တရုတ်နိုင်ငံရှိမြို့ကြီးများက ကလေးမွေးဖွားနှုန်း တိုးတက်စေရန် မက်လုံးပေးဆွဲဆောင်မှုများ ပြုလုပ်လာ

တရုတ်နိုင်ငံရှိမြို့ကြီးများက ကလေးမွေးဖွားနှုန်း တိုးတက်စေရန် မက်လုံးပေးဆွဲဆောင်မှုများ ပြုလုပ်လာ

တရုတ်နိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် အတွင်း ပထမဆုံးအကြိမ် လူဦးရေကျဆင်း ခြင်းနှင့် ရင်ဆိုင်ရသည့်အတွက် နိုင်ငံအတွင်းရှိ မြို့ကြီးများက ကလေးမွေးဖွားနှုန်းတိုးတက် စေရန် မက်လုံးပေးဆွဲဆောင်မှုများကို ပြုလုပ်လာကြောင်း သိရသည်။

ရှင်းကျန်းမြို့ရှိ အိမ်ထောင်သည်များအနေဖြင့် ကလေးသုံးယောက်နှင့်အထက် မွေးဖွားပါက ထိုတတိယမြောက် ကလေးနှင့် အထက်အတွက် အဆိုပါကလေးများအသက် သုံးနှစ်မပြည့်မီအချိန်အထိ  တစ်ဦးလျှင် ထောက်ပံ့ငွေယွမ် ၁၉၀၀၀ ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့တော်ကျန်းမာရေးကော်မရှင် က ထုတ်ပြန်ထားသည်။

အလားတူ သားဦးကလေးနှင့် ဒုတိယ မြောက်ကလေးများအတွက် ၎င်းတို့အသက် သုံးနှစ်မပြည့်မီအချိန်အထိ တစ်ဦးလျှင် ယွမ် ၇၅၀၀ နှင့် ယွမ် ၁၁၀၀၀ စီပေးအပ်သွားမည် ဖြစ်သည်ဟု ကော်မရှင်၏ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ လက်ရှိတွင် အဆိုပါလုပ်ဆောင်ချက်နှင့်ပတ်သက်၍ လူထု သဘောထားဆန္ဒကို ခံယူနေဆဲဖြစ်သည်။

ရှန်းတုံပြည်နယ် ကျီနန်းမြို့အာဏာပိုင်များကမူ မိခင်တစ်ဦးအနေဖြင့် ယခုနှစ်အတွင်း ဒုတိယကလေး သို့မဟုတ် တတိယကလေးကို မွေးဖွားပါက ထိုကလေးငယ်သုံးနှစ်မပြည့်မီ အချိန်အထိ ကလေးစောင့်ရှောက်မှုစရိတ်အဖြစ် လစဉ်ယွမ် ၆၀၀ ကိုထောက်ပံ့ပေး သွားမည်ဖြစ်သည်။ထို့ပြင် အလုပ်လုပ်နေသည့်မိခင်တစ်ဦး သည် ကလေးတစ်ဦးမွေးဖွားပြီးတိုင်း မီးဖွားခွင့်အဖြစ် ရက်ပေါင်း ၁၅၈ ရက်ရရှိမည်ဖြစ် ကာ ဖခင်အနေဖြင့် အနည်းဆုံးခွင့် ၁၅ ရက် ရရှိမည်ဖြစ်သည်။

အလားတူ အသက်သုံးနှစ်အောက် ကလေးများရှိသည့် မိဘများအနေဖြင့် နှစ်စဉ်ကလေးထိန်းခွင့်အဖြစ် ၁၀ ရက်နှင့် အထက်ကိုရရှိမည်ဖြစ်သည်ဟု ကျီနန်းမြို့တာဝန် ရှိသူများက ထုတ်ပြန်ထားသည်။

တရုတ်အစိုးရက တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးသာမွေးရမည့်မူဝါဒကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ရုပ်သိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလတွင် ကလေးသုံးဦးအထိ မွေးရမည့် မူဝါဒကိုထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ်ကလေးမွေးဖွားနှုန်းကျဆင်းခြင်းသည် မဟာအငတ်ဘေးနှင့် ရင်ဆိုင်ရသည့် ၁၉၆၀ ပြည့်နှစ်နှင့် ၁၉၆၁ ခုနှစ်တို့တွင်ဖြစ်ပြီး ပထမနှစ်တွင် လူဦးရေ ၁၀ သန်းအထိလည်းကောင်း၊ ဒုတိယနှစ်တွင်  ၃ ဒသမ ၄ သန်းအထိလည်းကောင်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

ကလေးမွေးဖွားနှုန်းကျဆင်းနေသည့် တရုတ်နိုင်ငံ၌ ကလေးမွေးဖွားနှုန်းတိုးတက် လာရေးသည် နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည်ဖြစ်ကြောင်း၊   ကလေးမွေးဖွားနှုန်း ကန့်သတ်ချက်ဖြေလျှော့ပေးခြင်းတစ်ခုတည်း

ဖြင့် မလုံလောက်ကြောင်း၊ လူငယ်များ အနေဖြင့်လည်း လက်ထပ်ရန်နှင့် ကလေးယူရန် အချိန်ဆွဲမှုများ ရှိနေကြောင်း လေ့လာသူများက ပြောထားသည်။

Ref: Bangkok Post