ဆွီဒင်က ပြည်သူ့စစ်အတွက် အမှုမထမ်းမနေရစနစ်ကို ပြန်လည်အသက်သွင်းမည်

ဆွီဒင်က ပြည်သူ့စစ်အတွက် အမှုမထမ်းမနေရစနစ်ကို ပြန်လည်အသက်သွင်းမည်

 

ဆွီဒင်အစိုးရအနေဖြင့် NATO တပ်ဖွဲ့၏တွန်းအားပေးမှုများကြောင့် ၎င်၏စစ်အင်အားတောင့်တင်းခိုင်မာစေရန် လုပ်ဆောင်နေစဉ် ပြည်သူ့စစ်အတွက် အမှုမထမ်းမနေရစနစ်ကို ပြန်လည်အသက်သွင်းမည်ဖြစ်ကြောင်း သိရသည်။

ထိုစနစ်ကိုပြန်လည်အသက်သွင်းခြင်းအတွက် ကြိုတင်ပြင်ဆင်မှုများကို  ယခုသီတင်းပတ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆွီဒင်ဝန်ကြီးချုပ်ခရစ္စတာဆန်းကပြောသည်။

ယခုအသက်သွင်းမည့်စနစ်ဖြင့် ဝင်ရောက်လာသူများကို   သင့်တင့်လျောက်ပတ်စွာ လေ့ကျင့်ပေးမည်ဖြစ်ပြီး   အရပ်ဘက်ကယ်ဆယ်ရေးလုပ်ငန်းများတွင်   တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် အရေးပေါ်အခြေအနေ သို့မဟုတ် ဖြစ်လာနိုင်သောတိုက်ခိုက်မှု အခြေအနေတို့အတွက် ၎င်းတို့၏စွမ်းဆောင်ရည်များကို  တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးဝန်ကြီး ကားအိုစကာဘိုလင်းကပြောသည်။

ထိုအစီအစဉ်အရ   အရပ်သားမည်မျှအရေအတွက်ကို   ပြည်သူ့စစ်အတွက်အမှုထမ်းရန်ဆင့်ခေါ်သွားမည်ကို တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ကနဦးအစီအစဉ်အရ အယောက် ၃၀၀၀ အထိဆင့်ခေါ်နိုင်ကြောင်း ပြည်တွင်းသတင်းဌာနများကဖော်ပြထားသည်။

ယခုအစီအစဉ်သည် စစ်အသုံးစရိတ်ကို နိုင်ငံဂျီဒီပီ၏ ၂ ရာခိုင်နှုန်းအထိတိုးမြှင့်မှုအပါအဝင်  အခြားသောစစ်ဘက်ဆိုင်ရာ အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထို့ပြင် ဆွီဒင်အစိုးရသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် စစ်ဘက်အတွက် စစ်မှုမထမ်းမနေရလူဦးရေကို ယခုလက်ရှိထက်နှစ်ဆနီးပါးတိုးမြှင့်ကာ အယောက် ၁၀၀၀၀ အထိတိုးမြှင့်ဆင့်ခေါ်သွားရန် ရည်မှန်းထားကြောင်း သိရသည်။         

Ref: Sputnik