ကျိုက်မရောမြို့၊ အောင်ဓမ္မသိဒ္ဓိမဟာအောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲ ပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၉
    
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ အောင်ဓမ္မသိဒ္ဓိမဟာအောင်စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ဘုရားကြီး ကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ဇောတိကဓဇ ဘဒ္ဒန္တဝါရိန္ဒ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ ကျိုက်မရောဘုရားကြီးကျောင်းတိုက် ဆရာတော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
    
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာရထားပျံဖြင့် ပင့်ဆောင်၍ စေတီတော်အထွဋ်သို့ တင်လှူကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ သံဃာတော်များက အောင်ဓမ္မသိဒ္ဓိမဟာ အောင်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။
    
၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဘုရားကြီးကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။