စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်(၂၁)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်(၂၁)

 အမှတ်စဉ် (၂၁)

ခြံစည်းရိုးကြက်ဆူဟာ အပူပိုင်းဒေသနိုင်ငံများ၊ မိုးနည်းရေရှားရပ်ဝန်းဒေသများမှာ မိုးရေချိန် ၁၅ လက်မ(၄၀၀ မီလီမီတာ)ကနေ ၄၀ လက်မ (၁၀၀၀ မီလီမီတာ) လောက်အထိသာရွာတဲ့ မိုးနည်းတဲ့ဒေသတွေမှာပါ ရှင်သန်ကြ ပါတယ်။ ရွာတွေမှာ ခြံစည်းရိုးတွေ၊ တောစပ်တွေမှာ အချို့ အလေ့ကျ ပေါက်နေတာတွေလည်း တွေ့ရပါတယ်။

ဒီအပင်စိုက်ရင် တစ်နှစ်ဆိုရင်ပဲ အသီးစသီးတယ်။ အပြည့်အဝသီးတာကတော့ နှစ်နှစ်လောက်မှာသီးတာပါ။ တစ်ပင်လုံးညွတ်နေအောင် သီးပါတယ်။ အပင်က ၁၀ ပေ ၁၅ ပေလောက်သာမြင့်လို့ ခူးဆွတ်ရတာလည်း လွယ်ပါ တယ်။ ဒီအသီးကိုခူးပြီး ဆီကြိတ်တာပါပဲ။ အတွင်းကအစေ့က ဆီထွက်လာတာပါ။ ဒီဆီကို အခု ကျွန်တော်တို့ သုံးနေတဲ့ ဒီဇယ်ဆီနဲ့ရောပြီး ယာဉ်တွေ၊ ယန္တရားတွေ၊ စက်တွေမှာ ထည့်မောင်းတာပါပဲ။

ဒီဆီတစ်ဂါလန်ရဲ့ဈေးဟာ ရိုးရိုးဒီဇယ်ဆီတစ်ဂါလန်ဈေးရဲ့ ထက်ဝက်ခန့် ပေါက်ဈေးရှိပါတယ်။ တစ်ဧကစိုက်ရင် နှစ်စဉ် အနည်းဆုံးဆီဂါလန် ၆၀ လောက်ထွက်ပါတယ်။ အဓိကဦးတည်စိုက်ပျိုးသင့်တဲ့ နေရာတွေကတော့ အခြား စားသုံးသီးနှံပင်စိုက်ပျိုးရင် အကျိုးအမြတ်သိပ်မရနိုင်တဲ့ နေရာမျိုး၊ ရာသီဥတုကလည်း မိုးနည်းပါးလွန်းလို့ အခြား အသီးအနှံစိုက်ဖို့ခက်တဲ့ မြေအမျိုးအစားတွေမှာ ဦးစားပေးစိုက်သင့်ပါတယ်။ ဒီအပင်တစ်ဧကရှိရင် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၂၀ (မြန်မာငွေ ၁၅၀၀ လဲလှယ်နှုန်းနဲ့ဆိုရင်တော့ ကျပ်၂၀၀၀၀၀ နီးပါး) ဝန်းကျင်ဝင်ငွေရပါတယ်။

စိုက်ပျိုးပြီး ကရိကထမများခြင်း၊ သီးနှံအပျောက်အရှ မဖြစ်နိုင်၍ လေလွင့်မှုနည်းခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ ပတ်ဝန်းကျင်အမြဲစိမ်းလန်းနေခြင်း၊ နှစ်စဉ် အရွက်ကြွေကျမှုကြောင့် သဘာဝသစ်ရွက်ဆွေး အလိုအလျောက်ရရှိပြီး မြေသြဇာ အထူးထည့်စရာမလိုခြင်း၊ မိုးရေကြောင့် မြေဆီလွှာတိုက်စားမှုကို သက်သာစေခြင်း၊ တွင်းထွက် လောင်စာဆီကို လျှော့ချသုံးစွဲနိုင်လို့  သဘာဝပတ်ဝန်းကျင်  ထိခိုက်မှုသက်သာခြင်း၊ ရာသီဥတုကောင်းမွန်လာခြင်း၊ သစ်ပင်များက ကာဗွန်ဒိုင်အောက်ဆိုက်ပိုပြီး စုပ်ယူလာနိုင်ပြီး အောက်ဆီဂျင် ပိုမိုထုတ်လွှတ်ပေးလာနိုင်ခြင်း၊ စောင့်ရှောက်ရမှုလွယ်ကူပြီး ကျေးလက်ဒေသ မိသားစုအပိုဝင်ငွေရခြင်းစတဲ့ မြောက်မြားစွာသော အကျိုးကျေးဇူး တွေရကြပါတယ်။

Biodiesel  နဲ့ Bioethanol ကို ဘယ်လိုသုံးရမလဲ

ဒီဇယ်တစ်ဂါလန်မှာ ကြက်ဆူဆီ ၂၀ ရာခိုင်နှုန်း ရောနှောသုံးစွဲဖို့ စမ်းသပ်ပြီးဖြစ်ပါတယ်။ နိုင်ငံအလိုက် အရော အနှောအနည်းငယ် ကွာဟမှုတော့ရှိပါတယ်။ ဒီလိုရောစပ်သုံးစွဲတဲ့အခါမှာ စံသတ်မှတ်ချက်တွေရှိပါတယ်။ ဥပမာ အားဖြင့် ကြက်ဆူဆီ ၁၀ ရာခိုင်နှုန်းရောရင် B 10 ဆီ၊ ၅ ရာခိုင်နှုန်းရောရင် B 5 ဆီ၊ ၂၀ ရာခိုင်နှုန်းရောရင် B 20 ဆီဆိုပြီး သူ့စံနဲ့သူ စက်ရုံတွေမှာ စနစ်တကျ ကြိုတင်ရောစပ်ပြီးမှ သုံးကြတာပါ။

B ဆိုတာကတော့ Biodiesel ကို ကိုယ်စားပြုတာပါ။ ဒီလိုရောစပ်သုံးတဲ့အတွက် ဥပမာအားဖြင့် တွင်းထွက် ဆီဂါလန် ၁၀၀၀၀၀ သုံးရမယ့်နေရာမှာ Biodiesel ဂါလန် ၁၀၀၀၀ ရောသုံးခြင်းဖြင့် တွင်းထွက်ဒီဇယ်ဆီဂါလန် ၁၀၀၀၀ မီးရှို့လို့ ထွက်လာမယ့် ကာဗွန်ဒိုင်အောက်ဆိုက် ၁၂၆ တန်ကို လျော့စေမှာဖြစ်ပါတယ်။ (ဒီဇယ်ဆီ တစ်ဂါလန်မီးရှို့ပါက ကာဗွန်ဒိုင်အောက်ဆိုက် ၁၂ ဒသမ ၆ ကီလိုဂရမ်ထွက်သည်။)

နောက်တစ်ခုကလည်း မိမိတို့လို ပြည်ပကလောင်စာဆီတင်သွင်းနေရတဲ့ နိုင်ငံများအတွက်လည်း နိုင်ငံခြားသုံးငွေ သက်သာစေပါတယ်။ ပြည်ပက တင်သွင်းမှုတွေကြောင့် မိမိတို့နိုင်ငံသားတွေဟာ ထုတ်လုပ်မှုစရိတ် မရလိုက်ပါ ဘူး။ သူများတိုင်းပြည်ကို ကိုယ့်နိုင်ငံကရှာထားတဲ့ငွေလေးစုပြီး ပေးလိုက်ရတဲ့ သဘောပါပဲ။ နှစ်စဉ် ကြက်ဆူဆီ ဂါလန် ၁၀၀၀၀ ရဖို့အတွက်တော့ မြေလွတ်၊ မြေလပ် ၁၆၆ ဧက လိုပါတယ်။ ဒီမြေလွတ်သာရှိရင် လုပ်ငန်းစဉ် အစအဆုံးကရလိုက်တဲ့ ဝင်ငွေတွေဟာ ကျေးလက်တောင်သူများလက်ထဲကို တိုက်ရိုက်ရောက်သွားစေမှာပါ။ ကျေးလက်တွေ အလုပ်အကိုင်ရနေရင် မြို့ပြတွေကို ပြောင်းရွှေ့လာမှု၊ ကျူးကျော် အခြေချလာမှုစတဲ့ မြို့ပြ ပြဿနာ ဖြေရှင်းရသက်သာလာမယ်။ ဒုစရိုက်တွေပါကျဆင်းသွားမယ်။ ရွှေ့ပြောင်းလုပ်သားတွေ လျော့နည်းလာ မယ်။ မိသားစုတွေတိုးပွားလာလို့ မိသားစုတစ်စုချင်းစီရဲ့ပိုင်ဆိုင်မှု လယ်မြေ၊ ယာမြေဟာ လျော့နည်းလာပါပြီ။ များသောအားဖြင့် မိုးခေါင်ရေရှားဒေသတွေမှာ စပါးအထွက်နှုန်းကလည်း နည်းကြပါတယ်။ ဆောင်းသီးနှံဆို တာကလည်း ရာသီဥတုတစ်ခုခု ဖောက်ပြန်လိုက်ရင် မျိုးဖိုးတောင်  ပြန်မရတဲ့ဒေသတွေ  ရှိနေပါတယ်။  ဒီလိုခြံစည်း ရိုး ကြက်ဆူကို နိုင်ငံတော်က ထိထိရောက်ရောက်ပံ့ပိုးပြီးဆောင်ရွက်စေရင် စိတ်ဝင်စားလာကြမှာပါ။ ကမ္ဘာ့နိုင်ငံ များမှာ ကြက်ဆူကရတဲ့ Biodiesel နဲ့ ကြံ၊ သကြား၊ ပြောင်းတွေကရတဲ့ Bioethanol တွေကို ဘယ်လိုသဘော ထားနေကြသလဲဆိုတာကို နည်းနည်းလောက် ကမ္ဘာကြည့် ကြည့်ကြရအောင်ပါ။

ကမ္ဘာကြီးဘာလုပ်နေသလဲ

၂၀၀၇ ခုနှစ်မှာ အာဆီယံနိုင်ငံများနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ နယူးဇီလန်တို့ ပူးပေါင်းပြီး ဖိလစ်ပိုင်နိုင်ငံ ဆီဘူး (Cebu) မြို့မှာ အရှေ့အာရှစွမ်းအင်လုံခြုံမှုသဘောတူညီချက်စာချုပ် (East Asian Energy Security Pact) တစ်ခုကို  လက်မှတ်ရေးထိုးခဲ့ကြတယ်။  အဲဒီအစည်းအဝေးကပဲ Biofuel ကို တိုးတက် ထုတ်လုပ်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံအသီးသီးက ပေါ်လစီတွေ ချမှတ်အကောင်အထည်ဖော်ဖို့ ဆိုပြီး ဆုံးဖြတ်ခဲ့ကြ တယ်။ မိမိတို့နိုင်ငံလည်း ပါတာပေ့ါ။ အဲဒီအစည်းအဝေးမှာ မိမိတို့နိုင်ငံက စွမ်းအင်ဆိုင်ရာ ဝန်ထမ်း အကြီးအမှူးတွေလည်း တက်ခဲ့တယ်ဆိုတာ သိရပါတယ်။ အစည်းအဝေးကြီးမှာပဲ မြန်မာဘက်က တက်ရောက်ခဲ့သူ ဌာနအကြီးအမှူးက မိမိတို့ဟာ  ယခုကြက်ဆူပင်ကို  ဇောက်ချပြီး ဆောင်ရွက်နေပြီဖြစ်ကြောင်း တက်တက်ကြွကြွ ဆွေးနွေးခဲ့ပါသေးတယ်။ ဟုတ်လည်းဟုတ်ပါတယ်။                  

ဆက်လက်ဖော်ပြပါမည်။

မော်သာထွေး(မန္တလေး)