နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပုသိမ်အကျဉ်းထောင်၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် တောင်ငူအကျဉ်းထောင်တို့အား   ရောက်ရှိစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပုသိမ်အကျဉ်းထောင်၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် တောင်ငူအကျဉ်းထောင်တို့အား   ရောက်ရှိစစ်ဆေး

နေပြည်တော်၊ ဇန်နဝါရီ ၁၂

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

         ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပုသိမ်အကျဉ်းထောင်ရှိ အစည်းအဝေးခန်းမ၌ အကျဉ်းထောင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဇန်နဝါရီလ ၆ ရက်နေ့တွင် အကျဉ်းထောင်၌ အကျဉ်းသား/အချုပ်သားများ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ဖြစ်စဉ်တွင် ထောင်ဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကျဉ်းထောင်လက်စွဲပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းဆောင်ရွက် ခဲ့သည့် အခြေအနေများအား Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက အလားတူ ထောင်အတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ ထပ်မံဖြစ်ပွားမှုမရှိစေရေး၊ ယခု ဖြစ်စဉ်အား အတွေ့အကြုံယူ၍ အားသာချက်၊ အားနည်းချက်များဖော်ထုတ်၍ အစီအမံများ ရေးဆွဲ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အကျဉ်းထောင်တာဝန်ရှိသူများအား အသေးစိတ်လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အကျဉ်းထောင်ရှိ ဗဟိုကင်း၊ အကျဉ်းသား/ အချုပ်သား အိပ်ဆောင်များ၊ မီးဖိုကြီး၊ ရိက္ခာဂိုထောင်နှင့် ဇန်နဝါရီလ ၆ ရက်နေ့တွင် အကျဉ်းထောင် အတွင်း အကျဉ်းသား/အချုပ်သားများ ဆူပူအကြမ်းဖက်မှုဖြစ်ပွားခဲ့သည့်နေရာနှင့် ဆူပူအကြမ်းဖက် မှုဖြစ်ပွားစဉ် ၎င်းတို့ကိုင်စွဲအသုံးပြုခဲ့သည့် ပစ္စည်းကိရိယာများ၊ ၎င်းတို့ဖျက်ဆီးခဲ့သည့် လုံခြုံရေး အထောက်အကူပြုပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရမှု အခြေအနေတို့ကို တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။

       ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန်၊ လုံခြုံရေးစည်း ကျိုးပေါက်မှုမရှိစေရေး ဝန်ထမ်းများအား ၂၄ နာရီ ကင်းတာဝန်ချထားရန်၊ အုပ်ချုပ်မှု လျော့နည်းဖြစ်စဉ်များ မဖြစ်ပွားစေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အထူးဂရုပြုဆောင်ရွက်ရန်၊ အကျဉ်းထောင်အတွင်းသို့ ပေးပို့ခွင့်မရှိသည့် ကန့်သတ်ပစ္စည်းများ ပေးပို့တင်သွင်းနေသည်များရှိ၍ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ အကျဉ်းသား/ အချုပ်သားများ၏ အိပ်ဆောင်များအား စနစ်တကျ ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်သွားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လာဘ်ပေးလာဘ်ယူ ကင်းရှင်းပြီး ကိုယ်ကျင့်တရားကောင်းမွန်စွာ နေထိုင်ကြရန်နှင့် မိမိကိုင်တွယ်သည့် လက်နက်များအား ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရေး အမြဲတမ်းလေ့ကျင့်သွားကြရန် လိုအပ်ကြောင်း။

     အကျဉ်းသားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ကိစ္စရပ်များကို အထူးဂရုပြုဆောင်ရွက်ပေးရန်၊ ရိက္ခာဂိုထောင်ရှိ ရိက္ခာများအား သန့်ရှင်း သပ်ရပ်စွာ ထားရှိပြီး ရိက္ခာ ၃ လစာကြိုတင်ဝယ်ယူ ဖြည့်တင်းထားရန် လိုအပ်ကြောင်း၊ အကျဉ်းသား/ အချုပ်သားများအတွက် ချက်ပြုတ်ကျွေးမွေးမည့် အစားအစာများအား သန့်ရှင်းလတ်ဆက်မှု ရှိစေရေး၊ ပူပူနွေးနွေးစားသုံးနိုင်ရေးအတွက် စေတနာထား၍ ချက်ပြုတ်ကျွေးမွေးရန် လိုအပ်ကြောင်း၊ ၎င်းတို့ကိုလည်း တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ နေထိုင်စေရေး ကြပ်ကြပ် မတ်မတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အသေးစိတ်မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်အကျဉ်းထောင်ရှိ "မြနန်းဧရာ" ခန်းမ၌ အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် များအား တွေ့ဆုံ၍ စည်းကမ်းရှိရှိ စည်းစည်းလုံးလုံး နေထိုင်ကြရန်၊ ကိုယ်ကျင့်တရားကောင်းမွန် စွာဖြင့် အဂတိလိုက်စားမှု ကင်းရှင်းစွာ နေထိုင်ကြရန်၊ မိမိတို့၏ ခင်ပွန်းသည် အိမ်ထောင်ဦးစီးများအား တဖက်တလမ်းမှ ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းတို့အား မှာကြားပြီး မိသားစုဝင်များ၏ အခက်အခဲနှင့် လိုအပ်ချက်များအား ရင်းနှီးပွင့်လင်းစွာ မေးမြန်း၍ လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး မိသားစုဝင်များအတွက် မီးဖိုချောင်သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ထောက်ပံ့ ပေးအပ်ခဲ့သည်။

       ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်သို့ ရောက်ရှိကာ အကျဉ်းထောင်အဝင်ဝရှိ ထောင်ဝင်စာ ပါဆယ်လက်ခံရေးမှတ်တမ်းဌာနစိတ်နှင့် ပါဆယ်ရှာဖွေရေးဌာနစိတ်တို့တွင် လာရောက်ပေးပို့သည့် ပါဆယ်ပစ္စည်းများအား Luggage X-Ray Scanner စက်ဖြင့် စနစ်တကျ စစ်ဆေးရှာဖွေနေမှု အခြေအနေများကိုလည်းကောင်း၊ အကျဉ်းထောင် CCTV Control Room အတွင်းရှိ လုံခြုံရေး စောင့်ကြည့်နေမှု အခြေအနေများကိုလည်းကောင်း၊ စားဖိုကြီးတွင် အကျဉ်းသား/ အချုပ်သားများ နံနက်စာ စားသုံးရန်အတွက် ထမင်းနှင့် ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်နေမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

        ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း (အင်းစိန်)သို့ ရောက်ရှိကာ သင်တန်းကျောင်းအတွင်းရှိ သင်တန်းသား အိပ်ဆောင်များ၊ စာသင် ခန်းမနှင့် စားရိပ်သာတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ တပ်သားအဆင့် အခြေခံသင်တန်း အမှတ်စဉ်(၁၀၇)မှ သင်တန်းများနှင့် အတူ နံနက်စာအတူတကွ သုံးဆောင်ခဲ့ပြီး သင်တန်းသားများ အတွက် ထောက်ပံ့ငွေများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

        နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့နယ်ရှိ တောင်ငူအကျဉ်းထောင်သို့ ရောက်ရှိကာ အကျဉ်းထောင်ရှိ စားဖိုကြီးအသစ်ဆောက်လုပ် သည့်နေရာ၊ အကျဉ်းသား/ အချုပ်သားအိပ်ဆောင်များ၊ ရေချိုးကန်များနှင့် ဆေးရုံဆောင်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းထောင်လုံခြုံရေးနှင့် ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်ရန်၊ အကျဉ်းထောင် ဆူပူမှုများဖြစ်ပွာလာပါက အချိန်တိုအတွင်း ထိန်းသိမ်းဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုများအား စနစ်တကျ လေ့ကျင့်ဆောင်ရွက်ထားရန်၊ အကျဉ်းသား/ အချုပ်သား များအား ချက်ပြုတ်ကျွေးမွေးရာတွင် စေတနာထား၍ ဆောင်ရွက်ပေးရန်၊ ကျန်းမာရေးမကောင်းသည့် အကျဉ်းသား/ အချုပ်သားများအား စေတနာထား၍ ဂရုတစိုက် ပြုစုကုသပေးရန်နှင့် HIV/AIDS ရောဂါရှိသူ အကျဉ်းသား/ အချုပ်သားများ ပြစ်ဒဏ်စေ့၍ လွတ်မြောက်ပါက ဆေးဝါးဆက်လက် သောက်သုံးနိုင်ရေးအတွက် အကျဉ်းထောင်ဆရာဝန်မှ သေချာစွာ လမ်းညွှန်ပေးရန်တို့နှင့် ပတ်သက်၍ အကျဉ်းထောင် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။