ဖိလစ်ပိုင်နိုင်ငံ၌ ရေကြီးမှုဖြစ်ပွား အနည်းဆုံး ၁၇ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ၌ ရေကြီးမှုဖြစ်ပွား အနည်းဆုံး ၁၇ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ၌  ရေကြီးမှုဖြစ်ပွားခြင်း ကြောင့်  အနည်းဆုံးလူ ၁၇  ဦးသေဆုံး ပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ဇန်နဝါရီ ၁၃ ရက် တွင်ထုတ်ပြန်ထားသည်။

ထို့ပြင် ရေကြီးမှုအတွင်းပျောက်ဆုံးနေသူ နှစ်ဦးရှိကြောင်းနှင့် ရေဘေးဒုက္ခရောက် သူ ၅၂၃၀၀၀ ကျော်ရှိကာ လက်ရှိတွင် ဒုက္ခသည် ၇၁၄၀၀ ကို ကယ်ဆယ်ရေးစခန်းများ၌ထားရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။

အလားတူ ရေကြီးမှုကြောင့် လုံးဝပျက်စီးသွားသည့် နေအိမ် ၁၅၇ လုံးအပါအဝင် ထိခိုက်ပျက်စီးမှု ဖြစ်ပွားသည့် နေအိမ်အလုံး ၅၃၀ ခန့်ရှိကြောင်း၊ မြို့ပေါင်း ၄၀ ကျော်မှာ လျှပ်စစ်မီးပြတ်တောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

ရေကြီးမှုကြောင့်ပျက်စီးနေသည့် လမ်း ပိုင်း ၁၅၈ ခု၊ တံတား ၄၂ စင်း၊ ဆိပ်ကမ်း ၂၄ ခုအထိရှိကြောင်း၊ ထို့ကြောင့် မြို့ပေါင်း ၄၈၈ မြို့ရှိ   ပညာရေးကျောင်းများကို ပိတ်ထားရကြောင်း   ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဖိလစ်ပိုင်နိုင်ငံနှင့် ပတ်ဝန်းကျင်ဒေသများသည် ပုံမှန်အားဖြင့် ဇွန်လနှင့် ဒီဇင်ဘာ လအတွင်း မုတ်သုံရာသီကြောင့် ရေကြီးမှုများ၊ မုန်တိုင်းတိုက်ခတ်မှုများနှင့် လေဆင်နှာမောင်း တိုက်ခတ်မှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။

Ref: Sputnik