အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှုများက ကမ္ဘာ့စွမ်းအင်ဈေးကွက်ကိုပြောင်းလဲစေ

အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှုများက ကမ္ဘာ့စွမ်းအင်ဈေးကွက်ကိုပြောင်းလဲစေ

အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ် ချမှတ်သော အရေးယူပိတ်ဆို့မှုများသည် ကမ္ဘာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့စီးဆင်းမှု လမ်းကြောင်းများ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံစီးပွားရေးအရဆက်ဆံရေးများနှင့် နောက်ဆုံးတွင် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကိုပါ ပြောင်းလဲသွားစေကြောင်း  Wall Street Journal ကဖော်ပြထားသည်။

လက်ရှိတွင် ဥရောပသမဂ္ဂကချမှတ်ထားသည့်  အရေးယူပိတ်ဆို့မှုတစ်ခုဖြစ်သော ပင်လယ်ပြင်မှလာသည့် ရုရှားရေနံစိမ်းများတင်သွင်းမှုကို တားမြစ်ခြင်းနှင့် ဈေးနှုန်းကို တစ်စည်လျှင် ဒေါ်လာ ၆၀ နှုန်းဖြင့်ပုံသေသတ်မှတ်ခြင်းတို့မှာ ပြီးခဲ့သည့်နှစ်ဒီဇင်ဘာ ၅ ရက်ကတည်းက အသက်ဝင်နေပြီဖြစ်သည်။

ထို့ပြင်   ရုရှားနိုင်ငံမှထုတ်လုပ်သော ဒီဇယ်ဆီနှင့်ရေနံဆီတို့ကဲ့သို့ ရေနံထွက်ကုန် များကိုတင်သွင်းမှု တားမြစ်ခြင်းမှာ ဖေဖော်ဝါရီ ၅ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

ထိုကဲ့သို့သော  အရေးယူပိတ်ဆို့မှုများကြောင့် တစ်ချိန်ကဥရောပအတွက် စွမ်းအင်အဓိကထောက်ပံ့သူဖြစ်သည့်  ရုရှားနိုင်ငံသည် ၎င်းနိုင်ငံထွက်စွမ်းအင်များကို အိန္ဒိယနှင့်တရုတ်နိုင်ငံသို့ လမ်းကြောင်းပြောင်းလဲ တင်ပို့နေရသည်။

အထူးသဖြင့် ရုရှားကလျှော့ဈေးများဖြင့် ရောင်းချပေးနေသောကြောင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလနှောင်းပိုင်း ရောင်းဈေးမှာ လက်ရှိဥရောပကသတ်မှတ်ထားသည့်   ပုံသေဈေးနှုန်းထက် ၁၇ ဒေါ်လာပင်လျော့နည်းကြောင်း  Wall Street Journal က ဖော်ပြထားသည်။

တကယ်လို့များ ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ဒေါ်လာ ၁၀၀ အထက်တက်ခဲ့ရင်တောင်မှ တရုတ်နဲ့အိန္ဒိယတို့က ရုရှားရဲ့ရေနံတွေကို   ဆက်လက်ဝယ်ယူနိုင်နေဦးမှာပါဟု ရေနံနှင့်ပတ်သက်သည့် အတိုင်ပင်ခံကုမ္ပဏီဖြစ်သော   Energy Aspects မှ သုတေသနဥက္ကဋ္ဌ  အမ်ရီတာဆန်ကပြောသည်။

အလားတူ ရုရှားနိုင်ငံထုတ်ရေနံများမှာ အာဖရိကနှင့်  လက်တင်အမေရိကတိုက်တို့ရှိ စွမ်းအင်ဈေးကွက်များဆီသို့ စီးဆင်းနေကြောင်း   ရုရှားဒုတိယဝန်ကြီးချုပ် အလက်ဆန်းဒါး နိုဗက်က ပြောသည်ဟု သိရသည်။

Ref: RT