စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၁၉)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

 အမှတ်စဉ် (၁၉)

  အခန်း(၄)

နေရောင်ခြည်စွမ်းအင်(Solar Energy)

သဘာဝကပေးထားတဲ့ ပြန်လည်ပြည့်မြဲစွမ်းအင်တစ်မျိုးဖြစ်တဲ့ နေရောင်ခြည်စွမ်းအင်(Solar Energy) ဟာ တစ်ကမ္ဘာလုံးမှာ ပေါများစွာရရှိနိုင်တဲ့ စွမ်းအင် တစ်မျိုးဖြစ်တယ်။ နေစွမ်းအင်ကို စပြီးတွေ့တာကတော့ ၁၈၇၈ ခုနှစ်မှာ ပြင်သစ်လူမျိုး Augustin Mouchot ဆိုသူက ရေနွေးငွေ့ဘွိုင်လာကို နေရောင်ခြည်နဲ့ ဆူပွက်အောင် လုပ်ခဲ့တာကစတာပဲ။ ၁၈၉၇ ခုနှစ်ရောက်တော့ အမေရိကန်က တီထွင်သူ Frank Shuman  ဆိုသူက  စနစ်တကျ မွမ်းမံပြီး ရေနွေးငွေ့ထုတ်လုပ်လာတယ်။ ၁၉၀၈ ခုနှစ်ကျတော့ Shuman ကပဲ ကုမ္ပဏီကြီး တစ်ခုထောင်ပြီး အင်ဂျင်အကြီးစားတစ်ခု လုပ်ခဲ့တယ်။ နေရောင်ခြည်ကိုစုစည်းဖို့  မှန်တွေအများကြီးထောင်ပြီး ရေတိုင်ကီကို အပူပေးတာပါပဲ။ သူကပဲ ၁၉၁၂-၁၉၁၃ ခုနှစ်ရောက်တော့ အီဂျစ်နိုင်ငံ နိုင်းမြစ်နဲ့ မလှမ်းမကမ်းက Maadi ဆိုတဲ့ မြို့ကလေးမှာ နေရောင်ခြည်စွမ်းအင်သုံး  ရေနွေးငွေ့အင်ဂျင်နဲ့ နိုင်းမြစ်ကနေ ရေတင်တဲ့ အလုပ်ကို လုပ်ပြခဲ့တယ်။ အဲဒီနေရာမှာ လျှပ်စစ်ဓာတ်အားဆိုတာ ဘယ်ရှိဦးမလဲ။ ဝေးလံခေါင်းပါးတဲ့ မြို့ကလေး အတွက် မြင်းကောင်ရေ ၆၀-၇၀ ဝန်းကျင်ရှိတဲ့ ရေနွေးငွေ့သုံးအင်ဂျင်နဲ့ ရေတင်တာပေါ့။ ရေကတစ်မိနစ်ကို ဂါလန် ၅၈၀၀ တောင် တင်နိုင်တယ် လို့ဆိုတယ်။ ဆီလည်းမကုန်ဘူး၊ နေ့ပိုင်းရေတင်၊ ညပိုင်းရပ်ထား အလွန်အဆင် ပြေတာပေါ့။ ဓာတ်အားမရသေးတဲ့ မြစ်ကမ်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မြန်မာပြည်အထက်ပိုင်း နေရောင်ခြည် ကောင်းကောင်းရတဲ့၊ ဓာတ်အားစနစ် မရောက်နိုင်သေးတဲ့ဒေသတွေမှာ သုံးသင့်တဲ့နည်းပဲ။ အရင်းတော့ စိုက်ရမှာပေါ့။ ဆီသုံးတဲ့အင်ဂျင်နဲ့စာရင် ရေရှည်မှာ အလွန်သက်သာတာပေါ့။

နေရောင်ခြည်စွမ်းအင်ကို ဘယ်လိုယူသလဲ

နေရောင်ကို အသုံးချပုံချနည်းတွေကတော့ -

(က) Water Heating

ဒီလုပ်ငန်းက အေးတဲ့နိုင်ငံတွေရဲ့ အိမ်ခေါင်မိုးပေါ်မှာ မိမိသုံးမယ့် Water Heater ပါတဲ့ ရေတိုင်ကီကို တင်ထားပြီး နေရောင်ခြည်နဲ့အပူပေးရင် အိမ်တစ်အိမ်စာ အတွက် လုံလောက်တဲ့  ရေနွေးကိုရစေပါတယ်။ အအေးပိုင်းက ရေကူးကန်တွေမှာလည်း ဒီနည်းကိုသုံးထားရင် ရေအနွေးဓာတ် ရစေပါတယ်။ တရုတ်၊ ရုရှားတို့မှာ ဒီနည်းကို အသုံးများပါတယ်။  အိမ်တိုင်းလိုလိုရဲ့ ခေါင်မိုးတွေပေါ်မှာ ဒီ Water Heater တွေ မြင်နေရပါတယ်။ ရေနွေးကို လျှပ်စစ်နဲ့အပူပေးရင် ဓာတ်အားခကုန်မယ်၊ ထင်းနဲ့မီးထိုးရင် လောင်စာကုန်မယ်။ ပတ်ဝန်းကျင်လည်း ညစ်ညမ်းမယ်။ ဒီနည်းကို လူနေအိမ်တွေမှာ အများဆုံးသုံးစွဲနိုင်တယ်။ အစ္စရေးနိုင်ငံနဲ့ ဆိုက်ပရပ်နိုင်ငံတွေမှာ ဒါကို ၉၀ ရာခိုင်နှုန်းလောက် အသုံးပြုကြတယ်။

(ခ) Photovoltaic (PV)

ဒီနည်းကတော့ နည်းနည်းတီထွင်မှု အဆင့်မြင့်လာတယ်လို့ပြောရမှာပါ။   နေရောင်ခြည်ဖိုတွန် (Photons)  တွေကို နေရောင်ခံပြား (Cell) ပေါ်ကို တိုက်ရိုက်ကျရောက်စေပြီး လျှပ်စစ်တိုက်ရိုက်ထုတ်ယူတဲ့နည်းပါ။ အဲဒီနေရောင်ခံ ပြားကို (Photovoltaic) (PV) လို့ခေါ်တယ်။  ဒီ  PV Cell မှာ ဆီလီကွန် အလွှာပါး နှစ်ချပ်ပါတယ်။ အဲဒီအလွှာပါး နှစ်ချပ်ရဲ့ အောက်ဘက်မျက်နှာပြင်ကို ဖော့စဖောရပ် သုတ်ထားတယ် (Phosphorous doped)။ အဲဒီဆီလီကွန် ပြားကို N-Type လို့ ခေါ်တယ်။ အောက်ဘက်က ဆီလီကွန်ချပ်ကိုတော့ ဘိုရွန်ဆေးရည် ခပ်ထူထူသုတ်ထားတယ် (Boron doped)။ အဲဒီဆီလီကွန်ချပ်ကို P-Type  လို့ခေါ်တယ်။ နေရောင်က အပေါ်ချပ်ကို လာထိတဲ့အခါ အီလက်ထရွန်ဖြစ်ပေါ်လာတယ်။ ဒီမှာပဲ N-Type မှာ လျှပ်စစ်အမဓာတ်ထွက်လာပြီး P-Type မှာ  အဖိုဓာတ်ထွက် လာတယ်။ ဒါကို Photovoltaic Effect လို့ခေါ်တယ်။

ကမ္ဘာပေါ်မှာ P.V Solar Farm တွေလုပ်ပြီး ဓာတ်အားထုတ်နေတာ ဖော်ပြခဲ့တဲ့နည်းကိုသုံးထားတာပါပဲ။ အိမ်တွေရဲ့ ခေါင်မိုးတွေပေါ်မှာတင်ထားတဲ့ Solar ပြား ဆိုတာကလည်း ဒီနည်းပါပဲ။ ဒီနည်းသုံးဖို့ အဓိကလိုအပ်ချက်ဖြစ်တဲ့ ဆီလီကွန်လုပ်ယူရတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးကတော့ သဘာဝပတ်ဝန်းကျင် အထိုက်အလျောက် ထိခိုက်မှုရှိတယ်။ အများစုက နေရောင်ခြည်နဲ့  ဓာတ်အားထုတ်ရင်  သဘာဝပတ်ဝန်းကျင် လုံးဝမထိခိုက်ဘူးလို့ထင်နေကြတယ်။ လေစွမ်းအင်နဲ့ ရေအားလျှပ်စစ်ထက်တောင် ပိုပြီး ကာဗွန်ဒိုင်အောက်ဆိုက်ထွက်တဲ့ (ကမ္ဘာကြီးပူနွေးစေတဲ့) လုပ်ငန်းအဆင့်တွေကို ကျော်ဖြတ်ခဲ့ရတယ်ဆိုတာကို သိသူနည်းကြတယ်။ ရေအားလျှပ်စစ်ထက် ၆ ဆနဲ့ လေအား လျှပ်စစ်ထက် ၃ ဆ ပိုပြီး မှန်လုံအိမ်ဓာတ်ငွေ့ထွက်စေတဲ့ ဓာတ်အားထုတ်ယူစနစ်ဖြစ်တယ်ဆိုတာတော့ သိထား သင့်တယ်။

ဒါပေမဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်အတွက် ငွေပေးဝယ်စရာမလိုတာရယ်၊ အသုံးပြုနေချိန်မှာ လူကို ဒုက္ခပေးမယ့် ဓာတ်ငွေ့တွေ မထွက်တာရယ်ကြောင့် မက်စရာဖြစ်နေပါတယ်။

ပထမဆုံး PV Cell တီထွင်ထုတ်လုပ်သူကတော့ ၁၈၈၀ ပြည့်နှစ်နောက်ပိုင်းမှာ Charles Fritts ဆိုသူပါ။ သူက PV Cell ကို Copper Oxide နဲ့ စလုပ်ခဲ့တာပါ။ ၁၉၃၁ ခုနှစ်ရောက်တော့ ဂျာမန်အင်ဂျင်နီယာ Dr.Bruno Lange က Copper Oxide နေရာမှာ Silver Selenide ကို ပြောင်းသုံးတယ်။ ၁၉၄၀ ပြည့်နှစ်ကျတော့ Russell Ohl ဆိုသူက ထပ်မံပြုပြင်ခဲ့တယ်။ ၁၉၅၄ ခုနှစ်မှာ Gerald Pearson, Calvin Fuller, Daryl Chapin စတဲ့ ပုဂ္ဂိုလ်တွေက တစ်ဆင့်ပြီး တစ်ဆင့် ဖြည့်စွက်တီထွင်လိုက်ကြတာ ဒီနေ့သုံးနေတဲ့ PV Cell တွေ ဖြစ်လာတာပါပဲ။ စပြီးလုပ်ခါ စဆိုရင် လျှပ်စစ်တစ်ဝပ် (One Watt) ရဖို့ အမေရိကန် ဒေါ်လာ ၂၈၆ တောင် ကုန်ကျနေတယ်။ အခုတော့ အမေရိကန်ဒေါ်လာ သုံးဒေါ်လာအောက်ရောက်နေပါပြီ။

ဒါပေမဲ့ ဒီနည်းနဲ့ ဓာတ်အားထုတ်ဖို့ကျတော့ ဓာတ်အားတစ်မဂ္ဂါဝပ်ထွက်ဖို့ ပျမ်းမျှမြေဧရိယာ ၄ ဧကလောက် လိုတယ်။ ဒီ ၄ ဧက ကလည်း စိုက်လို့ပျိုးလို့မရတဲ့ မြေမျိုးဖြစ်ဖို့လည်း လိုသေးတယ်။ စိုက်ပျိုးမြေဆုံးရှုံးတယ်ဆိုရင်  လူသားတွေအတွက် အလွန်တန်ဖိုးရှိတဲ့  စားသုံးသီးနှံတွေဆုံးရှုံးရမှာဖြစ်တော့ မလုပ်သင့်ဘူးပေါ့။ မဂ္ဂါဝပ် ၁၀၀၀ ဆိုရင် မြေဧက ၃၀၀၀ လောက် လိုသလိုဖြစ်နေတယ်။ နောက် တစ်ခုက  သစ်တောတွေရှင်းပြီးလုပ်တာကိုလည်း လက်မခံကြပါဘူး၊ သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့ ပြန်လည်ပြည့်ဖြိုးမြဲ  နေရောင်ခြည်စွမ်းအင်ကို သုံးပါ့မယ် ဆိုကာမှ သစ်တောတွေရှင်းပြီး လုပ်တယ်ဆိုရင် ရည်ရွယ်ချက်ပျက်ပြီပေါ့။ ဒါကြောင့် ရှောင်ကြရတယ်။

အချို့နိုင်ငံတွေမှာဆိုရင် သဘာဝပတ်ဝန်းကျင်အားသန်သူတွေရဲ့ ဘက်စုံထောက်ပြဝေဖန်မှုတွေကြောင့် ကုန်းပေါ် မှာတောင် လုပ်လို့မရအောင် ဖြစ်လာတာတွေရှိတယ်။ ဒီတော့ လွတ်ရာပင်လယ်ကမ်းစပ် ဒါမှမဟုတ် အထိအခိုက် နည်းတဲ့နေရာဖြစ်တဲ့ ရေထဲမှာ Floating Solar Farm ဆိုပြီး လုပ်ယူကြတယ်။ ဒီတော့ငွေပိုကုန်တာပေါ့။ ရေထဲနဲ့ ကုန်းပေါ်ဘယ်ဟာက ကရိကထနည်းမလဲ စဉ်းစားစရာတောင် မလိုပါဘူး။ ဓာတ်အားထုတ်လုပ်မှုတိုင်းမှာ အပြစ် အနာအဆာ တစ်ခုမဟုတ်တစ်ခု မလွတ်ဘူးဆိုတာ လက်မခံရင်တော့ ဓာတ်အားခ ဈေးကြီး ပေးသုံးကြရမှာပဲ။

တချို့ Solar နဲ့ ပတ်သက်တဲ့ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ပစ္စည်း လူသိများအောင်၊ ကမ္ဘာက သိအောင်၊ အရောင်းမြှင့်တင်ရေးတွေ လုပ်ကြတယ်။ လူစည်ကားရာနေရာတွေမှာ လူသွားလမ်းကို Solar တွေ ချခင်းပြီး လျှောက်လမ်းလုပ်ပြီး ကြော်ငြာတာတို့၊ လူသွားစင်္ကြံတွေမှာ Solar ပြားတွေမိုးပြီး လျှပ်စစ်ထုတ်ပြတာတို့၊ လူနှစ်ယောက်ပဲ စီးလို့ရတဲ့ လေယာဉ်ပျံနဲ့ ကမ္ဘာတစ်ပတ်ပတ်ပြတာတို့ (စွမ်းအင်အလုံအလောက်ရစေဖို့ လေယာဉ် တောင်ပံတစ်ဖက်စီဟာ ပေရာကျော်ရှည်လျားသည်) လုပ်လာကြတယ်။ နောက်ဆုံးဘယ်လောက်ပဲ  ကြော်ငြာ သည်ဖြစ်စေ လျှပ်စစ်မီးသုံးသူတွေက လက်တွေ့သုံးတဲ့အခါ  ဓာတ်အားခဈေးနှုန်း သက်သာရင်သုံးမယ်၊  ဓာတ်အား လိုသလောက်  အချိန်ပြည့်ရရင် ဦးစားပေးသုံးမှာပါ။

အပူပိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ မင်းဘူးလို နေရောင်ခြည်အရဆုံးဆိုတဲ့ နေရာမှာတောင် တစ်နှစ်လုံး တစ်ရက် ပျမ်းမျှ ၄ နာရီခွဲပဲ ဓာတ်အားထုတ်လို့ရပါတယ်။ ဆိုလိုတာကတော့ ထုတ်လုပ်မှုစွမ်းဆောင်ရည် (Capacity Factor) ၁၉ ရာခိုင်နှုန်းပဲရှိတယ်ဆိုတဲ့ သဘောပါပဲ။ အရင်းအမြစ်သုံးစွဲမှု တစ်ခုချင်းအလိုက် စွမ်းဆောင်ရည် (Capacity Factor) တွေကို နောက်ပိုင်းမှာ နှိုင်းယှဉ်ပြထားပါတယ်။

Solar PV ရဲ့ အားသာချက်/အားနည်းချက်

P.V Solar Farm တစ်ခုကို တစ်နှစ်ခန့်အတွင်းမှာပဲ အားလုံးပြီးအောင် တည်ဆောက်နိုင်ပါတယ်။ မြေ အသုံးချခွင့် ရရှိရေးနဲ့ စူးစမ်းလေ့လာမှုကပဲ အနည်းဆုံး တစ်နှစ်ခန့် ထပ်ပြီးကြာနိုင်ပါတယ်။ အရင်းအမြစ်အလိုက် တည်ဆောက်မှု ကြာချိန်တွေကို နောက်ကအခန်းမှာဖော်ပြပါမယ်။

Solar PV တွေရဲ့အားနည်းချက်ဟာ ဓာတ်အားထုတ်လုပ်မှုဈေး ကြီးမြင့်နေတာဖြစ်ပါတယ်။ ဒီလိုဈေးကြီးနေတဲ့ ကိစ္စကြောင့် ဈေးသက်သာစေဖို့ သက်ဆိုင်ရာ နိုင်ငံအသီးသီးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်ရင် ပစ္စည်းတင်သွင်းမှု၊ ဓာတ်အားထုတ်လုပ်မှုတွေအပေါ်မှာ အခွန်သက်သာခွင့်တွေပိုပေးပြီး ဆောင်ရွက်နေကြ ပါတယ်။ အချို့နိုင်ငံတွေမှာ Solar PV ကထွက်တဲ့ တစ်ယူနစ် (One Kilowatt Hour) ဈေးဟာ 10 US cent  အောက် ရောက်နေပေမယ့် မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံကြ တဲ့ ကုမ္ပဏီတွေကတော့ 12 US cent အောက် မလျော့နိုင်တာကို တွေ့ရပါတယ်။ ဒီကိစ္စအပေါ်မှာလည်း အဖြေရှာကြဖို့ လိုပါတယ်။ Solar PV ဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်းတဲ့အတွက် မသုံးလို့မဖြစ်ပါဘူး။ ဓာတ်အားခသက်သာမှု၊  မသက်သာမှုတစ်ခု တည်းကို ကြည့်ပြီးလည်း ဆုံးဖြတ်ဖို့မသင့်ပါဘူး။

Solar PV ရဲ့ စက်စွမ်းရည်ဟာ ၁၉ ရာခိုင်နှုန်းသာရှိတဲ့အတွက် နေ့စဉ် ပျမ်းမျှ ၄ နာရီခွဲခန့်သာ ဓာတ်အားရတယ် ဆိုပေမယ့် Solar က ဓာတ်အားရလာတဲ့အချိန် ရေအားလျှပ်စစ် (ရေလှောင်တမံတွဲဖက်) စက်ရုံတွေကို လျှော့မောင်းပြီး  ရေကိုချွေတာလို့ရပါတယ်။  Solar အားကောင်းတဲ့အချိန်ကလည်း နိုဝင်ဘာမှ ဇွန်လလောက်ထိ  အဓိကထုတ်ပေးမှာဖြစ်လို့ မြန်မာပြည်ရာသီဥတုအရ အဲဒီအချိန်ဟာ ရေအားလျှပ်စစ် စက်ရုံအားလုံးလိုလို ရေနည်းတဲ့ အချိန်ဖြစ်လို့ ရေအားစက်ရုံတွေကို နေ့ပိုင်းမှာလျှော့မောင်းပြီး  ဓာတ်အားအသုံးများတဲ့အချိန်တွေမှာ ပြန်ဝင်ပြီး မောင်းပေးရင် တိုက်ရိုက်အကျိုးရှိမယ့် အစီအစဉ်ဖြစ်ပါတယ်။ ဓာတ်အားစနစ်တည်ငြိမ်မှုကို  အနှောင့် အယှက် မဖြစ်စေရေးအတွက်တော့ ကြီးမားတဲ့   Solar Farm   များကို ဒေသတစ်ခုတည်းမှာ စုမနေစေဖို့ တော့ စီမံရမှာပါ။              

 ဆက်လက်ဖော်ပြပါမည်။