဖောင်းပွမှုမှာ ဆယ်ဂဏန်းအထိ  မြင့်တက်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကြက်သွန်နီများတင်သွင်းမှုသည် ပြည်တွင်းကြက်သွန်ခူးချိန်ဖြစ်သည့် ဖေဖော်ဝါရီလ  အစောပိုင်းမတိုင်မီအထိ ဈေးကွက်အတွင်းလိုအပ်ချက်ကို ပြည့်မီစေမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရက်အက်စတိုပီးရက်က ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်တွင်းကြက်သွန်နီဈေးနှုန်းမှာ ၁ ပိဿာလျှင် ပီဆို ၁၁၂၀ (၂၀ ဒသမ ၄၂ ဒေါ်လာ) အထိမြင့်တက်လာသောကြောင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံးကြက်သွန်နီဈေးနှုန်းတွင် အပါအဝင်ဖြစ်လာသည်ဟု စီးပွားရေးပညာရှင်များကပြောထားသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၏စားသုံးသူအညွှန်းကိန်းသည် ၈ ဒသမ ၁ ရာခိုင်နှုန်းနှင့် တစ်နှစ်လုံးပျမ်းမျှအနေဖြင့် ၅ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်လာသည်။

ထို့ကြောင့် ဖိလစ်ပိုင်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုကို ၂ ရာခိုင်နှုန်းနှင့် ၄ ရာခိုင်နှုန်းအတွင်းသာ ထိန်းသိမ်းထားနိုင်ရေးအတွက် ယခုနှစ်အတွင်း   ဘဏ်အတိုးနှုန်းများကို  ဆက်လက်တိုးမြှင့်သွားမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဖိလစ်မက်ဒဲလားက ဇန်နဝါရီ ၁၀ ရက်တွင်ပြောထားသည်။

Ref:TST