ရုရှား-တရုတ် ကုန်သွယ်ရေးပမာဏ သတ်မှတ်ကာလမတိုင်မီ ဒေါ်လာဘီလီယံ ၂၀၀ အထိ ရောက်ရှိမည်ဟုခန့်မှန်း

ရုရှား-တရုတ် ကုန်သွယ်ရေးပမာဏ သတ်မှတ်ကာလမတိုင်မီ ဒေါ်လာဘီလီယံ ၂၀၀ အထိ ရောက်ရှိမည်ဟုခန့်မှန်း

ရုရှားနှင့်တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှုသည် စံချိန်တင်ပမာဏအထိမြင့်တက်လာသည့်အတွက်  သတ်မှတ်ကာလမတိုင်မီ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထိရောက်ရှိမည် ဟုခန့်မှန်းရကြောင်း  ရုရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး   ကျန်းဟန်ဟွေက Tass သတင်းဌာနသို့ ဇန်နဝါရီ ၁၁ ရက်တွင် ပြောသည်။

အဆိုပါနှစ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်   မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးကာ ၂၀၃၀ ပြည့်နှစ် အရောက်၌   နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ အထိ ရောက်ရှိစေရန် ဧပြီလတွင်သဘောတူထားသည်။

၂၀၂၂ ခုနှစ်အကုန်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုပမာဏ  ၂၅ ရာခိုင်နှုန်းတိုးမြင့်ကာ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၁၈၀ ခန့်ရှိနိုင်ကြောင်း  တရုတ်သံအမတ်ကြီးက ဆက်ပြောသည်။

လက်ရှိမှာ   ကပ်ရောဂါကာလရဲ့ မကောင်းတဲ့နောက်ဆက်တွဲဆိုးကျိုးတွေရှိ နေသေးသော်ငြားလည်း  တရုတ်-ရုရှားပူးပေါင်းဆောင်ရွက်မှုက ဖွံ့ဖြိုးတိုးတက်မှုကြီးကို ရရှိလိမ့်မယ်လို့ မိမိတို့အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်ဟု တရုတ်သံအမတ်ကြီး ကျန်းဟန်ဟွေကဆိုသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း နှစ်နိုင်ငံကြား စိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၆ ဘီလီယံအထိ  ၃၆  ရာခိုင်နှုန်းမြင့်တက်လာသည်။

ထို့ပြင် တရုတ်နှင့်ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံကြားပိုင်းခြားထားသည့် အရှေ့ဖျားစွန်းဒေသရှိ  အမ်မာမြစ်ပေါ်တွင် ရထားလမ်းနှင့်ကားလမ်းပါဝင်သည့် တံတားများတည်ဆောက်မှုအပါအဝင် ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံစီမံကိန်းများကို ပူးတွဲဆောင်ရွက်ပြီးစီးထားပြီဖြစ်သည်။

အလားတူ  နှစ်နိုင်ငံရှိနိုင်ငံသားများအနေဖြင့်   အပြန်အလှန်သွားရောက်လည်ပတ်မှုများကို     မကြာမီအချိန်၌ လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်း၊ ပညာရေး၊ အားကစား၊ ယဉ်ကျေးမှု  စသည့်ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းအောင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း   တရုတ်သံအမတ်ကြီးက ပြောထားသည်။

Ref: RT