ဝေဟင်ပေါ်မှာ ထာဝရတည်ရှိပျံသန်းနေမယ့် လေဆာစွမ်းအင်သုံးဒရုန်း

ဝေဟင်ပေါ်မှာ ထာဝရတည်ရှိပျံသန်းနေမယ့် လေဆာစွမ်းအင်သုံးဒရုန်း

ယနေ့ကမ္ဘာကြီးရဲ့    ဘယ်နေရာကိုပဲ ကြည့်လိုက်သည်ဖြစ်စေ     မောင်းသူမဲ့လေယာဉ်လို့ခေါ်တဲ့ ဒရုန်းများ ကသာ စိုးမိုးနေတာတွေ့ရမှာပါ။

စစ်ဘက်ကိုကြည့်မလား။ စိုက်ပျိုးရေးကဏ္ဍမှာကြည့်မလား။ အရပ်ဘက်လုပ်ငန်းတွေကိုပဲကြည့်မလား   ဒရုန်းတွေကိုသာ မမြင်ချင်မှအဆုံး အသုံးပြုနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့မှာကန့်သတ်ချက်တစ်ခုတော့ရှိပါတယ်။ အဲဒါကတော့ ပျံသန်းနိုင်မှုကြာမြင့်ချိန်က အတိုင်းအတာတစ်ခုအထိသာရှိခြင်းပါပဲ။   အခုတော့ တရုတ်သိပ္ပံပညာရှင်များရဲ့တီထွင်ဆန်းသစ်မှုကြောင့် အဲဒီအခက်အခဲကိုကျော်လွှားနိုင်ပါပြီ။

သူတို့   တီထွင်ဆန်းသစ်လိုက်တာက စွမ်းအားမြင့်လေဆာရောင်ခြည်လှိုင်းများကို ဒရုန်းပျံသန်းမှုအတွက် လိုအပ်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုနိုင်မယ့်နည်းလမ်းဖြစ်ပါတယ်။

လေဆာရောင်ခြည်လှိုင်းများလို့ဆိုလိုက်တဲ့အတွက် ဒရုန်းများကိုပစ်ချဖို့လားဆိုပြီး မတွေးစေချင်ပါဘူး။ တကယ်တမ်းတော့ ဒရုန်းများကို ဝေဟင်ပေါ်မှာထာဝရတည်ရှိ ပျံသန်းနိုင်စေဖို့သာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအပါအဝင်   နိုင်ငံအများအပြားက စွမ်းအားမြင့် လေဆာစနစ်များကို တီထွင်ထုတ်လုပ်ပြီး   ဒရုန်းဖျက်စနစ်မှာ အဓိကအသုံးပြုလျက်ရှိပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ပိုလီတက္ကနစ်တက္ကသိုလ်မှ ပါမောက္ခလီရှူလောင်းနဲ့အဖွဲ့ဟာ ဒရုန်းနဲ့ လေဆာဆက်နွှယ်မှုကို တခြားရှုထောင့်ကနေရှုမြင်ခဲ့ကြပါတယ်။

အကယ်၍များ     ဒရုန်းတစ်စင်းမှာ အလင်းစွမ်းအင်ကနေ   လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ အလင်းလျှပ်စစ် ပြောင်းကိရိယာတစ်ခုကိုသာ တပ်ဆင်ထားလိုက်နိုင်ပါက စွမ်းအားမြင့်လေဆာ ရောင်ခြည်လှိုင်းများက ဒရုန်းနောက်ကို တောက်လျှောက်လိုက်ပါမည်သာမက အဲဒီဒရုန်းကိုလည်း  စွမ်းအင်ပေးထားနိုင်လိမ့်မယ်လို့ ပါမောက္ခလီရှူလောင်းနဲ့အဖွဲ့က တွေးထင်ယူဆခဲ့တာပါ။

ပါမောက္ခ  လီရှူလောင်းရဲ့အဖွဲ့မှာ တက္ကသိုလ်ရဲ့လူတူအသိဉာဏ်ဌာန၊ အလင်းနဲ့လျှပ်စစ်ဌာနတို့မှ ကျွမ်းကျင်ပညာရှင်များပါဝင်ပါတယ်။

သူတို့ရဲ့  မကြာသေးမီက     လေ့လာစမ်းသပ်မှုမှာတော့    အလိုအလျောက်အားသွင်းလုပ်ငန်းစဉ်ကို အလိုလိုအချက်ပြ ထုတ်လွှင့်မှု၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု နည်းပညာတို့နဲ့ ကောင်းစွာပေါင်းစပ် လိုက်နိုင်တာ  တွေ့ရပါတယ်။

အဲဒီလေ့လာစမ်းသပ်မှုကနေ ထွက်ပေါ်လာတဲ့အရာက   အလင်းစွမ်းအင်ကြောင့် ဒရုန်းကဝေဟင်ပေါ်မှာ     အချိန်အကန့် အသတ်မဲ့တည်ရှိမှုကို သရုပ်ပြသလိုက်နိုင်ခြင်းပါပဲ။

ဒီသုတေသနအတွက် သုတေသနပညာရှင်များသတ်မှတ်ထားတဲ့ ပထမဆုံးစိန်ခေါ်မှုက ဒရုန်းများကို ဝေဟင်ပေါ်မှာ ခြေရာခံလိုက်ရေးဖြစ်ပါတယ်။

ဒီအတွက် ပါမောက္ခလီရှူလောင်းနဲ့အဖွဲ့က ဒရုန်းများပျံသန်းမှုနောက်ကိုလိုက်ပြီး သွားမယ့်နေရာကို   တိကျစွာ ခန့်မှန်းရေးအတွက်    အလိုအလျောက်မြင်တွေ့နိုင်မှုအခြေအနေများအပေါ်အခြေခံကာ ခြေရာခံလိုက်တဲ့ အယ်လဂိုရီသမ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။

ဖန်တီးလိုက်တဲ့   အယ်လဂိုရီသမ်က   မတူညီတဲ့ပတ်ဝန်းကျင်အမျိုးမျိုးမှာ ကောင်းစွာအလုပ်လုပ်နိုင်စွမ်းရှိပြီး ဒရုန်းများရဲ့တည်နေရာအတိအကျကို  ခန့်မှန်းနိုင်ခဲ့ပါတယ်။

ကြိုးမဲ့စွမ်းအင်ကူးပြောင်းမှု အကွာအဝေးကို တိုးမြှင့်ဖို့အတွက်ကတော့ လေထုအတွင်းမှာ သမားရိုးကျလေဆာရောင်ခြည်လှိုင်းကို သေးငယ်အောင်  လျှော့ချဖို့လိုအပ်ပါတယ်။ ဒီလိုအပ်ချက်အတွက် ပါမောက္ခလီရှူလောင်းနဲ့ အဖွဲ့ရဲ့ဖြေရှင်းမှုက လေဆာရောင်ခြည်လှိုင်းရဲ့ပြင်းအားကို အလိုအလျောက် ချိန်ညှိနိုင်စေမယ့်    လိုက်လျောညီထွေရှိသော ရောင်ခြည်လှိုင်းပုံဖော်မှုနည်းပညာပါပဲ။

ပြီးတဲ့အခါမှာ ကာကွယ်မှုဆိုင်ရာ အယ်လဂိုရီသမ်တစ်ခုကို စနစ်ထဲပေါင်းထည့်လိုက်ပါတယ်။   အဲဒီအယ်လဂိုရီသမ်က ရောင်ခြည်လှိုင်းရဲ့လမ်းကြောင်းအတွင်း အတားအဆီးတစ်ခုကိုတွေ့ရှိပါက လေဆာစွမ်းအင်ကို    ဘေးကင်းစိတ်ချရမှုရှိတဲ့ အတိုင်းအတာအတွင်းထားရှိဖို့ ချိန်ညှိပေးနိုင်ပါတယ်။

သုတေသနပညာရှင်အဖွဲ့ကတော့ သူတို့စနစ်ရဲ့အတိုင်းအတာ၊    အလင်းလျှပ်စစ်စွမ်းအင်ပမာဏ   အစရှိတဲ့အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောထားခြင်း မရှိပါဘူး။    အကြောင်းရင်းကတော့ ဒီလိုစနစ်မျိုးကို    စစ်ဘက်မှာ အသုံးပြုဖို့အတွက်     ရည်ရွယ်ထားလို့ ဖြစ်နိုင်ပါတယ်။

သရုပ်ဖော်ပြသဖို့အတွက် ဖန်တီးထားတဲ့ အန်နီမေးရှင်းတစ်ခုမှာတော့   သူတို့ရဲ့ဒရုန်းက မိုးမျှော်တိုက်အထိမြင့်တဲ့ အမြင့်ထိကိုပျံသန်းနိုင်ကြောင်း    ဖော်ပြထားပါတယ်။

သုတေသနပညာရှင်များက   သူတို့ရဲ့ဒရုန်းကို အခြေအနေသုံးမျိုးစလုံးအတွက် စမ်းသပ်မှုများ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအခြေအနေတွေကတော့ အခန်းတွင်းပျံသန်းမှု၊ အခန်းပြင်ပ နေ့အလင်းရောင်ရှိချိန်ပျံသန်းမှုနဲ့ ညအချိန်ပျံသန်းမှုတို့ဖြစ်ပြီး စမ်းသပ်မှုသုံးခုစလုံးကို အောင်မြင်စွာလုပ်ဆောင် နိုင်ခဲ့တယ်လို့လည်း သုတေသနပညာရှင်များက ထုတ်ပြန်ထားပါတယ်။

အချိန်ကုန်လူပန်းလုပ်ငန်းတွေဖြစ်တဲ့ ရေလွှမ်းမိုးမှုအတွင်း  ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရေးလို မျိုးလုပ်ငန်းတွေမှာ မရပ်မနားပျံသန်းနေတဲ့ဒရုန်းတွေက တန်ဖိုးရှိတဲ့ကယ်ဆယ်ရေးလုပ်ငန်းအတွက် အချိန်တွေကုန်တာကို သက်သာစေမှာပါ။

ဒါ့အပြင်     ယာဉ်ကြောထိန်းသိမ်းမှု၊ လုံခြုံရေးကင်းလှည့်မှု၊ သဘာဝဘေးကယ်ဆယ်ရေးလုပ်မှုနဲ့    ထိတွေ့စရာ မလိုတဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှု   အစရှိတဲ့အရပ်ဘက်အုပ်ချုပ်ရေးလုပ်ငန်းတွေမှာလည်း ဒီလိုဒရုန်းတွေက ထဲထဲဝင်ဝင်ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဒါတင်မကသေးပါဘူး။ နောင်တစ်ချိန်အနာဂတ်မှာ     အကြီးစားဒရုန်းတွေက ခရီးသည်တင်လေယာဉ်တွေအဖြစ် ပြောင်းလဲပြီး ခရီးသွားကွန်ရက်ကြီးတစ်ခုကိုလည်း တည်ဆောက်သွားနိုင်ဦးမှာပါ။နောက်ဆုံးမှာ ဒီနည်းပညာကိုအသုံးပြုပြီး အနိမ့်ပျံဂြိုဟ်တု ဒါမှမဟုတ် လူဖန်တီးထားတဲ့ လတွေအထိကိုပါ တည်ဆောက်သွားနိုင်မှာဖြစ်တယ်လို့ သုတေသနပညာရှင်များကပြောပါတယ်။

စစ်ဘက်အတွက်ကြည့်မယ်ဆိုရင်လည်း မြေပြင်မှဝေဟင် အလိုအလျောက်အားသွင်းစနစ်က စစ်သုံးဒရုန်းများရဲ့ အားသာချက်နဲ့စွမ်းဆောင်ရည်ကို တိုးမြင့်စေမှာဖြစ်တယ်လို့ ပါမောက္ခလီရှူလောင်းနဲ့အဖွဲ့က အခိုင်အမာပြောထားပါသေးတယ်။

Ref:SCMP