သတင်းထုတ်ပြန်ချက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်ကိစ္စ

သတင်းထုတ်ပြန်ချက်

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့သည့်ကိစ္စ

    အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် ၁၁-၁-၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ပုံမှန်သတင်း ထုတ်ပြန်ချက်ဖြင့် Annual Press Statement ပြောကြားခဲ့ပြီး၊ ထိုသို့ပြောကြားရာ၌ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထည့်သွင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် အသိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် အောက်ဖော်ပြပါ ရပ်တည်ချက်များအတိုင်း ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေး ဖော်ပြအပ်သည်-

(က)   မြန်မာနိုင်ငံသည် အာဆီယံ၏ တူညီဆန္ဒ(၅) ချက် အကောင်အထည်ဖော်ခြင်းကို မိမိနိုင်ငံ၏ အမျိုးသားရေး အကျိုးစီးပွား၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးကို အဖွဲ့ဝင်တစ်နိုင်ငံမှ မစွက်ဖက်ရေး စသည့် အခြေခံမူများနှင့်အညီ စွဲမြဲစွာ ဆောင်ရွက်လျက်ရှိသည်။

(ခ)     မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်   နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်သည်။

(ဂ)    အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ် စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံ အခြေခံမူများနှင့်အညီ တိတိကျကျလေးစား လိုက်နာရန် လိုအပ်ပြီး မြန်မာအစိုးရမှ ကြေညာထားသည့် မည်သည့်အကြမ်းဖက်အဖွဲ့များ၊ မတရား အသင်းများနှင့်မျှ ထိတွေ့ဆက်ဆံခြင်း မပြုရန် လိုအပ်ကြောင်းကို ထပ်လောင်း သတိပေး တိုက်တွန်းသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ   ၁၂  ရက်