နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်နယ် အားကစားကွင်းအတွင်း မီတာ(၄၀၀) Synthetic ပြေးလမ်းနှင့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး အားကစားခန်းမတို့ကို ဖွင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်နယ် အားကစားကွင်းအတွင်း မီတာ(၄၀၀) Synthetic ပြေးလမ်းနှင့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး အားကစားခန်းမတို့ကို ဖွင့်လှစ်

    ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက်  ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊  ဦးစိုင်းလုံးဆိုင်၊   ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ဒုတိယဝန်ကြီး   ဒေါက်တာအောင်ဇေယျ၊ ဒုတိယဝန်ကြီး   ဒေါက်တာအေးထွန်းနှင့် တာဝန်ရှိသူများသည်  ယနေ့နံနက်  ၉ နာရီတွင် ဘားအံမြို့၊ ပြည်နယ်အားကစား ကွင်းအတွင်း   မီတာ(၄၀၀) Synthetic  ပြေးလမ်းနှင့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး အားကစားခန်းမတို့ကို    ဖွင့်လှစ်ပေးကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည် မြင့်မားစေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေး၊   ပြေးခုန်ပစ်အားကစား အဆင့်အတန်းမြင့်မားလာစေရေးနှင့်  မျိုးဆက်သစ် အားကစားသမား ပေါ်ထွန်းလာစေရေး၊ မြို့နယ်၊  ခရိုင်၊  ပြည်နယ်အဆင့်မှသည် အာဆီယံပြိုင်ပွဲများနှင့် နိုင်ငံတကာပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်စေရေး တို့ကို ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ အားကစားကဏ္ဍကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ပေးထားသော  မီတာ(၄၀၀) Synthetic ပြေးလမ်းပါ   အဆင့်မြင့်အားကစားကွင်းကြီးကို  ဌာနဆိုင်ရာများ၊  မိဘပြည်သူများ၊ အားကစားဝါသနာရှင်များက ဆက်လက်၍ ဝိုင်းဝန်းထိန်းသိမ်းပေးရန် လိုအပ်မည်ဖြစ် ကြောင်း ပြောကြားသည်။

ထို့နောက်  မီတာ(၄၀၀) Synthetic  ပြေးလမ်းအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်    ပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး   အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊   တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များ၊ အားကစားသမားများနှင့် အတူမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး    မီတာ(၄၀၀) ပြေးလမ်းနှင့် အားကစားကွင်းကို   ကြည့်ရှု ကြသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ ဖျော်ဖြေတင်ဆက်သော ပန်းပွားအကနှင့် Fitness Dance သရုပ်ပြဖျော်ဖြေမှုများ၊ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုများကို ကြည့်ရှုအားပေးကြပြီး    နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က  ဆုရအားကစားသမားများနှင့် အကသရုပ်ပြအဖွဲ့တို့ကို  ဂုဏ်ပြုဆုများချီးမြှင့်ကြသည်။

ဆက်လက်၍  နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် တို့က ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေး အားကစားခန်းမကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အားကစားခန်းမအတွင်း ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေး  အားကစားပစ္စည်းများ သရုပ်ပြ အသုံးပြုနေမှုများကို  လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။