စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၃)

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၃)

အမှတ်စဉ်(၂၃)

    အောက်က ပြည်သူတွေကလည်း  သကြားအတွက် စီမံကိန်းကြံ စိုက်ရင်  ဈေးကောင်းမရလို့  တခြားသီးနှံတွေ   ပြောင်းစိုက်ခဲ့ရင်တောင်  အရေးယူခံနေကြရလို့ အုပ်ချုပ်သူတွေကို  အယုံအကြည်မဲ့နေခဲ့ကြတယ်။ သီးနှံတွေကလည်း ပေါ်ချိန်ဆိုဈေးကျတယ်။  ရှုံးတဲ့ဒဏ် ဘယ်သူမှဝင်မခံဘူး၊ လယ်သမားပဲခံရတယ်။  ဘာအထောက်အပံ့မှလည်း   ဒီ Renewable   အတွက်ပေးတာ မတွေ့ဘူး။ အဆင့်ဆင့်ဟာ အမိန့်ပေးစနစ်ကို ခင်တွယ်ပြီး  အကြောက်တရားကို   ကိုးကွယ်နေခဲ့ကြတယ်။

ခိုင်းတာလုပ်တဲ့ အဆင့်ပဲရှိတယ်။တိုက်တိုက်ဆိုင်ဆိုင် အပင်ရဲ့နာမည်က ကြက်ဆူဖြစ်နေပြန်တယ်။

ပြည်သူတွေကြားထဲမှာ ကောလာဟလတွေကလည်း  နားနဲ့မဆံ့အောင် လွင့်နေတယ်။ ပြည်သူကအုပ်ချုပ်သူတွေကို  ယုံကြည်မှုနည်းသလို  အုပ်ချုပ်သူကလည်း စနစ်တကျမလုပ်တော့ ဒီ Renewable စီမံချက်ကြီးဟာ လုံးဝသုံးစားလို့မရတဲ့ ကိစ္စလို့  ပြည်သူက   တလွဲထင်သွားခဲ့တယ်။   ယတြာလို့ ထင်သွားကြတယ်။ အဲ့ဒီတုန်းက ဒေသအာဏာပိုင်ဖြစ်နေခဲ့သူတွေဟာ နောင်မှာရာထူးတွေတိုးပြီး  ဒေသအစိုးရခေါင်း ဆောင်ဖြစ်သွားသလို ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေတောင် ဖြစ်သွားကြတယ်။ ဒါပေမဲ့  သူတို့ကိုယ်တိုင် ဘာမှဆက်မလုပ်ကြတော့ဘူး။ Biodiesel  ရော Bioethanol ပါ ကိစ္စတုံးသွားခဲ့တယ်။  ကမ္ဘာကြည့် မကြည့်ကြဘူး။

၂၀၁၄ - ၂၀၁၅ ခုနှစ်မှာ ပြည်ပကဝယ်သွင်းခဲ့တဲ့ လောင်စာဆီဖိုးက  အမေရိကန်ဒေါ်လာသန်းပေါင်း ၂၃၆၀ ဖိုး၊ ဂါလန်ပေါင်းက  ၇၆၇၆၃၄ ဖြစ်နေခဲ့ပြီ။ ဒီနေ့ထိဘာ Biofuel မှလည်း ရောဖို့ ရောစပ်သုံးစွဲဖို့ မူဝါဒလည်း မရှိသလို၊ ဥပဒေလည်းမရှိဆဲပဲ။  စက်မှုဝန်ကြီးဌာနမှာ အရှုံးပေါ်နေတယ်ဆိုပြီး ရပ်လိုက်တဲ့ စက်ရုံတွေကတော့  လက်ညှိုးထိုးမလွဲပါပဲ။  ဒီလိုပြန့်ကြဲနေတဲ့ အင်အားတွေ စက်ရုံတွေ အရင်းအနှီးတွေကိုစုပြီး အသုံးပြုရင် မရနိုင်ဘူးလား။ ပုဂ္ဂလိကတွေကိုလည်း  စနစ်တကျ အားမပေးတော့ အချို့ဒေသကတောင်သူတွေဆို ကြက်ဆူပင်တောင် မြင်ဖူးမယ်မထင်ပါဘူး။ ကြက်ဆူပြောလို့ ကြက်ဆူတစ်မျိုးတည်း စိုက်ရမယ်လို့ မဆိုလိုပါဘူး။  ကြံတို့၊  ပီလောပီနံတို့၊  ပြောင်းတို့ကလည်း Bioethanol ထုတ်ပေးနိုင်ပါတယ်။  သူ့ခေတ်နဲ့ သူမြေတွေကို  ဧကထောင်ချီ လုပ်ကိုင်ခွင့်ရထားသူတွေကို  အားပြုရင် မရနိုင်ဘူးလား။ ဒါကတော့ မိမိနိုင်ငံ အခြေအနေတွေပါ။  ဘယ်နေရာမှာ ဘာသီးနှံနဲ့ ကိုက်မလဲဆိုတာ ဒေသအာဏာပိုင်တွေနဲ့ ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ တာဝန်မဟုတ်ပါလား။ ထိပ်ဆုံးကပြောမှ ကောက်ရိုးမီးလို  ထလုပ်ကြတော့မှာလား။

ဒေသခံတွေ အပိုဝင်ငွေရအောင် ဒေသအာဏာပိုင်တွေက မကြိုးစား ကြတော့ဘူးလား။ လက်တစ်ကမ်းမှာ လုပ်လို့ရမယ့် အလုပ်တွေကို တစ်နိုင်ငံလုံး ညီညီညွတ်ညွတ်လုပ်ရင် မဖြစ်နိုင်ဘူးလား။

          ဒီ Biofuelူ နဲ့ Bioethanol  ကို အသေးစိတ် ရေးခဲ့တာဟာ မိမိနိုင်ငံမှာ အလုပ်လက်မဲ့တွေ များနေတယ်။ ကိုယ်လုပ်လို့ရတာတွေ ရှိနေပါလျက်  မလုပ်နိုင်တာ ဘာကြောင့်လဲ၊ ပြည်ပအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့အကူအညီကိုပဲ  ထိုင်စောင့်နေတော့မှာလား၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားသန်သူတွေကလည်း မိမိတို့ရထားတဲ့  နိုင်ငံတကာက အထောက်အပံ့တွေကို ဒီလိုနေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လက်တွေ့ကွင်းဆင်း အသုံးချကြပါတော့လား။   လယ်သမားတွေကို စည်းရုံးကြပါတော့လားဗျာ။  မိမိတို့ထက်သန်နေတဲ့  ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ကမ္ဘာကြီးပူနွေးမှုလျှော့ချရေး၊  ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှု ထိန်းသိမ်းရေး လှုပ်ရှားမှုတွေအတွက် လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေပြရင်း ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှုကိုလျှော့ချကြပါစို့လား။

အခန်း (၆)

ရေအားစွမ်းအင် (Hydro Energy)

    လွန်ခဲ့တဲ့နှစ်ပေါင်း ၂၄၀၀ ကျော်  (ဘီစီ-၄၀၀) လောက်ကစပြီး အိန္ဒိယနိုင်ငံမှာ  ရေစီးအားကိုသုံးပြီး ဘီးတွေလည်ခဲ့တယ်။ ရောမခေတ်မှာ  ဘီးလုံးတွေလည်စေပြီး ဆန်စက်၊ သစ်ခွဲစက်၊ ကျောက်ခွဲစက်တွေ ထွန်းကားခဲ့တယ်။ တရုတ်နိုင်ငံမှာ  ဟန်မင်းဆက်ခေတ် ရေအားကိုသုံးပြီး  လည်ပတ်တဲ့စက် (Watermills) တွေ ကျယ်ကျယ်ပြန့်ပြန့် သုံးနေခဲ့တယ်။ စိုက်ပျိုးရေ ရရှိရေးအတွက်  ရေတင်နိုင်အောင် လုပ်ခဲ့တယ်။ ဥရောပမှာ ဝေလပြည်နယ်ထဲက Dalaucothi  ဆိုတဲ့ ရွှေတူးဖော်ရေး လုပ်ငန်းမှာ ရေအားကိုသုံးပြီး တူးဖော်တဲ့အလုပ်ကို   အေဒီ ၇၅   လောက်ကစခဲ့တယ်။ နောက်ပိုင်းမှာ  စပိန်က  Las Medulas Mine၊ အမေရိကန်က Califonia Gold Mine တွေမှာ ဒီနည်းကို သုံးခဲ့ကြတယ်။

နည်းပညာ တိုးတက်လာပြီ

ရေအားဘီးလုံးတွေကနေ တစ်ဆင့်မတက်နိုင်ဘဲ နှစ်ပေါင်းထောင်ချီ ရပ်တန့်နေရာမှ ၁၇၅၃ ခုနှစ်မှာ ပြင်သစ်အင်ဂျင်နီယာ  Bernard Forest de Belidor က ဒေါင်လိုက် (Vertical) နဲ့ ရေပြင်ညီ ( Horizontal) ဝန်ရိုးတပ် ရေအားသုံးစက် (Hydraulic Machine) ကို တီထွင်ခဲ့တယ်။ 

၁၇၆၇  ခုနှစ်ရောက်တော့  အင်္ဂလန်နိုင်ငံသား   Sir   Richard Arkwright  က Water Frame  လို့ခေါ်တဲ့ ရေအားနဲ့ အားလုံးချိတ်ဆက် လည်ပတ်မယ့် စက်ရုံတစ်ရုံစပြီး စမ်းသပ်ခဲ့တယ်။ ဒီစက်ရုံက ချည်မျှင်စက်ရုံပဲ။ ဟိုအရင်တုန်းက မြင်းတစ်ကောင်ကို   တစ်ချိန်လုံး အပြေးခိုင်းထားပြီး  ဝါလုပ်ငန်းစက်ကို  လှည့်ရာကနေ  ရေအားနဲ့လှည့်တဲ့စနစ်ကို ပြောင်းခဲ့တယ်။ ၁၇၆၈ ခုနှစ်မှာ  စက်ရုံစပြီး လည်ပတ်တယ်။ ၁၇၇၁ ခုနှစ်ရောက်တော့ အင်္ဂလန် Derbyshire မှာ အကြီးဆုံး ချည်မျှင်စက်ရုံကြီး ဖြစ်သွားခဲ့တယ်။ နောက်တော့မှ ဂျာမနီ၊  အမေရိကန်တို့ထိ နည်းပညာ ပြန့်သွားခဲ့တယ်။  အခုထက်တိုင်   အင်္ဂလန်မှာ Derwent  Valley Mills  ဆိုပြီး ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်အဖြစ် ပြသခံထားရတဲ့  ရေအားသုံးချည်မျှင် စက်ရုံအဖြစ်  ရှိနေပါသေးတယ်။

ဆက်လက်ဖော်ပြပါမည်။