စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၀)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

 အမှတ်စဉ် (၂၀)

ခေတ်မီလာတဲ့အတွက် နာရီပိုင်းအလိုက် မိုးရွာမယ်၊ တိမ်ဖုံးမယ်၊ နေသာမယ် စသည်ဖြင့် ကြိုတင် သိရှိနိုင်ကြပြီ ဖြစ်လို့၊  Solar Farm တိမ်ဖုံးပြီး ရုတ်တရက်ဓာတ်အားစနစ်ကို ထိခိုက်မယ်ဆိုတဲ့ အခြေအနေမျိုးကနေ ရှောင်နိုင်ပါတယ်လို့ ပြောလိုပါတယ်။ ကြိုသိတဲ့အတွက် ဓာတ်အားစနစ် လိုအပ်ချက်အရ ရပ်နားထားတဲ့ ရေအားလျှပ်စစ်စက်များကို ချက်ချင်းမောင်းနှင်စေလို့လည်း ရပါတယ်။ မိမိနိုင်ငံမှာ လက်ရှိအခြေအနေမှာ ဘက်စုံစဉ်းစားပြီး ဓာတ်အားစနစ်ရဲ့အမြင့်ဆုံးထုတ်လုပ်နိုင်တဲ့ ပမာဏရဲ့ ၁၀ ရာခိုင်နှုန်းလောက်ထိတော့  Renewable ထဲက လေတို့၊ နေတို့ကို သုံးသင့်ပါတယ်။ အခုမြန်မာပြည်ရဲ့အမြင့်ဆုံးထုတ်နိုင်တဲ့ ဓာတ်အားဟာ ပူပြင်းတဲ့အချိန် မေလဆန်းမှာ ၃၈၀၀ မဂ္ဂါဝပ်ရှိတယ်ဆိုရင် ဖော်ပြခဲ့တဲ့ Renewable တွေကို ၃၅၀ မဂ္ဂါဝပ် လောက်နေရာတွေခွဲပြီး တပ်ဆင်ထားမယ်ဆိုရင် နွေရာသီမှာနေ့လယ်ပိုင်းပူတဲ့အချိန်မှာ ပိုပြီးခုသာ ခံသာဖြစ် ပါမယ်။

Solar CSP ကတော့ ဈေးပိုကြီးမယ်

ဆက်လက်ပြီး CSP (Concentrated Solar Power) အကြောင်း ဆက်ပါမယ်။ ဒီနည်းရဲ့အခြေခံသဘောဟာ ၁၈၉၀ ပြည့်နှစ်လောက်ကစပြီးပေါ်တာပါ။ ဒါပေမဲ့ လုပ်နည်းစနစ်ခေတ်မမီလို့ ကုန်ကျစရိတ်သိပ်ကြီးနေလို့ အသုံးနည်း ခဲ့တာပါ။ သူ့နည်းက အမြင့်တစ်ခုခုပေါ်မှာ တင်ထားတဲ့ ရေတိုင်ကီ(Boiler)ကို နေရောင်ခံပြားတွေက ဆလိုက်ထိုး သလို ထိုးလိုက်တဲ့အခါ ရေတိုင်ကီပူပြီး ထွက်လာတဲ့ရေနွေးငွေ့ကြောင့် ရေနွေးငွေ့တာဘိုင် (Steam Turbine) ကို လည်စေတာပါပဲ။ သဘောတရား ရိုးရှင်းသော်လည်း ကရိကထများပြီး ပစ္စည်းကိရိယာရှုပ်ထွေးတယ်၊ ရေချိုလို တယ်၊ မြေဧရိယာကျယ်ကျယ်လိုတယ်။  ဒါကြောင့် ကုန်ကျစရိတ်မြင့်သလို သဘာဝပတ်ဝန်းကျင်ရှုထောင့်ကနေ  ကန့်ကွက်နေသူတွေလည်းရှိပါတယ်။ စက်စွမ်းရည် (Capacity Factor) ကတော့ ၂၅ ရာခိုင်နှုန်းကျော်ထိ စွမ်းဆောင်နိုင်လို့ တစ်ရက်ပျမ်းမျှ ၇ နာရီလောက်ထိ ဓာတ်အားထုတ်လုပ်ပေးနိုင်တယ်။ ဒါပေမဲ့  Solar PV ကထွက်မယ့် ဓာတ်အားခထက် နှစ်ဆကျော်ဈေးကြီးနေသေးလို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေတောင်သုံးဖို့ လက်တွန့်နေကြပါ သေးတယ်။ Concentrated Solar Power (CSP)တွေ ကမ္ဘာ့နိုင်ငံကြီးတချို့မှာ တည်ဆောက်ထားကြပြီးဖြစ်တယ်။ အဲဒါတွေထဲက ကြီးမားတဲ့ စက်ရုံတွေကတော့ -

(           က        )           Ivanpah Plant              -           ၃၉၂ မဂ္ဂါဝပ်

                                    မိုဂျေ့(ဗ်) (Mojauv) သဲကန္တာရ၊ ကာလီဖိုးနီးယား၊

                                    အမေရိကန်နိုင်ငံ

(           ခ          )           Agua Caliente Plant                 -           ၂၅၀ မဂ္ဂါဝပ်၊ အမေရိကန်နိုင်ငံ

(           ဂ          )           Charanka Solar Park               -           ၂၂၁ မဂ္ဂါဝပ်၊ အိန္ဒိယနိုင်ငံ

(           ဃ        )           Solanvona Plant                     -           ၁၅၀ မဂ္ဂါဝပ်၊ စပိန်နိုင်ငံ

(           င         )           Audasol Plant                          -           ၁၀၀ မဂ္ဂါဝပ်၊ စပိန်နိုင်ငံ

အမေရိကန်နေစွမ်းအင်သုံး (CSP) ဓာတ်အားပေးစက်ရုံ (Agua Caliente) (၂၅၀ မဂ္ဂါဝပ်)

အမေရိကန်က ကမ္ဘာ့အကြီးဆုံး Ivanpah CSP ဆိုရင် မဂ္ဂါဝပ် ၃၉၂ တပ်ဆင်အင်အားရှိတယ်။ ၁၂၆ မဂ္ဂါဝပ် စက်နှစ်လုံးတပ်ထားတယ်။ တစ်နှစ်ပတ်လုံးထုတ်ပေးမယ့်ဓာတ်အားက  ယူနစ်သန်းပေါင်း ၉၅၈ ဒသမ ၅ ရှိတယ်။ သုံးလိုက်ရတဲ့ မြေဧရိယာက ဧက ၃၉၀၀ ခန့်ရှိတယ်။ စက်စွမ်းရည်အရ  အမြင့်ဆုံး ၃၇၇ မဂ္ဂါဝပ် ထုတ်လုပ်ပေး နေတယ်။ တည်ဆောက်မှုကုန်ကျစရိတ်က ဒေါ်လာသန်း ၂၂၀၀ လောက်ရှိတယ်။ တစ်ဝပ်ရဲ့ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဒေါ်လာ ဖြစ်နေတယ်။ ရေအားလျှပ်စစ်စက်ရုံစရိတ်ထက် နှစ်ဆကျော် သုံးဆ လောက် ပိုပြီးစရိတ်ကြီးတယ်။ သုံးရမှာကလည်း ရေချိုဆိုတော့ သဲကန္တာရလိုနေရာမှာတောင် စဉ်းစားစရာ ဖြစ်နေတယ်။

Solar နဲ့ CO2

ကာဗွန်ထုတ်လွှတ်မှုကို ပြန်ကြည့်ရင်လည်း သူ့ထက်ပိုပြီးကောင်းတဲ့ လေစွမ်းအင်၊ နျူကလီးယား၊ ရေအား စွမ်းအင်တွေရှိနေပြန်ပါတယ်။ CSP နဲ့ထုတ်တဲ့ဓာတ်အားတစ်ယူနစ်အတွက် ၂၇ ဒသမ ၃ ဂရမ် ကာဗွန် (CO2) ထွက်ပါတယ်။

Solar PV တွေကတော့ ဓာတ်အားတစ်ယူနစ်ထုတ်ရင် CO2 ၄၉ ဂရမ် ထွက်ပါတယ်။ CSP ထက်တောင်ပိုပြီး ကာဗွန်ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ဖြတ်ခဲ့ရပါတယ်။ ဒါဆိုရင် PV တွေကို မသုံးသင့်ဘူးလားကွာလို့မေးရင်၊ အထိုက်အလျောက် သုံးသင့်တယ်လို့ပဲဖြေမှာပါပဲ။ ရှေ့မှာ Solar ကိုသုံးရင် ဘာတွေအားသာချက်ရှိတယ်၊  သုံးသင့်တယ်လို့ ပြောပြီးပါပြီ။ တစ်ဖက်ကလည်း ရေအားလျှပ်စစ်လုပ်ငန်းတွေက အချိန်ပေးရတယ်။ Solar က တစ်နှစ်ခွဲ၊ နှစ်နှစ်ဆိုရင်ရပြီ။ ရင်းနှီးမြှုပ်နှံမှုစရိတ်ကတော့ ရေအားကတစ်မဂ္ဂါဝပ်စရိတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းပဲဆိုတော့သက်သာပါတယ်။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နဲ့ ထိခိုက်မှု ဆန်းစစ်ရတာတွေ၊ ဒေသတွင်းပြည်သူတွေနဲ့ ဆွေးနွေးရတာတွေရယ်ကြောင့် အချိန်ပေးရလွန်းလို့ ရှေ့ရောက်ဖို့ ခက်လာတာတွေရှိတယ်။ မည်သို့ပင် အခက်အခဲရှိစေကာမူ မိမိတို့နိုင်ငံရဲ့အခြေအနေအရ Solar PV  နဲ့ လေအားကို ဓာတ်အားစနစ်ရဲ့ ၁၀ ရာခိုင်နှုန်းခန့်ဖြစ်တဲ့ မဂ္ဂါဝပ် ၄၀၀ လောက်ထိတိုးပြီး အမြန်ဆုံး တပ်ဆင် အသုံးပြုခြင်းဖြင့် ပွင့်လင်းရာသီ ခုနစ်လခန့်ဓာတ်အား အကျပ်အတည်းဖြစ်နေမှုကို ကောင်းစွာ အထောက်အကူပြုနိုင်ပါကြောင်း ဖော်ပြလိုက်ပါတယ်။ ဝေးလံဒေသတွေမှာလည်း ရေအားလျှပ်စစ်အသေးစား၊ နေအား၊ လေအား တွေနဲ့တွဲဖက် အသုံးပြုသင့်ပါတယ်။

အခန်း(၅)

ဇီဝလောင်စာစွမ်းအင် (Bioenergy)

စွမ်းအင်နဲ့ပတ်သက်ရင် သဘာဝကပေးထားတဲ့ ပကတိစွမ်းအင်တွေလည်းရှိသလို လူတွေကတီထွင်ထုတ်လုပ်တဲ့ စွမ်းအင်တွေလည်းရှိတယ်ဆိုတာ ရှေ့အခန်းမှာဖော်ပြခဲ့ပြီးပါပြီ။ အဲဒီလို လူတွေပြုပြင်ထုတ်လုပ်လိုက်တဲ့အထဲက မြန်မာပြည်နဲ့ကိုက်ညီမယ့် စွမ်းအင်တစ်မျိုးဖြစ်တဲ့ ဇီဝလောင်စာစွမ်းအင် (Bioenergy)အကြောင်းကို ဖော်ပြပါ့မယ်။

Bioenergy ကို ဘယ်ကရမလဲ

Bioenergy ထဲမှာ Biomass နဲ့ Biofuel ဆိုပြီး နှစ်မျိုးပါနေပါတယ်။ ဒီနှစ်မျိုးထဲက Biofuel (ဇီဝလောင်စာဆီ) အကြောင်းကို ရှင်းပြပါမယ်။ Biofuel မှာလည်း နှစ်မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့ Bioethanol နဲ့ Biodiesel တွေပါပဲ။ ဒီနှစ်မျိုးကနေ လောင်စာလုပ်ပုံလုပ်နည်းက  အနည်းငယ်ကွာကြတယ်။  ဒီနှစ်မျိုးကို  ဘယ်ကရတယ် ဆိုတာ အောက်မှာ ရှင်းပါမယ်။

(က) Biodiesel

Biodiesel ဆိုတာကတော့ လူတွေစားလေ့စားထမရှိတဲ့ အသီးကရတဲ့ အစေ့အဆန်ကိုကြိတ်ပြီး ဆီထုတ်ယူတာပါ။ ဥပမာအားဖြင့် ခြံစည်းရိုးကြက်ဆူစေ့လို အစေ့ကိုဆီကြိတ်ပြီး ယူတာမျိုးပါ။

(ခ) Bioethanol

Bioethanol ဆိုတာကတော့ ဂျုံ၊ သကြား၊ ပြောင်းဆန်၊ ပီလောပီနံ စတာတွေကို အမှုန့်ကြိတ်ပြီး နည်းပညာနဲ့ ပြုပြင်လိုက်လို့ရလာတဲ့ လောင်စာဆီပါပဲ။ ကြံကနေပြီးလည်း တိုက်ရိုက်ချက်ယူနိုင်ပါတယ်။

Bioethanol တို့ Biodiesel တို့ကို လောင်စာဆီအဖြစ် ဘာကြောင့်သုံးကြသလဲဆိုတော့ -

(၁)       တွင်းထွက်လောင်စာများဟာ ကာလတစ်ခုမှာ ကုန်ဆုံးတော့မှာဖြစ်ခြင်း၊

(၂)       ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုနဲ့ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတုဖောက်ပြန်မှုများကိုလျှော့ချနိုင်ဖို့ တွင်းထွက်လောင်စာနေရာမှာ အစားထိုးသုံးလိုခြင်း၊ စတာတွေကြောင့် သုံးလာကြတာပါ။ သဘာဝပတ်ဝန်းကျင် အတွက် ဘေးထွက်ဆိုးကျိုးနည်းစေပြီး နိုင်ငံရဲ့စွမ်းအင်ဖူလုံမှုကို အထောက်အပံ့ပေးနိုင်တာရယ်၊ နိုင်ငံခြားငွေ ချွေတာလို့ရတာရယ်ကြောင့် စိုက်ပျိုးမြေလွတ်တွေရှိနေတဲ့ ဖွံ့ဖြိုးဆဲတွေအတွက် ပိုပြီးအကျိုးများစေပါတယ်။

Biodiesel ဘယ်လိုရယူမလဲ

Biodiesel ထဲမှာ စိတ်ဝင်စားစရာကောင်းတာက စိုက်ပျိုးရတာလွယ်တဲ့ သစ်ပင်တစ်မျိုးကသီးတဲ့ အစေ့ကို ဆီကြိတ်ပြီး လောင်စာဆီအဖြစ် အသုံးပြုတဲ့ကိစ္စပါ။ အဲ့ဒီအပင်ကတော့ Jatropha လို့ခေါ်တဲ့ ကြက်ဆူပင် ပါပဲ။ ကြက်ဆူမှာ အရွက်ရော၊ အပင်ပုံရော၊ အသီးသီးပုံရော၊ အစေ့ထွက်ရှိမှုရောမတူတဲ့ ကြက်ဆူနှစ်မျိုး ရှိနေပါတယ်။ အခုပြောမှာက အပင်မနိမ့်မမြင့်၊ အရွက်ကညောင်ရွက်အရွယ်ခန့်နဲ့ အသီးသီးရင်လည်း လေချူသီးလို၊ သပြေသီးလို အပြွတ်လိုက်သီးတဲ့ ရွာခြံစည်းရိုးတွေမှာပါ အလေ့ကျပေါက်နိုင်တဲ့ အမြဲစိမ်းလန်းနေတဲ့ ခြံစည်းရိုး ကြက်ဆူ အကြောင်းပါပဲ။                                     

ဆက်လက်ဖော်ပြပါမည်။