အမျိုးအစား-၂ ဆီးချိုလူနာများမှာ သွေးတွင်းသကြားဓာတ်ပမာဏကို     ထိန်းညှိပေးနိုင်မယ့် လူဖန်တီးတဲ့ပန်ကရိယ

အမျိုးအစား-၂ ဆီးချိုလူနာများမှာ သွေးတွင်းသကြားဓာတ်ပမာဏကို     ထိန်းညှိပေးနိုင်မယ့် လူဖန်တီးတဲ့ပန်ကရိယ

ယနေ့ကမ္ဘာမှာ အဖြစ်အများဆုံးရောဂါတစ်ခုကိုပြပါဆိုလျှင် ဆီးချိုရောဂါကိုလက်ညှိုးထိုးပြရပါလိမ့်မယ်။ ဆီးချိုရောဂါမှာ အဓိကအားဖြင့်အမျိုးအစားသုံးမျိုးရှိပါတယ်။ အဲဒီထဲမှာမှ အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်တဲ့သူက ပိုများပါတယ်။

ကမ္ဘာတစ်ဝန်းမှာ  အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပွားသူဦးရေ  စုစုပေါင်း ၄၁၅ သန်းခန့်ရှိပါတယ်။ သူတို့အနေနဲ့ ကျန်းမာရေးအတွက် နှစ်စဉ်ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ဘီလီယံ ၇၆၀ အထိ ရှိပါတယ်။

ဗြိတိန်နိုင်ငံမှာဆိုရင် လူဦးရေ ၄ ဒသမ ၉ သန်းက ဆီးချိုရောဂါခံစားနေရတာပါ။ အဲဒီထဲကမှ ၉၀ ရာခိုင်နှုန်းလောက်က အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပွားနေတာဖြစ်ပြီး သူတို့အတွက်  တစ်နှစ်ကို ပေါင် ၁၀ ဘီလီယံအထိကုန်ကျနေရပါတယ်။

အမျိုးအစား-၂ ဆီးချိုရောဂါဆိုတာကတော့ သွေးတွင်းသကြားဓာတ်အလွန်အမင်းမြင့်မားခြင်းဖြစ်ပါတယ်။ ပုံမှန်အား ဖြင့်ဆိုရင် သွေးတွင်းသကြားဓာတ်ကို အင်ဆူလင်တွေကထိန်းချုပ်နိုင်ပါတယ်။

ဒါပေမဲ့ အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပွားမှုမှာတော့ ခန္ဓာကိုယ်ကနေ အင်ဆူလင်ဓာတ်ထွက်ရှိမှုက အဟန့်အတား ဖြစ်သွားပါပြီ။

အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်ပြီဆိုရင် အချိန်ကြာလာတာနဲ့အမျှ မျက်စိ၊ ကျောက်ကပ်နဲ့ အာရုံကြော ထိခိုက်မှုများမှသည် နှလုံးရောဂါဖြစ်ပွားသည်အထိ ကြီးမားတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရစေပါတယ်။

ဒီရောဂါဖြစ်ပြီဆိုရင် သူ့ကိုထိန်းချုပ်နိုင်ဖို့အတွက်က နေထိုင်မှုပုံစံကိုပြောင်းလဲမှသာရပါမယ်။   အဲဒီလိုပြောင်းလဲမှုတွေ ထဲမှာ သင့်တင့်လျောက်ပတ်တဲ့ အစားအစာတွေစားမယ်။ လေ့ကျင့်ခန်းတွေလုပ်မယ်။ တရားထိုင်ခြင်းတွေလုပ်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်ပမာဏကို လျော့နည်းစေမှာဖြစ်ပါတယ်။

သို့သော်လည်း အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်သူအများစုဟာ ဒီလိုနေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ဖို့  မဖြစ်နိုင်ပါဘူး။ အဲဒီအတွက် အင်ဆူလင်ဆေးထိုးခြင်းလိုမျိုး လက်ရှိကုထုံးတွေကိုအသုံးပြုပြီး သူတို့ရဲ့သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းဖို့အတွက် တော်တော်လေးရုန်းကန်ကြိုးပမ်းနေကြရပါတယ်။

ဒီပြဿနာတွေကို  ဖြေရှင်းဖို့အတွက် သိပ္ပံပညာရှင်များက    ကြိုးစားခဲ့ရာမှာ အောင်မြင်မှု မှတ်တိုင်တစ်ခုကို စိုက်ထူလိုက် နိုင်ပါပြီ။ အဲဒီမှတ်တိုင်ကတော့ ပန်ကရိယအတုကို ဖန်တီးလိုက်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

ပန်ကရိယကို မုန့်ချိုအိတ်လို့သုံးနှုန်းကြပါတယ်။ ပန်ကရိယဟာ ဝမ်းဗိုက်အတွင်း အစာအိမ်ရဲ့ နောက်ဘက်မှာ တည်ရှိနေတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ပန်ကရိယဟာ ဂလင်းတစ်ခုဖြစ်ပြီး အင်ဆူလင်နဲ့ဂလူကာဂွန်တို့ကဲ့သို့ ဟော်မုန်းများကို သွေးကြောထဲ ထည့်သွင်းပေးခြင်းအားဖြင့်   သွေးတွင်းသကြားဓာတ်ပုံမှန်ဖြစ်အောင် ကူညီပေးပါတယ်။

ဒါ့အပြင် ပန်ကရိယက အင်ဇိုင်းများကိုလည်း ထုတ်လုပ်ပေးပါတယ်။    အဲဒီအင်ဇိုင်းများက    အူသိမ်အတွင်းရှိအစာများကိုချေဖျက်ရာမှာ   ကူညီပေးတာပါ။

ဒါကြောင့် ပြောရမယ်ဆိုရင် ပန်ကရိယဟာ   လူသားတို့ရဲ့ခန္ဓာကိုယ်အတွင်းဇီဝဖြစ်စဉ်များ   ပုံမှန်အတိုင်း လည်ပတ်နေ အောင်ထိန်းသိမ်းဖို့အတွက် အရေးအကြီးဆုံးသော ကိုယ်အင်္ဂါအစိတ်အပိုင်းပဲဖြစ်ပါတယ်။

အခုကိန်းဘရစ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပန်ကရိယအတုကိုဖန်တီးလိုက်နိုင်ပါပြီ။ ဒါ့အပြင် အမျိုးအစား-၂ ဆီးချိုရောဂါဝေဒနာရှင်များမှာအသုံးပြုဖို့အတွက် လက်တွေ့စမ်းသပ်မှုကိုလည်း အောင်မြင်စွာ လုပ်ဆောင်လိုက်နိုင်ပါပြီ။

အဲဒီပန်ကရိယအတုဟာ ကိန်းဘရစ်တက္ကသိုလ်ကပဲဖန်တီးထားတဲ့ အယ်လဂိုရီသမ်နဲ့အလုပ်လုပ်တာပါ။ ပန်ကရိယအတုကို လက်ရှိကုထုံးတွေနဲ့နှိုင်းယှဉ်ပြီး လက်တွေ့စမ်းသပ်ရာမှာတော့ သွေးတွင်းသကြားဓာတ် မြင့်မားမှုအတွက် ကြာမြင့်ချိန်ကို ထက်ဝက်လျှော့ချကာ   ပုံမှန်သွေးတွင်းသကြားဓာတ် တည်ရှိနေမှုကြာမြင့်ချိန်ကို နှစ်ဆပိုများစေတာ တွေ့ရပါတယ်။

ပန်ကရိယအတုကို ဈေးကွက်အတွင်းအသင့်ရှိပြီးသား သွေးတွင်းသကြားဓာတ်စောင့်ကြည့်ကိရိယာ၊ အင်ဆူလင် ထုတ်လွှတ်စက်တို့နဲ့ပေါင်းစပ်ထားတာပါ။ သူ့ကို သိပ္ပံပညာရှင်များတီထွင်ဖန်တီးထားတဲ့ အပလီကေးရှင်းတစ်ခုနဲ့  ထိန်းချုပ်နိုင်ပါတယ်။ အပလီကေးရှင်းအမည်ကတော့ CamAPS HX လို့ခေါ်ပါတယ်။

အဲဒီအပလီကေးရှင်းက   သွေးတွင်းသကြားဓာတ်ပမာဏကို  သတ်မှတ်အတိုင်းအတာတစ်ခုအတွင်းမှာ  ထိန်းသိမ်းထား နိုင်ဖို့  လိုအပ်တဲ့အင်ဆူလင်ပမာဏကို တိကျစွာခန့်မှန်းပေးမယ့်  အယ်လဂိုရီသမ်နဲ့ အလုပ်လုပ်တာပါ။

သိပ္ပံပညာရှင်များဟာ   အလားတူအယ်လဂိုရီသမ်နဲ့ပဲအလုပ်လုပ်တဲ့ ပန်ကရိယအတုကို အလွန်ငယ်ရွယ်တဲ့ ကလေး ငယ်များမှသည် သက်ကြီးပိုင်းများအထိပါဝင်တဲ့ အမျိုးအစား-၁ ဆီးချိုရောဂါခံစားရသူတွေနဲ့ စမ်းသပ်ခဲ့ရာမှာ ထိရောက်မှုရှိတာကို တွေ့ခဲ့ရပါတယ်။

အဲဒီနောက် ကျောက်ကပ်ဆေးဖို့လိုအပ်နေတဲ့ အမျိုးအစား-၂ ဆီးချိုရောဂါခံစားနေရသူတွေနဲ့ စမ်းသပ်ရာမှာလည်း ပန်ကရိယအတုက အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုတစ်ကြိမ်မှာတော့ ကျောက်ကပ်ဆေးဖို့မလိုအပ်တဲ့ အမျိုးအစား-၂ ဆီးချိုရောဂါခံစားနေရသူ  အများအပြားနဲ့ စမ်းသပ်ခဲ့တာပါ။

လက်ရှိပန်ကရိယအတုအသစ်က အမျိုးအစား-၁ ဆီးချိုရောဂါခံစားနေရသူတွေနဲ့စမ်းသပ်တဲ့ ပန်ကရိယအတုနဲ့မတူတဲ့အချက်ကတော့   အပြည့်အဝအလိုအလျောက်လည်ပတ်တဲ့စနစ် ဖြစ်နေခြင်းပါပဲ။

သုတေသနပညာရှင်များဟာ အဆိုပါ ပန်ကရိယအတုရဲ့ထိရောက်မှုကို စမ်းသပ်ဖို့အတွက် လူနာ ၂၆ ဦးကိုရွေးချယ်လိုက်ပါတယ်။ ပြီးတဲ့အခါ အုပ်စုနှစ်ခုခွဲလိုက်ပါတယ်။

ပထမအုပ်စုကတော့ ပန်ကရိယအတုနဲ့ကုသမှုကို သီတင်းပတ်ရှစ်ပတ်ကြာခံယူပြီး နောက်ပိုင်းမှာ  နေ့စဉ်အင်ဆူလင်ထိုးဖို့လိုအပ်တဲ့ သမားရိုးကျကုထုံးနဲ့ပြောင်းလဲကုသမှုခံယူရပါတယ်။

ဒုတိယအုပ်စုက ပထမအုပ်စုနဲ့ပြောင်းပြန်ဖြစ်ပြီး  သမားရိုးကျကုထုံးကိုဦးစွာခံယူပြီး   သီတင်းပတ်ရှစ်ပတ် အကြာမှ ပန်ကရိယအတုနဲ့ကုသမှုကို ခံယူရပါတယ်။

သုတေသနပညာရှင်များဟာ ပန်ကရိယအတုများအနေနဲ့    ဘယ်လိုဘယ်ပုံထိရောက်မှုရှိစွာ အလုပ်လုပ်တယ် ဆိုတာကို သိနိုင်စေဖို့အတွက် တိုင်းတာမှုအမျိုးမျိုးကို အသုံးပြုခဲ့ကြပါတယ်။

ပထမတိုင်းတာမှုကတော့ လူနာများအနေနဲ့ သတ်မှတ်သွေးတွင်းသကြားဓာတ်ပမာဏနဲ့ အချိန်ဘယ်လောက်ကြာတဲ့ အထိနေနိုင်လဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။

ပန်ကရိယအတုအသုံးပြုတဲ့   လူနာများအနေနဲ့ သတ်မှတ်သွေးတွင်းသကြား ဓာတ်ပမာဏနဲ့   နေနိုင်ချိန်ဟာ သမားရိုးကျ  ကုထုံးအသုံးပြုသူလူနာများထက် နှစ်ဆပိုများတာကို တွေ့ရပါတယ်။

ဒုတိယတိုင်းတာမှုက သွေးတွင်းသကြားဓာတ်    ပုံမှန်ထက်မြင့်မားတဲ့ပမာဏနဲ့ အချိန်ဘယ်လောက်ကြာကြာ နေရလဲဆိုတဲ့ အချက်ပါပဲ။   သွေးတွင်းသကြားဓာတ်ပမာဏပုံမှန်ထက်မြင့်မားတဲ့ အချိန်ကြာမြင့်လေလေ နောက်ဆက်တွဲကျန်းမာရေးအကျိုးဆက်ဆိုးဝါးလေလေပဲ   ဖြစ်ပါတယ်။

ဒီနေရာမှာဆိုရင်လည်း    ပန်ကရိယအတုအသုံးပြုသူလူနာများဟာ သမားရိုးကျကုထုံး အသုံးပြုသူ လူနာများထက်   သွေး တွင်းသကြားဓာတ်ပုံမှန်ထက်မြင့်မားတဲ့ အချိန်ကို ထက်ဝက်အထိလျှော့ချလိုက်နိုင်တာ တွေ့ရပါတယ်။

ဒါ့အပြင်    ပန်ကရိယအတုနဲ့အတူအသုံးပြုရတဲ့ အပလီကေးရှင်းက ဂလိုင်ကိတ်တက်ဟီမိုဂလိုဘင်လို့ခေါ်တဲ့ မော်လီ ကျူးပမာဏကိုလည်း  လျှော့ချပေးနိုင်ပါတယ်။

သွေးနီဥအတွင်းမှာ အောက်ဆီဂျင်ကိုသယ်ယူပို့ဆောင်ပေးတဲ့ ဟီမိုဂလိုဘင်ဆိုတဲ့ပရိုတိန်းက   သွေးတွင်းသကြားဓာတ်နဲ့ပေါင်းမိသွားတဲ့အခါ   အဲဒီမော်လီကျူးထွက်လာတာပါ။

လူတစ်ယောက်ဟာ ဆီးချိုရောဂါခံစားနေရခြင်းရှိ၊ မရှိကို အဲဒီမော်လီကျူးနဲ့တိုင်းတာတာဖြစ်ပါတယ်။ ဆီးချိုရောဂါ ရှိတဲ့သူတွေမှာ ဂလိုင်ကိတ်တက်ဟီမိုဂလိုဘင်ပမာဏမြင့်မားလေလေ    ဆီးချိုရောဂါကြောင့် ဖြစ်တဲ့   နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်နိုင်ခြေ  မြင့်မားလေလေပါပဲ။

ပန်ကရိယအတုကိုအသုံးပြုခြင်းက ဆီးချိုရောဂါသည်များအတွက် ဘေးကင်းစိတ်ချရမှုနဲ့ထိရောက်မှုရှိတဲ့ နည်းလမ်း တစ်ခုဖြစ်လာပါပြီ။ ဒါ့အပြင် ပန်ကရိယအတုကို မိမိတို့နေအိမ်မှာတင် အလွယ်တကူ အသုံးပြုနိုင်ပါတယ်လို့ သုတေသနပညာရှင်များကပြောထားပါတယ်။

အခုတော့ သိပ္ပံပညာရှင်များဟာ သူတို့ရဲ့တွေ့ရှိချက်အပေါ်အခြေခံပြီး နောက်ထပ်ဆီးချိုဝေဒနာသည် အများအပြားနဲ့ လက်တွေ့လေ့လာစမ်းသပ်မှုတွေ လုပ်ဆောင်သွားဖို့စီစဉ်နေပြီပဲ ဖြစ်ပါတယ်။

Ref: SciTech Daily